Thursday, November 7, 2019

ရခိုင်ပဋိပက္ခက တရုတ်ပိုးခါးပတ်လမ်းမကြီးဖော်ဆောင်ဖို့ အခွင့်ကောင်းဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-07
 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ် Photo: RFA 
 
တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စီးပွားရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့ အ တွက် Belt and Road Initiative (BRI) ပိုးခါးပတ်လမ်းမကြီး စီမံကိန်းကနေတဆင့် ဖော်ဆောင်ဖို့ ကြိုးစား လာတယ်လို့ Transnational Institute အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ တပ်မတော် ရှင်းလင်းရေး စစ်ဆင်ရေး ကြောင့်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ ဆက်ဆံရေး အက်ကြောင်းဖြစ်လာတဲ့အချိန်၊ တရုတ်ဟာမြန်မာ နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ အခွင့်ရေးတစ်ရပ်ဖြစ်သွားတယ်လို့လည်း TNI အဖွဲ့က ပြောပါတယ်။

BRIရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စီမံကိန်း လေးခုကိုလည်း မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်ပြီးဖြစ်ကြောင်း၊ အဲဒီ လေးခုက မြန်မာ-တရုတ်နှစ်နိုင်ငံ လျှပ်စစ်ဓါတ်အားသွယ်တန်းခြင်း စီမံကိန်း၊ တရုတ်-မြန်မာ မြန်နှုန်း မြင့်ရထားလမ်း စီမံကိန်း၊ တရုတ်-မြန်မာ ကုန်းလမ်းနဲ့ ရေလမ်းဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းနဲ့ အ ထူး စီးပွားရေးဇုန် စီမံကိန်းတို့ဖြစ်တယ်လို့ TNI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CMEC မှာ ဘယ်လိုလုပ်ငန်းတွေ ပါဝင်မယ်ဆိုတာကို ရှင်းလင်းမှု မရှိပေမယ့် BRI တံဆိပ်ကပ်ပြီး လုပ်ငန်း များစွာ မြန်မာနိုင်ငံ ဆောင်ရွက်နေပြီဖြစ်ကြောင်း TNI က ဆိုပါတယ်။

စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ် ပြန်ပေးဖို့ လိုအပ်တယ်လို့ စိမ်းလန်းအမိမြေ ပတ်ဝန်းကျင်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

အငြင်းပွားမှုတွေ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားထဲမှာ တရားဝင် ဥပဒေ ရေးဆွဲပြီး အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေပါနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှ BRI မှာပါ လာနိုင်မယ့် ဆိုးကျိုးတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အဓိက တရုတ်နိုင်ငံကရှိတဲ့ ကုမ္မဏီအကြီးတွေကို ထိန်းကျောင်းဖို့ခက်တယ်။ သူတို့က ဝန်ကြီးဌာနထက်ကို ကြီးနေတော့။ နားထောင်ရင်လည်း နားထောင်မယ်။ နားမထောင်ချင်လည်း နားမထောင်ဘူး။ သူတို့ဥပဒေနဲ့ မညီလုပ်တဲ့ ကိစ္စတွေကို ပြောဖို့ကျတော့ ဘယ်လိုသွားပြောမလဲဆိုတာ ခက်နေတယ်”

ဆက်လက်ပြီးသူက မြန်မာနိုင်ငံနဲ့ နယ်မြေထိစပ်နေတဲ့ ယူနန်တို့ ဆက်စပ်ပြည်နယ်က တရုတ် ကုမ္မဏီ အ သေးတွေဟာလည်း တရုတ်ရဲ့ ဥပဒေကို မလိုက်နာဘဲ စီးပွားရေးအရ အမြတ်အစွန်း တစ်ခုတည်းကိုပဲ ဦး တည်ဆောင်ရွက်လေ့ရှိတာကြောင့် အဲဒီကုမ္ပဏီတွေကိုပါ ဘယ်လိုထိန်းကျောင်းမလဲဆိုတာ မြန်မာအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ပြောပါတယ်။

BRI စီမံကိန်းအများစုဟာ ပဋိပက္ခဒေသမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ဒီဒေသတွေဟာ လူ့အသိုင်း အဝန်း ကြား လက်နက်ကိုင် ပဋိပက္ခဒဏ်ခံ ဒေသတွေဖြစ်ကြောင်း TNI က ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ လက်ရှိ ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပြီးတော့ BRI ကို ထိခိုက်မှုရှိလာမလားဆိုတဲ့ မေးခွန်းကလည်း ပေါ်ထွက်နေပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ မြန်နှုန်းမြင့် ရထားလမ်းဟာလည်း ရှမ်းပြည်နယ်ထဲက တအာင်းလက်နက်ကိုင် TNLA ထိန်းချုပ်ရာ ဒေသကိုဖြတ် သန်း သွားရမှာဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အနေနဲ့ လက်ရှိပဋိပက္ခတွေအပေါ် ဆိုးကျိုးသက်ရောက်မှု မရှိစေဖို့ အရေးကြီးပြီး စီမံ ကိန်းတွေကို ကာကွယ်ဖို့ စစ်အင်အားတိုးချဲ့တာတွေ မလုပ်သင့်ဘဲ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို ပို ဆိုးမသွားစေဖို့ လိုတယ်လို့ TNI က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အနေနဲ့က နိုင်ငံတကာရေးရာတွေထက် သူ့စီးပွားရေးကိုသာ ဦးစားပေးပြီးတော့ ဆက်လုပ်နေမယ့် သဘောရှိတယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။ BRI လမ်းကြောင်းပေါ်မှာရှိနေတဲ့ ရှမ်းပြည် နယ် မြောက်ပိုင်း တိုက် ပွဲတွေ မရပ်နိုင်သေးတာဟာ တရုတ်အတွက် အခက်အခဲတစ်ခုဖြစ်တယ်လို့လည်း သူက ရှုမြင်ပါတယ်။

“တကယ်တမ်းက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လမ်းကြောင်းက မူဆယ် လားရှိုး မန္တလေး လမ်းကြောင်းမှာ ဖြစ်နေတာ။ အဲဒါအတွက်ပဲ သူစိတ်ပူနေပြီးတော့ အဲဒါအတွက်ပဲ သူကြိုးစားနေတာ။ တကယ်တမ်းက မန္တလေးကနေ ကျောက်ဖြူအထိက ဘာတိုက်ခိုက်မှု ပဋိပက္ခမှ မရှိဘူး”

မြန်မာပြည်ကို BRI ဖြတ်သန်းဖို့အတွက် တရုတ်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခ္ခမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်း သား လက်နက်ကိုင်တပ်တွေ စစ်အားတိုးချဲ့တာကို အားမပေးကြောင်းနဲ့၊ နှစ်ဖက်အဆင်ပြေရေး ညှိနှိုင်းစေ့စပ်ပေးတဲ့ နည်းလမ်းနဲ့သွားနေတယ်လို့ သူက သုံးသပ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းတုန်းက မြောက်ပိုင်းလေးဖွဲ့ကို တရုတ်ပြည်ထဲခေါ်ယူပြီးတော့ ငြိမ်းချမ်းရေး ဆက် လက်ဆွေးနွေးဖို့ ပြောဆိုခဲ့တာရှိပြီးတော့၊ မနေ့တုန်းကလည်း နေပြည်တော်မှာ အစိုးရငြိမ်းချမ်းရေး ကိုယ် စား လှယ်အဖွဲ့ကို ဒေါ်လာ လေးသိန်း လှူဒါန်းခဲ့ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */