ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
12 ဇွန်၊ 2019
နှစ်ပေါင်း ၃၀ ကြာ အပစ်ရပ်ခဲ့ပြီးတဲ့နောက် ‘ဝ’ ဒေသဟာ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပေမယ့်၊ တချိန် တည်း အပစ်အခတ်ရပ်စဲခဲ့တဲ့ ကချင်ဒေသမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ဒေသခံပြည်သူတွေ ဒုက္ခပင် လယ်ဝေနေရဆဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရနဲ့တပ်မတော်တို့က UWSA ကို အထူးအခွင့်အရေးပေး လိုက် လျော ထားတာလား၊ ဘာကြောင့်လိုက်လျောရသလဲ ဆိုတာ KIO ခေါင်းဆောင်ဟောင်း၊ ယခု ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာတူးဂျာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ နအဖအစိုးရလက်ထက်တုန်းက ဆရာတို့အဖွဲ့ (၁၇) နှစ်လောက် ငြိမ်းချမ်းရေးရခဲ့တယ် ထင်ပါတယ်။ အခု ပဋိပက္ခ ပြန်ဖြစ်လာတာ (၈) နှစ်လောက် ကြာခဲ့ပြီဆိုတော့ ပြည်သူတွေလည်း တော်တော်လေး ဒုက္ခရောက်ကြတယ်။ ဒါပေမဲ့ UWSA ‘ဝ’ တွေကတော့ မပြတ်မတောက် ဆက်လက်ပြီး ငြိမ်းချမ်းရေးရရှိခဲ့တယ်။ သူတို့ဒေသဟာအတော် တိုးတက်နေတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ တစ်လလောက်က သတင်းသမားတွေ သွား ရောက်ခဲ့တာ အတော်အားကျစရာ တွေ့သင့်သလောက် တွေ့ရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် အကယ်လို့ KIO လည်း အဲဒီလိုပဲ ငြိမ်းချမ်းရေးဆက်တိုက်ရှိခဲ့ရင် ကချင်ဒေသလည်း အတော်လေးတိုးတက်ပြီး အားရစရာ၊ ဝမ်းသာစရာ ဖြစ်မယ်လို့ ကျနော် စဉ်း စားမိပါတယ်။ ဆိုတော့ ဘာကြောင့် ငြိမ်းချမ်းရေး နှစ်အတော်ကြာရ ခဲ့ပြီးမှာ ပြန်ပျက်သွားခဲ့တယ်ဆိုတာကို အကျဉ်းရုံး ပထမဦးဆုံး စပြောပါ။
ဖြေ ။ ။ ၁၉၉၃ လောက်မှာ ချုပ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ။ ငြိမ်းချမ်းရေး အစစ်အမှန်လည်းမဟုတ်ပါဘူး။ အပစ်အခတ်ရပ်တာကလဲ ရည်ရွယ်ချက်က အပစ်အခတ်ရပ်ပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတယ်။ အဲဒီနောက် (၁၁) နှစ်ကြာတဲ့အထိ နိုင်ငံရေးဆွေးနွေး ပွဲတွေ မကျင်းပနိုင်ခဲ့ဘူး။ နောက်ဆုံးကြတော့ ဘာလာလဲဆိုတော့ ၂၀၀၉ မှာ BGF – Border Guard Force လက်ခံဖို့ကို စစ်အစိုးရက တိုက်တွန်းတယ်။ KIO က ဒါကိုပြန်စီစစ်ကြည့်တဲ့အခါ နိုင်ငံရေးအနှစ်သာ ရက မပါဘူးလို့ သူတို့မြင်တယ်။ စစ်ရေးပြောင်းလဲမှုတော့ အမြတ်ရှိပြီးတော့၊ နိုင်ငံရေးပတ်သက်မှုနဲ့ ဆွေးနွေး တာ၊ နိုင်ငံရေးအာမခံချက်ရအောင် ဆွေး နွေး ဖို့ဆိုတဲ့ အချက်တွေ မပါတဲ့အတွက်ကြောင့် သူတို့လက်မ ခံဘူး။ လက်မခံတဲ့အခါကြတော့ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးကနေ ၂၀၁၀ စက်တင်ဘာလ (၁၁) ရက် နေ့ ကစပြီးတော့ (၁၇) နှစ်ကြာ အပစ်ရပ်စဲရေးစာချုပ်ကို ဖျက်လိုက်တယ်။ Abolished လုပ်လိုက်တယ်။ အဲဒါက ဘာလဲဆိုရင် နိုင်ငံရေးအာမခံချက် မရနိုင်ဘဲနဲ့ စစ်ရေးသက်သက် အပစ်ခတ်ရပ်ထားတဲ့ အတွက် ကြောင့် နောက်ဆုံးကြတော့ ဒါက ပြန်ပျက်သွားခဲ့တယ်။
မေး ။ ။ အဲဒါဆို ‘ဝ’ နဲ့ ကချင် ဘာကွာသလဲ။
ဖြေ ။ ။ ‘ဝ’ ကလည်း အပစ်ခတ်ရပ်ထားတာ။ နိုင်ငံရေးအာမခံချက် သူတို့ကော ရသလားဆို မရပါဘူး။ အတူတူပါပဲ။ ဒါပေမဲ့ သူတို့ကိုကြတော့ Border Guard Force လက်ခံရဖို့ဆိုပြီးတော့ တိုက်တွန်းတဲ့ အပိုင်းတွေကို မကြားမိဘူး။ သူတို့က အပစ်ခတ်ရပ်ထားတယ်။ အဲဒါ ဒီတိုင်းဒီအတိုင်း လွတ်မြဲနေတာ။ သူတို့ရဲ့ အနေအထားက အဲဒါတ ချက်ရှိတယ်။
မေး ။ ။ အဲဒီတော့ အာဏာပိုင်တွေဘက်က ဗဟိုအစိုးရဘက်က Double Standard လို့ ပြောလို့ရသလား။ ‘ဝ’ ကိုကြတော့တမျိုး အခွင့်အရေး ပိုပေးတဲ့သဘောဖြစ်တယ်။ Border Guard Force မလုပ်ခိုင်းဘူး။ သူတို့ တပ်နဲ့ သူတို့နေခိုင်းတယ်။ ကျန်တဲ့တိုင်းရင်းသားတွေကြတော့ Border Guard လုပ်ရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ် သက်ပြီးတော့ သဘောထားနှစ်မျိုး - ဟိုဘက်တမျိုး၊ ဒီဘက်တမျိုး လုပ်နေတယ်လို့ ပြောလို့ရသလား။
ဖြေ ။ ။ အဲဒါကတော့ အဲဒီလိုဖြစ်နေတာပေါ့ - အစိုးရအပိုင်း၊ အာဏာပိုင်အဖွဲ့အစည်း ဖြစ်နေတာတော့ အဲဒီ လိုဖြစ်နေတယ်လို့ တွေ့နေရတယ်။
မေး ။ ။ ဆိုတော့ နောက်တခုက ‘ဝ’ ရဲ့နောက်မှာ တရုတ်က မားမားမတ်မတ် ရပ်နေလို့ အဲဒီလို ဖြစ်သွားတာလား။
ဖြေ ။ ။ ဒီလိုလဲ ပုံသေကားချပ် သတ်မှတ်နေလို့တော့ မရဘူးထင်တယ်။ တရုတ်ရဲ့ကဏ္ဍကတော့ မှန်တော့ မှန်နေတယ်။ ဒါပေမဲ့ ဒါကိုတော့ အတိအကျလို့ ပြောလို့တော့မရပါဘူး။ သူ့အနေနဲ့ အပစ်အခတ်ရပ်ပေးပါ။ ပြဿနာ မရှိလာတာကတော့ အပစ်အခတ်ရပ်ပေးပါ ဆက်လုပ်ရမယ့်ဟာ ဘာညာဆိုတာကို အစိုးရက ချ မှတ်ပေးတာ မရှိဘူး။ အပစ်အခတ်ရပ်ပြီးတာနဲ့ ဒီအတိုင်းပဲထားခဲ့တယ်။ ဒါကြောင့်မို့ ‘ဝ’ မှာတမျိုး။ ဒီမှာကြ တော့ အပစ်အခတ်ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိတဲ့အပြင် Border Guard Force လက်ခံရမယ် ဆိုတဲ့ တောင်းဆိုမှုက ရှိတယ်။ အဲဒါတွေ ကွာတာပေါ့။
မေး ။ ။ တရုတ်သဘောထားကို နည်းနည်းလေးတခွန်း ဆက်မေးချင်ပါသေးတယ်။ တကယ်တော့ KIO ကလည်း တချိန်က တရုတ်နဲ့ တော်တော်လေး ရင်းနှီးခဲ့တဲ့ အင်အားစုတစု ဖြစ်ပါတယ်။ ဒါပေမဲ့ ‘ဝ’ ကိုကြ တော့ ပိုပြီးတော့ တရုတ်က ပံ့ပိုးပေးပြီးတော့ ‘ဝ’ ကို ပံ့ပိုးသလောက် KIA ကို မပံ့ပိုးဘူးလို့ဆိုရင် မှန်သလား။
ဖြေ ။ ။ ကျနော်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ တရုတ်က ‘ဝ’ ကို ဘယ်လောက်လောက် ပံ့ပိုးနေသလဲဆိုတာ အတိအကျ မသိဘူး။ တရုတ်ရဲ့ ပေါ်လစီကတော့ ကျနော်တို့ KIO side ဘက်က ကြည့် မယ်ဆိုရင်တော့ ပံ့ပိုးတာတော့ မရှိပါဘူး။ ဒါကြောင့်မို့ အဖွဲ့အစည်းရဲ့ ‘ဝ’ နဲ့ KIO ကြားမှာ မတူတဲ့အချက် ကတော့ ဘာတွေရှိသလဲဆိုတာကို ကျနော် အတိအကျ မသိဘူး။ ‘ဝ’ ကတော့ လက်နက်အင်အားတောင့် တယ်။ ဒါကတော့ အရင်က လက်ကျန်တွေဖြစ်တယ်။ ဗကပ လက်ကျန်တွေရှိတယ်။ ဒါကတော့ လူတိုင်း လည်း သိနေတယ်။ အဲဒီမှာ Plus ဘာတွေရှိသလဲဆိုတာတော့ ကျနော်လည်း အတိအကျမသိဘူး။ ဒါပေမဲ့ တရုတ်ရဲ့ ပေါ်လစီကတော့ ကျနော်ထင်တယ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ချောချောမွန်မွန်၊ ထိထိရောက် ရောက် တိုက်တွန်းတာမျိုးတော့ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။
မေး ။ ။ နောက်တခုက အခု ရခိုင် AA ကလဲ UWSA ‘ဝ’ ကို ပေးထားတဲ့ အခွင့်အရေးမျိုး သူတို့လိုချင်တယ် ဆိုပြီးတော့ ဖြစ်လာပါတယ်။ ကျန်တဲ့တိုင်းရင်းသားတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတိတိလင်း လင်း ခေါ်ပြောတာ မကြားရပါဘူး။ ရေငုံနှုတ်ပိတ်နေကြတာကို တွေ့ရပါတယ်။ တိုင်းရင်းသားအများစုရဲ့ သဘောထားကလဲ ‘ဝ’ ကိုများ အားကျနေသလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ အဲဒါကို ဆရာ ဘယ်လိုသဘောရပါသလဲ။
-- ဆက်လက်ဖော်ပြသွားပါမည် --
Link : Here
No comments:
Post a Comment