" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 28, 2019

ရခိုင်ပဋိပက္ခအတွက် ဒီပလိုမေစီ

The Voice Weekly
The Voice Weekly Journal
by Sep 14, 2017

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှ မွတ်ဆလင်များ အကြမ်းဖက်ခံရမှုဓာတ်ပုံများဟုဆိုကာ အခြားနိုင်ငံများမှ ရုပ်ပုံများကို ကမ္ဘာ့အလျင်မြန်ဆုံး လူမှုကွန်ရက်ဖြစ်သည့် တွစ်တာ (twitter) ၌ အသုံးပြုဖြန့် ဝေခဲ့သည့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏လုပ်ရပ်အား ဖော်ထုတ်လိုက်နိုင်ခြင်းသည် အမှန်စစ်စစ်အားဖြင့် မြန်မာတို့၏ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်ကလည်း နိုင်ဂျီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုရုပ်ပုံများကိုမောင်တော မှ မွတ်ဆလင်ကျေးရွာများ မီးရှို့ခံရသည့်ရုပ်ပုံများအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံ မြေငလျင်ဘေးကြောင့်သေဆုံး ရသူများ၏ အတုံးအရုံး ရုပ်အလောင်းများကို မောင်တောဒေသမှ မွတ်ဆလင်များ၏ ရုပ်အလောင်း များအဖြစ်လည်းကောင်း၊ ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် မေတ္တာမွန်ရပ်ကွက် ကုန်လှောင်ရုံများ မီး လောင် မှုရုပ်ပုံများကို မောင်တောဒေသမှ ရုပ်ပုံများအဖြစ်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသော စက်လှေစီးလုံးပြည့် ဒုက္ခသည်များကို မြန်မာနိုင်ငံမှ ထွက်ခွာလာသူများအဖြစ် လည်း ကောင်း စသ ဖြင့် အမျိုးမျိုးပုံဖော်ကကမ္ဘာ သို့တင်ပြဖို့ ကြိုးပမ်းခဲ့ကြသော်လည်း နောက်ဆုံး၌ အမှန်တရားမှာ ဘူးပေါ် သလို ပေါ်ခဲ့ရသည်။ နည်ပညာ တိုးတက်နေသောခေတ်၌ ဖေ့စ်ဘွတ်ခ်၊ တွစ်တာကဲ့သို့ လျင်မြန်စွာ ဖြန့်ဝေ ပေးနိုင်သော ဆိုရှယ်မီဒီယာများထွန်းကားနေသကဲ့သို့ တစ်ဖက်၌လည်း လုပ်ကြံဓာတ်ပုံများကို မည်သည့် နေရာ၌ မည်သည့်အချိန်က မည်သည့် ကင်မရာအမျိုးအစားဖြင့် ရိုက်ကူးခဲ့သည်ကို ဆန်းစစ်ဖော်ထုတ်နိုင် သည့် နည်းပညာများလည်း အပြည့်အစုံ ရှိနေပြီဖြစ်သည်။

သေချာသည်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသော အခြေအနေများအား တစ်စိတ်ကို တစ်အိတ် လုပ်ကာ ပုံကြီးချဲ့ဖြန့်ဝေခြင်း၊ မဟုတ်မမှန်လုပ်ကြံ ဖြန့်ဝေခြင်းများ၌ ယခု တူရကီဒုတိယ ဝန်ကြီးချုပ်သည် ပထမဆုံးကျူးလွန်သော ပုဂ္ဂိုလ်မဟုတ်ဆိုခြင်းပင်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေမှုကြောင့် သာ ဖြစ်ရပ်အချို့ကို ခြေရာခံဖော်ထုတ်မိခြင်းဖြစ်သော်လည်း ကမ္ဘာ့မွတ်ဆလင်နိုင်ငံအများစု၌ အသုံးပြုနေသော အာရဗီအပါ အဝင် အခြားသောဘာသာရပ်ပေါင်းများစွာဖြင့် ဖြန့်ဝေမှု များလည်းရှိနိုင်သဖြင့် အားလုံး ကို ခြေရာခံဖော်ထုတ်ရန်မှာမူ မလွယ်ကူနိုင်ပေ။

ယခု ၂၀၁၇ ခုနှစ်၌ ရခိုင်ဒေသ၌ဖြစ်ပွားသော အကြမ်းဖက်မှုအထိ ဆိုးဝါးလာသောပဋိပက္ခမှာ မြန်မာတို့အ တွက် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသော်လည်း ကံကောင်းသောအားသာချက်တစ်ခုမှာ ပြည်ပအဖွဲ့ အစည်းများ၏ ခြေထိုးမှု၊ လုပ်ကြံသတင်းဖြန့်ဝေမှု၊ တွစ်တာကဲ့သို့ အလျင်မြန်ဆုံး လူမှုကွန်ရက်များဖြင့် ကမ္ဘာ သို့ဖြန့်ချိနေမှုများကို ယခင်ကထက် ထဲထဲဝင်ဝင် ပိုမိုသိမြင်လာကြခြင်းဖြစ်သည်။ မဟုတ်မမှန် သတင်းများ ဖြန့် ချိနေသည့် နိုင်ငံ ခြားသားအချို့ကို အင်္ဂလိပ်ဘာသာဖြင့်ပင် လိုက်လံတုံ့ပြန်ရှင်းပြနိုင်သည့်အဆင့်အထိ မြန်မာများ တိုးတက်လုပ် ဆောင်လာနိုင်ကြခြင်းမှာ ခေတ်အမီဆုံး ဒီပလိုမေစီနည်းနာကျင့် သုံးနိုင်မှု ဥပမာ တစ်ခုဖြစ်သည်။ လက်ဆယ်ချောင်းမပြည့်သော နိုင်ငံခြားသားအချို့က ရခိုင်အရေးကို မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော အိုအိုင်စီနိုင်ငံများ၊ အမေရိကန်နှင့် အီးယူနိုင်ငံများသိရှိအောင် လုပ်ဆောင်နေ ကြခြင်းဖြစ်သည်ကို ဆိုရှယ်မီဒီယာအသုံးပြုသည့် မြန်မာများ တွင်တွင်ကျယ်ကျယ် သိရှိလာကြသည်။

စင်စစ်၌ မြန်မာနိုင်ငံ၌ ပေါ်ပေါက်နေသည့် အခြေအနေမှန်များအား မလေးရှား၊ အင်ဒိုနီးရှား စသည့်ဒေသတွင်းနိုင်ငံများပင် ဂဃနဏ မသိရှိနိုင်ခဲ့လျှင် နိုင်ဂျီးရီးယား၊ လက်ဘနွန်၊ ယီမင်၊ ပါလက်စတိုင်းစသည့် အခြားသော ဝေးကွာလှမ်းသောအရပ်ဒေသရှိ အိုအိုင်စီနိုင်ငံများအနေနှင့် သိရှိရန် ပို၍ပင်မလွယ်ကူလှပါ။ အဆိုပါ နိုင်ငံများအနေဖြင့် တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တို့မှ တူရကီဒုတိယဝန်ကြီးချုပ်ကဲ့သို့ လုပ်ကြံပုံကြီးချဲ့ ဖြန့်ဝေသူ များကြောင့်သာ မြန်မာနိုင်ငံအစိုးရကို စိတ်နာသည့် လေသံများဖြင့် သံယောင်လိုက် ပြစ်တင်ပြောဆိုနေကြ ခြင်းဖြစ်သည်။

နောက်ထပ်အရေးကြီးသည့် အချက်တစ်ခုမှာ နိုင်ငံခြားသတင်း မီဒီယာများမှ တင်ပြဖြန့်ချိမှုများကြောင့် ရခိုင်ပဋိပက္ခမှာ ကမ္ဘာသို့ ပိုမို ပျံ့နှံ့သွားခဲ့ရပြီးနောက်၊ မြန်မာလူမျိုးတို့၏ ပုံရိပ်၊ ဗုဒ္ဓဘာသာပုံရိပ် ထိခိုက်ညှိုး နွမ်းရခြင်း ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ပါက ရခိုင်ပဋိပက္ခစတင်ခဲ့သည့် သမ္မတ ဦး သိန်းစိန်အစိုးရလက်ထက်မှ ယနေ့အထိတိုင် အစိုးရအနေနှင့် မီဒီယာဒီပလိုမေစီကို ထိရောက်စွာ အသုံး မပြုနိုင်သော အားနည်းချက်ကြောင့်ဟုဆိုနိုင်သည်။

အဆိုပါ နိုင်ငံခြား သတင်းမီဒီယာအများစုသည် မောင်တောဒေသ၌ နေထိုင်သော လူများစုမှာ ရခိုင်တိုင်းရင်းသား များလော၊ မွတ်ဆလင်များလောပင် တိတိကျကျသိသူများ မဟုတ်ကြပေ။ သို့သော် ရခိုင်ဒေသ မိုးမီးလောင်နေသည့် သတင်းများကို ကမ္ဘာသို့ဆွဲဆောင်တင်ပြနိုင်ရေးမှာ အဓိက မက်လုံးဖြစ်သည်။ အခြား အလှူရှင်ဝင်ငွေဖြင့် ရပ်တည်ရသော နိုင်ငံခြားအဖွဲ့အစည်းအချို့၏ ရပ်တည်ချက်မှာလည်း ထို့နည်းလည်း ကောင်းပင်။ ရန်ပုံငွေ၊ အလှူငွေ များများရရှိရေးသာ အဓိကဖြစ်ပြီး မြန်မာပြည် မျက်ဖြူဆိုက်လေ၊ ယင်းတို့အ လုပ် ပိုတွင်ကျယ်လေသာ ဖြစ်သည်။ အဖွဲ့အစည်းအားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံးမဆိုလိုပါ။

အမှန်စင်စစ်၌ ရခိုင်ပဋိပက္ခကို ရေးသားမည့်သတင်းထောက်များ၊ လူ့အခွင့်အရေး အခြေအနေများကို လေ့လာမည့်သူများအနေနှင့် စစ်တွေမြို့လောက်အထိသာ သွားရောက်ကာ ရေးသားရုံဖြင့် အခြေအနေမှန် မသိနိုင်ပါ။ ဘူးသီးတောင်၊ မောင်တောအထိ သွားရောက်နိုင်ပါမှ အခြေအနေမှန်များကို အကဲခတ်သိရှိလာနိုင် မည်ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့မှသော်လည်းကောင်း၊ ပြည်ပနိုင်ငံတစ်ခုခုမှသော်လည်းကောင်း ရှုပ်ထွေးလှသော ရခိုင်ပြည် နယ် ပြဿနာများကို ချည်းကပ်ရေးသားမည်ဆိုပါက ဖြစ်ရပ်မှန်များနှင့် ပို၍တက် တက်စင် အလှမ်းဝေးသွားမည်သာ ဖြစ်သည်။ သို့ကြောင့် မြေပြင်အခြေအနေများကို သတင်းမီဒီယာများ သွားရောက်လေ့လာနိုင်စေရန်တွင်တွင်ကျယ်ကျယ် လမ်းဖွင့်ပေးခြင်းအားဖြင့် ဖြစ်ရပ်မှန်၊ အခြေအနေမှန် များကို အစိုးရကိုယ်တိုင်၊ တပ်မတော်ကိုယ်တိုင် ဝင်ရောက်ရှင်းပြနေရန် မလိုအပ်တော့ပေ။

နိုင်ငံတကာအမြင်၌ အစိုးရနှင့် အစိုးရကိုယ်စားပြု အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ရှင်း လင်းချက်များ ကို သဘာဝအားဖြင့် ဝါဒဖြန့်ချိရေး (Propaganda) ဟုသာသဘောထားပြီး ယုံကြည်မှုနည်းပါးလေ့ရှိ ကြသေကြောင့် အစိုးရအနေနှင့် မီဒီယာဒီပလိုမေစီအား နားလည်စွာဖြင့် ပုဂ္ဂလိကမီဒီယာများကို လမ်းဖွင့်ကျင့်သုံး ခြင်းအားဖြင့် များစွာထိရောက်အကျိုးရှိနိုင်သည်။ သေချာသည်မှာ ရခိုင်ပဋိပက္ခကို တပ်မတော် သို့မဟုတ် အစိုးရ၏ ကြိုးပမ်းမှုသက်သက်ဖြင့် နိုင်ငံတကာ နားလည်ကျေနပ်အောင် ဖြေရှင်း၍မရနိုင်ဆိုသည်ကို နား လည်သဘော ပေါက်ရန်ဖြစ်သည်။

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခဖြစ်စဉ်များအတွင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက် ဦး စသည့် ရခိုင်ပြည်နယ် တစ်နံတစ်လျားသို့ အကြိမ်ကြိမ်လှည့်လည်သွားရောက်လေ့လာခွင့်ကြုံ ခဲ့သည်။ မှတ်မှတ်ရရဖြစ်ရပ်တစ်ခုမှာ စစ်တွေမြို့ပြင်တစ်နေရာရှိ စစ်တွေတက္ကသိုလ်အနီး ဘုမေရပ်ကွက်နှင့် မဝေး ကွာလှသော ရခိုင်ကျေးရွာလေးနှင့် မွတ်ဆလင်ကျေးရွာလေးအကြောင်း ဖြစ်သည်။ ထိုရွာလေးနှစ်ရွာမှာ နှစ်ပေါင်းများစွာ တစ်ရွာနှင့်တစ်ရွာ အမှီသဟဲပြုနေထိုင်ခဲ့ရသည်။ ရခိုင်ကျေးရွာ၌ သောက်ရေတွင်းရှိသော ကြောင့် မွတ်ဆလင်ရွာလေး ၌ နေထိုင်သူများက ရခိုင်ကျေးရွာ၌ ရေသွားငင်လေ့ရှိကြသည်။

မွတ်ဆလင်ကျေးရွာ၌ ဈေးရှိသောကြောင့် ရခိုင်ရွာ၌ နေထိုင်သူများက ဈေးသွားဝယ် လေ့ရှိကြသည်။ ပဋိပက္ခ များဖြစ်ပွားသောအခါ တစ်ဖက်နှင့်တစ်ဖက် သံသယများကြောင့် မွတ်ဆလင်ရွာလည်း ရေငတ်ရသလို၊ ရခိုင်ရွာလည်း ဈေးမဝယ်နိုင်ကာ စားစရာမရှိ အခက်ကြုံရလေတော့သည်။ စစ်တွေမြို့ ဈေးကြီးထဲ၌လည်း အလားတူပင်။ ပဋိပက္ခများကြောင့် မွတ်ဆလင်ဆိုင်ခန်းများ ပိတ်ထားသည်။ ဈေးကြီးထဲ၌ ရခိုင်ဈေးသည် အမျိုးသမီး၏နဘေး ၌ နှစ်ပေါင်းများစွာအတူရှိသော မွတ်ဆလင်ဈေးသည် အမျိုးသမီးမှာ ဆိုင်လာမထွက် နိုင်တော့။ သူတို့ကြားမှာ တစ်နည်းနည်းဖြင့် သံယောဇဉ် ငြိတွယ်မှုရှိနေခဲ့ကြသည်။ လူမျိုးမတူ၊ ဘာသာမတူ ညီသော်လည်း တစ်နည်းနည်းဖြင့် အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ ပဋိပက္ခများဖြစ်ပြီးနောက် စစ်တွေမြို့ ၌ အောက်ခြေသိမ်းအလုပ်လုပ်သော မွတ်ဆလင်များ ထွက်ပြေးသွားသဖြင့် ဆိုက်ကားနင်းသူ၊ ငါးရွေးသူများ ပင် မရှိတော့သောကြောင့် အခက်ကြုံရသူများမှာ ရခိုင်များသာဖြစ်သည်။ ယင်းကဲ့သို့ ရခိုင်ပြည်နယ်၌ မတူ ညီသော လူမှုအသိုင်းအဝိုင်းနှစ်အခုအကြား နှစ်ပေါင်းများစွာ အပြန်အလှန် အမှီသဟဲပြုနေခဲ့ကြသည့် ဖြစ် ရပ် များမှာ ပြည်နယ်တစ်နံတစ်လျားတွင် အခိုင်အမာရှိခဲ့သည်။ ယနေ့ ရခိုင်ခေါင်းဆောင်အချို့ပင် ငယ်ရွယ် စဉ်က ကျောင်းနေဖက် မွတ်ဆလင်မိတ်ဆွေ ငယ်သူငယ်ချင်းများနှင့် လည်ပင်းဖက်ကာ အတူတကွကြီးပြင်း လာ ခဲ့ကြသူများ ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း မောင်တောမှ မွတ်ဆလင် အကြမ်းဖက်သမားများကို မွတ်ဆလင်ကျေးရွာ သားများကိုယ်တိုင် ဖမ်းဆီးပေးသည့်သတင်းမှာ မင်္ဂလာရှိလှသည်။ ဒေသခံရွာသားများကိုယ်တိုင် အကြမ်း ဖက်မှုအားဆန့်ကျင်ကြောင်း လက်တွေ့ပြသလိုက်သည့် လုပ်ရပ်ဖြစ်သည်။ ပြည်မမှ မွတ်ဆလင်အများစု သည်လည်း ချီးကျူးဖို့ကောင်းသည်။ အနေအထိုင်တတ်ကြသည်။ ရခိုင်ပြဿနာ ပြည်မသို့ ယနေ့အထိ ကူးစက်မလာအောင် ပြည်မရှိမွတ်ဆလင်များ အထူးသတိ ထားဆင်ခြင်နေထိုင်သည်မှာ အသိအမှတ်ပြု စရာ ဖြစ်သည်။

အမှန်စင်စစ် ရခိုင်ပဋိပက္ခမှာ သွေးရိုးသားရိုးဆိုပါက ယခုလောက်အထိ ကမ္ဘာသိ ကျယ်ပြန့်သွားစရာမရှိ။ ခြေထိုးသူများကြောင့်သာ အပြစ်မဲ့ဒေသခံမွတ်ဆလင်များရော၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများပါ ကိုယ် ကျိုးနည်းနေကြရသည်။ ယုံကြည်မှုပျက်ပြားသွားခဲ့ရသည်။ ယင်းခြေထိုးလုပ်ကြံမှုများကို ရခိုင်ခေါင်းဆောင် အချို့က ပြည်ပမှ လှုပ်ရှားလာသော Islamization (အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်ရန် ရည်ရွယ်လှုပ်ရှားမှု) ဟု ခေါင်းစဉ်တပ်ကြ သည်။ ရိုဟင်ဂျာအမည်သုံးကာ ရခိုင်နယ်မြေကို သိမ်းပိုက်မည်ကို စိုးရိမ်နေကြသည်။ မည်သို့ပင်ဆိုစေ သေချာ သည်မှာ အပြစ်မဲ့ဒေသခံမွတ်ဆလင်အများစုမှာ ပညာမတတ်ကြပေ၊ ဆင်ခြင် တုံ တရား နည်းပါးလွန်းကြသည်။ ဆင်းရဲကျပ်တည်းလွန်းသဖြင့် အားကိုးထွက်ပေါက်ရှာနေကြသည်။ သူတို့ကို စည်းရုံးသိမ်းသွင်းရ လွယ်ကူသည်။ မက်လုံးအမျိုးမျိုးတို့ကြောင့် သူတို့ကိုယ်သူတို့ ဘင်္ဂါလီလို့ သိထားကြ သူ များ သည်ပင် ရိုဟင်ဂျာဇာတ်သွင်းလာသောအခါ မသိနားမလည်မှုများစွာတို့ကြောင့်ပင် လက်ခံလိုက်ကြ သည်။ အများစုမှာ နောက်ကွယ်က အာဂျန်ဒါ အစီအစဉ်များကို ဂဃနဏ နားလည်သိရှိသူများ မဟုတ်ကြ။ အသုံးချခံများ သက်သက်သာဖြစ်သည်။ အစိုးရ၏ နောက်ထပ်အားနည်းချက်တစ်ခုမှာ အာဏာပိုင်များ နှင့် နီးစပ်သော မွတ်ဆလင်ကျေးရွာခေါင်းဆောင် ဆယ်အိမ်မှူး ရာအိမ်မှူးများ တဖြုတ်ဖြုတ် သတ်ဖြတ်ခံနေရမှု များ ကို အကာအကွယ်မပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအခြေ အနေများကြောင့် ပြင်ပအကြမ်းဖက်သမားများ အနေနှင့် အကြောက်တရား လွှမ်းမိုးနေသော ဒေသခံများကို အလွယ်တကူစည်းရုံးထိုးဖောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချက်များကို နားလည်သဘောပေါက်ပါက ရခိုင်များအပါ အဝင် မြန်မာအများစုအနေနှင့် ကမ္ဘာ့မီဒီယာ များ၊ အဖွဲ့အစည်းများကို အမုန်းဖြင့်၊ စိတ်ခံစားမှုဖြင့် တုံ့ပြန်မှုနည်းပါးလာမည်ဖြစ်ပြီး ဒီပလိုမေစီနည်းဖြင့် မည်သို့ကျော်လွှားအနိုင်ယူမည်ဆိုသည်ကို ပရော်ဖက်ရှင်နယ်ကျကျ ဆင်ခြင်စဉ်းစား တုံ့ပြန်လာနိုင်ပေမည်။ အနိမ့်ဆုံးအဆင့် တွစ်တာ၊ ဖေ့စ်ဘွတ်ခ်မှ မဟုတ်မမှန်လုပ်ကြံသတင်းဓာတ်ပုံ ဖြန့်ဝေနေသူများကို ကမ္ဘာက နားလည်သော ဘာသာရပ်ဖြင့် ဖြစ်စဉ်အမှန်များ တုံ့ပြန်ရှင်းပြလာနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံတ ကာအဆင့် ဆွေးနွေးပွဲများသို့ တက်ရောက်ရှင်းပြသည့်နည်းများ၊ ဩဇာရှိနိုင်ငံတကာ စာစောင်များတွင် ရေး သားခြင်း၊ ဖြစ်ရပ်မှန်သ တင်းများကို ကမ္ဘာကသိရန် ကမ္ဘာသိ ဘာသာစကားဖြင့် စဉ်ဆက်မပြတ် ဖြန့်ဝေခြင်း စသည့်မီဒီယာ ဒီပလိုမေစီနည်းနာများ ရွေးချယ်ကျင့်သုံးတုံ့ပြန်ရန်ဖြစ်သည်။ တစ်ဖက်မှလည်း ဒေသခံများ အကြား ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ အရေးကြီးသည်။ ဒေသခံလူ့အဖွဲ့အစည်းများအကြား နား လည်မှုနှင့်ညီညွတ်မှုရှိလာပါက ပြည်ပအမှောင့်ပယောဂများ ဝင်ရောက်ဖို့မလွယ်ကူတော့ပေ။ ပညာမ တတ် သူ များအား ပညာသင်ပေးခြင်း၊ ဘဝရပ်တည်ရ ခက်ခဲသူများကို တည့်မတ်ပေးခြင်းဖြင့် ပြဿနာအား ကု စားနိုင်သည်။ လဲနေသူကို ထူပေးခြင်းဖြင့် မိမိဘက်သို့ပါအောင် စည်းရုံးဆွဲဆောင်နိုင်မည်ဖြစ်သည်။ သို့မ ဟုတ်ဘဲ အမုန်းတရား ဒေါသ၊ အာဃာတ နည်းလမ်းများ ကျင့်သုံးမိပါက အဆုံးမရှိသော ကြေကွဲစရာဖြစ်ရပ် များဖြင့်သာ နိဂုံးချုပ် ရပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ဒေသငြိမ်းချမ်းရေးသည် ဒေသ၌နေထိုင်သော ရခိုင်နှင့် မွတ်ဆလင်များ သင့်တင့်စွာ ပြန်လည်နေထိုင်နိုင်မှသာ ကမ္ဘာက ကျေနပ်လက်ခံနိုင်မည်ဖြစ်သည်။ ယင်းအခြေအနေသို့ အမြန် ဆုံးရောက်နိုင်လေ၊ နိုင်ငံအတွက် အကျိုးရှိလေဖြစ်သည်။ ကမ္ဘာက မကျေနပ်သေးသရွေ့ မြန်မာနိုင်ငံ၏ ကိစ္စသည် ရခိုင်အရေးနှင့်ပင် တစ်ချိန်လုံး နပန်းလုံးနေရဖွယ်ရှိပြီး တန်ဖိုးရှိသော နိုင်ငံတည်ဆောက်ရေး ဘက်သို့ ဦးလှည့်နိုင်ဖို့ မလွယ်ကူတော့သည့် အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားနိုင်သည်။ အရေးကြီး ဆုံးမှာ ပူလောင်မှုဒေါသ၊ အ မုန်းတရားတို့ဖြင့် အဆင်အခြင်မဲ့စွာ မတုံ့ပြန်မိစေရေးဖြစ်သည်။ ကမ္ဘာမှကြည့် ပါက ရခိုင်အရေးသည် မြန်မာ နိုင်ငံအရေးဖြစ်သလို၊ နိုင်ငံ၏ပုံရိပ်၊ ဗုဒ္ဓဘာသာ၏ပုံရိပ်လည်းဖြစ်နေသည်။ ဗုဒ္ဓ ၏ ငြိမ်းချမ်းအေးမြသော မေတ္တာတရားအောက်၌ နေထိုင်ကြသည့် မြန်မာအများစုအနေနှင့် လိမ္မာပါး နပ် သော ဒီပလိုမေစီနည်းဖြင့် အမြော်အ မြင်ရှိရှိ တုံ့ပြန်ဆောင်ရွက်နိုင်မှသာ လက်ရှိကြုံတွေ့နေရသော ပဋိ ပက္ခများ၊ အခက်အခဲများကို ကျော်လွန်လွတ် မြောက်စေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

KKA

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */