" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 29, 2019

ရခိုင်အရေးကြောင့် သွေးမကွဲစေလိုပါ

The Voice Journal
by
Jun 29, 2018
ရခိုင်အရေးကား ရှုပ်ထွေးလှသည်။ သို့သော် မရှင်းလို့ကလည်း မဖြစ်။ ဘိုးဘွားအမွေ ဖြစ်နေသည်။ အချုပ်အခြာအာဏာက ဘိုးဘွားအမွေဖြစ်သလို ပြဿနာကလည်း ဘိုးဘွားအမွေဟု ဆိုရလောက်အောင် ပင် အစဉ်အဆက်ကတည်းက ဖြစ်ခဲ့သောပြဿနာတစ်ခု။ ထို့ကြောင့် မဖြစ်မနေတော့ ရှင်းကြရပေလိမ့်မည်။ အထူးသတိချပ်ရမည်မှာ ပြဿနာကိုရှင်းရင်း ပြဿနာမတက်ကြဖို့ဖြစ်သည်။

ကော်မရှင်များစွာ

ရခိုင်အရေးကား ကော်မရှင်အတော်ဖွဲ့ရသော အရေးဖြစ်သည်။ ယခုမှမဟုတ်။ အင်္ဂလိပ်အစိုးရလက်ထက် ၁၉၃၉ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂါလီများ ဝင်ရောက်နေထိုင် လုပ်ကိုင်စားသောက်ကြ ပြီး မူလနေ ရပ်သို့ မပြန်ကြတော့သည့်အတွက် ကြာလာလျှင် မူလဌာနေတိုင်းရင်းသားများနှင့် ပြဿနာ ဖြစ်လာနိုင်ကြောင်းသိရှိကာ ယင်းကိစ္စအတွက် စုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ခုကို အင်္ဂလိပ်အစိုးရက ဖွဲ့စည်းခဲ့ဖူးသည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့သောကြောင့် ကော်မရှင်၏အကြံပြုချက် များ ကို အင်္ဂလိပ်အစိုးရအနေနှင့် အ ကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပေ။ ထိုအချိန်မှစ၍ ကော်မရှင် ဖွဲ့ခဲ့ ရသော ပြဿနာသည် ယခုအချိန်ထိ ကော် မရှင်များဖွဲ့လို့ မဆုံးနိုင်သေး။ ဖွဲ့စည်းခဲ့သမျှသော ကော်မရှင် များထဲ တွင် NLD အစိုးရလက်ထက်ဖွဲ့စည်းခဲ့သော မစ္စတာကိုဖီအာနန် ဦးဆောင်သည့်ကော် မရှင်အဖွဲ့မှာ အသံ အတော်ကျယ်လောင်ခဲ့သည်။ စတင်ဖွဲ့စည်းဖို့စီစဉ်ချိန်ကပင် လွှတ်တော်မှာ ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရ သည်။ သို့သော် NLD အမတ်အများစုကြီးစိုးထားသော လွှတ်တော်က မဲအသာဖြင့် ဇွတ်အတည်ပြုခဲ့သည်။ ကော်မရှင်၏အကြံပြုချက်များကို နိုင်ငံတကာက အတိုင်းအ တာတစ်ခုထိ လက်ခံသော်လည်း ပြည်တွင်းမှာမူ ကန့်ကွက်ဝေဖန်မှုများ ရှိခဲ့သည်။ ယခုတစ်ခါ ဖွဲ့စည်းမည့်ကော် မရှင်မှာ ရခိုင်ပြည်နယ်အရေးကိစ္စများ ကိုင် တွယ်ဖြေရှင်းရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့သည့် အ ကြောင်းအရာများကို စုံစမ်း စစ်ဆေးမည့် ကော် မရှင်ဖြစ်သည်။ နိုင်ငံတကာက ပုဂ္ဂိုလ်တစ်ဦးကို ဦးဆောင်စေမည်ဟု သိရသည်။ လွှတ်တော်မှာတော့ ယခုကိစ္စနှင့်ပတ်သက်ပြီး အချေအတင် ဆွေးနွေးငြင်းခုံကြရသည်။ အဓိက ကော်မရှင်ဖွဲ့စည်းခြင်းကို ကန့် ကွက်ကြခြင်းမဟုတ်။ နိုင်ငံတကာကပုဂ္ဂိုလ်တစ်ဦး ပါဝင်မည်ဆိုသည့်ကိစ္စကို ကန့်ကွက်ကြခြင်းဖြစ်သည်။

နိုင်ငံတကာက ပုဂ္ဂိုလ်ပါဖို့ လို/မလို

လက်ရှိအငြင်းပွားနေကြသည်မှာ ကော်မရှင်တွင် နိုင်ငံတကာကပုဂ္ဂိုလ်များ ပါဝင်ဖို့ လိုအပ်တယ်၊ မလိုအပ် ဘူးဆိုသောကိစ္စဖြစ်သည်။ ယခုဖွဲ့စည်းမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ပါဖို့ လို အပ်/မလိုအပ် ဆိုသည်ကို ဉာဏ်မီသမျှ ဆန်းစစ်ကြည့်ပါမည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံခြား သား ပါဝင်ထည့်သွင်းလိုသည်မှာ NLD အစိုးရ၏မူဖြစ်သည်။ ကော်မရှင်မှာ နိုင်ငံခြားသားပါဝင်ခြင်းဖြင့် နိုင်ငံ တကာ၏ယုံကြည်လက်ခံမှုကို ရနိုင်သည်ဟူသော တွေးဆချက်မျိုး ဖြစ်ပါလိမ့်မည်။ မှန်သလောက် မှန်ပါ သည်။ NLD အစိုးရဖွဲ့စည်းခဲ့သော ကိုဖီအာနန်ဦးဆောင်သည့်ကော်မရှင်ကို UN အပါအဝင် ကမ္ဘာက လက် ခံခဲ့ကြသည့်အပြင် အဆိုပါကော်မရှင်၏ အကြံပြုချက်များအတိုင်း လက်တွေ့အကောင် အထည် ဖော်ပေးဖို့ UN က အမြဲတောင်းဆိုနေခဲ့သည်ကို အားလုံးအသိပင်ဖြစ်သည်။ ထို့ပြင် ယခုဖွဲ့စည်းမည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာလည်း နိုင်ငံတကာက ပုဂ္ဂိုလ်များပါဝင်နိုင်ပါက နိုင်ငံတကာ၏ယုံကြည်မှုကို ရရှိနိုင်ကြောင်း ကုလသမဂ္ဂက လေသံပစ်ထားသည်။ ဆိုခဲ့ပါအချက်များကို အခြေခံ၍ ကော်မရှင်မှာ နိုင်ငံခြားသား ပါဝင် ဖွဲ့စည်းဖို့ အစိုးရအနေနှင့် ဆုံးဖြတ်ခဲ့ဟန်တူပါသည်။

တစ်ဖက်က ကန့်ကွက်နေကြသူများဘက်ကလည်း နိုင်ငံခြားသားပညာရှင်ဆိုသည့်တိုင် မြန်မာတွေလောက် ဒီနိုင်ငံအကြောင်းကို သိမည်မဟုတ်။ သိသည်ပဲထားဦးတော့ မြန်မာ့အကျိုးစီးပွားအတွက် စဉ်းစားမည်မဟုတ်ဘဲ နိုင်ငံတကာအလိုကျ လုပ်ဆောင်သွားနိုင်သည့်အတွက် ယုံကြည်လို့မရ။ ရှေ့က ကိုဖီအာနန်ကော်မရှင်၏ အကြံ ပြုချက်များမှာလည်း ‘လူ့အခွင့်အရေး’ (Human Right) ရှုထောင့်တစ်ခုတည်းကသာ တစ်ဖက်သတ်ကြည့်ပြီး ဆုံးဖြတ်သွားတာဖြစ်သည်။ ယင်း၏အကြံပြုချက်များတွင် နိုင်ငံသားများ ဌာနေတိုင်းရင်း သားများ၏ခံစားချက်၊ လိုအပ်ချက်တို့ကို မျက်ကွယ်ပြုထားသည်ကိုတွေ့ရပြီး ‘နိုင်ငံသားအခွင့်အရေး’ (Citizen Right)ကို လုံးဝပစ်ပယ်ထားခဲ့သည်ဟူသော စွပ်စွဲမှုများရှိခဲ့သည်။ ထို့ပြင် ယခုဖွဲ့စည်းမည့်ကော်မ ရှင်၏ လုပ်ပိုင်ခွင့်မှာ ကျယ်ပြန့်လွန်းသဖြင့် အုပ်ချုပ်ရေးနယ်ပယ်ပိုင်းထိ စစ်ဆေးနိုင်မည့်အခြေအနေ ရှိ လည်း ရှိနေသည်ဖြစ်ရာ မိမိတို့နိုင်ငံ၏ အ ချုပ်အခြာအာဏာကို နိုင်ငံခြားသားထံ စီရင်ခွင့်အပ်နှင်းသကဲ့သို့ ဖြစ်နေသည်ဟု … စသည်ဖြင့် ကန့်ကွက်ပြော ဆိုကြသည်ကို တွေ့ရပါသည်။

စာရေးသူ၏ သဘောအရဆိုလျှင် ကော်မရှင်တွင် နိုင်ငံခြားသားပါခြင်း၊ မပါခြင်းက အရေးကြီးလွန်းသည်ဟု မထင်။ ယခုကော်မရှင်ကို ဖွဲ့စည်းရခြင်းမှာ နိုင်ငံတကာ၏သံသယများကို ဖြေရှင်းဖို့ဟူသော ရည်ရွယ်ချက်သာဖြစ်သည်။ ထို့ကြောင့် ကော်မရှင်၏လုပ်ဆောင်ချက်များကို နိုင်ငံတကာက ယုံကြည်လက်ခံလာအောင် ဘယ်လိုလုပ်ကြမလဲဆိုသော အချက်သည်သာ အဓိကကျသော ဆုံချက်ဖြစ်နေသည်။ သို့အတွက် ‘နိုင်ငံတကာက လက်ခံလာဖို့’ ဟူသော ပွိုင့်ကို အခြေတည်ပြီး စဉ်းစားသင့်သည်။ နိုင်ငံခြားသား ပါသင့် မပါသင့်ဆို သည်က အထက်ပါခေါင်းစဉ်အောက်မှ အကြောင်းအရာခွဲတစ်ခုသာဖြစ်သည်။ ယင်းသို့ စဉ်းစားရာတွင် ကော်မရှင်၏ ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်နယ်ပယ်အနေအထားတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်တွက်ချက် ဖို့လိုလာပါသည်။ သို့သော် လက် ရှိအခြေအနေမှာ ထိုအထိမရောက်ဘဲ ကော်မရှင်၏ ဖွဲ့စည်းပုံအပိုင်းမှာတင် ပြဿနာတက်နေတာ တွေ့ရသည်။ လိုအပ်သည်က ပြဿနာဖြေရှင်းမှုပုံစံ၏ တစ်ခွင်တစ်ပြင်လုံးကို စဉ်းစား တွက်ချက်ပြီး ရည်မှန်းချက်ကိုရောက်အောင် ဘယ်လိုပုံဖော်ကြမလဲဟူသော စဉ်းစားချက်မျိုးသာဖြစ်ပါ သည်။ ကော်မရှင်မှာ နိုင်ငံခြားသားပါလျှင် အ ပြည့်အဝ လက်ခံမည်ဟု UN အပါအဝင် ဘယ်နိုင်ငံကမှ က တိပေးထားခြင်းမရှိ။ နိုင်ငံခြားသားမပါသဖြင့် လက် မခံနိုင်ဟုလည်း ပြောဆိုထားခြင်း မရှိပါ။ နိုင်ငံခြားသာ ပါလျှင် နိုင်ငံတကာက ပို၍ယုံကြည်လက်ခံနိုင်စွမ်းရှိနိုင်သည်ဟု ထင်ရခြင်းသာ ရှိပါသည်။ ထို့ကြောင့် နိုင် ငံခြားသားပါခြင်း/မပါခြင်းဆိုသည်ထက် ကော်မရှင်၏လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း မူ ဘောင်များ စိစစ်သတ်မှတ်ပေးနိုင်ဖို့ကသာ ပို၍ အရေးကြီးမည်ထင်ပါသည်။ ကော်မရှင်၏ လုပ်ပိုင်ခွင့်ကို အသေအချာ စိစစ်ရေးဆွဲပေးနိုင်လျှင် ယခုအငြင်းအခုန်က အရေးကြီးတော့မည် မဟုတ်ပေ။

သံသယများနှင့် ပွင့်လင်းမြင်သာမှု

လူတို့၏စိတ်သဘောအရ ဖုံးကွယ်ထားသောအကြောင်းအရာအပေါ်တွင် သံသယစိတ်များတတ်ကြသည်မှာ ဓမ္မ တာပင်ဖြစ်သည်။ ရခိုင်အရေးမှာ ကြီးမားကျယ်ပြန့်လှသည့် ပဋိပက္ခကြီးတစ်ခုဖြစ်သော်လည်း ပြဿနာ အလုံးစုံကို နိုင်ငံတကာက အပြည့်အစုံသိရှိခွင့်မရခဲ့ပေ။ နိုင်ငံတကာကိုမဆိုထားနှင့်။ ပြည်တွင်းက သတင်း မီဒီယာများသည်ပင် အတိ အကျ သတင်းရယူနိုင်ခဲ့ခြင်းမရှိဘဲ လျော့ရဲသော သတင်းထုတ်ပြန် မှုများသာ တင်ပြခဲ့ရသည်။ အစိုးရကိုယ်တိုင်ကလည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်မှုအပိုင်းမှာ အားနည်း ချက်တွေ များစွာရှိခဲ့သည်ဖြစ်ရာ ရခိုင်အရေးမှာ တစ်ဖက်သတ်သတင်းများဖြင့်သာ ကမ္ဘာကိုလွှမ်း မိုးနေ ခဲ့သည်။ တစ်ဖက်၏ သတင်းထုတ်ပြန်မှုမှာ အထောက်အထားမခိုင်လုံသော စွပ်စွဲချက်အဆင့်လောက်သာ ရှိနေသော်လည်း ယင်းကိုဖြေရှင်းဖို့အတွက် ဒီဘက်မှာ အချက်အလက်နှင့်တကွ ရှင်းလင်းနိုင်စွမ်းမျိုးမရှိခဲ့။ ရခိုင်အရေးနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာများအနေနှင့် ယခုအချိန်ထိ အကန့်အသတ်မရှိ လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်မျိုးတွေ မရှိခဲ့သည့်အတွက်လည်း နိုင်ငံတကာက သံသယတွေ ပိုမိုများပြား လာခဲ့ရတာဖြစ်သည်။ ဆိုရလျှင် တစ်ဖက်မှာ စွပ်စွဲချက်တွေကသာ တစ်ဆင့်ပြီးတစ်ဆင့် တိုးလာနေခဲ့ပြီး ဒီဘက်က ဘာတစ်ခုမှ အသေအချာ ပြန်ရှင်းနိုင်စွမ်း ရှိမလာခဲ့ပေ။ ထိုအထဲ ရိုက်တာသတင်းထောက် နှစ် ယောက်ကို ဖမ်းဆီးသည့် ကိစ္စကြောင့်လည်း မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်ကို ပို၍မေးခွန်း ထုတ် ခံ လာရပြန်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသတင်းထောက်နှစ်ယောက် ဖမ်းဆီးခံရသည်မှာ ရခိုင်အရေး သတင်းရယူမှုနှင့် ဆက်စပ်နေသည်ဟုသာ နိုင်ငံတကာက ထင်မြင်ယူဆထားကြသည်။ ထို့ကြောင့် ရခိုင်အ ရေးကိစ္စအပေါ်ထားရှိသည့် အစိုးရ၏ ပွင့်လင်းမြင်သာမှုအပိုင်းကို ပို၍ မေးခွန်းထုတ်လာကြတော့သည်။ သို့အတွက် ရခိုင်အရေးနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုကို မဖြစ်မနေဆောင် ရွက်ပြ ရတော့မည်ဖြစ်သည်။

သုံးသပ်ချက်များ

ယခုကိစ္စကို စာရေးသူဉာဏ်မီသမျှ သုံးသပ်တင်ပြပါမည်။ စာရေးသူအနေဖြင့် ယခုကိစ္စကို အချက်နှစ်ချက်အပေါ် တွင် အခြေခံ၍ စဉ်းစားပါသည်။

၁။ အောင်မြင်သော ကော်မရှင်ဖြစ်လာစေရေး
၂။ အမျိုးသား ရင်ကြားစေ့ရေးမပျက်စီးဖို့ ဟူသော အချက်နှစ်ချက်ဖြစ်ပါသည်။

အောင်မြင်သော ကော်မရှင်ဖြစ်ဖို့အောင်မြင်သောကော် မရှင် ဆိုသည်မှာ ကော်မရှင်၏ လုပ်ကိုင်ဆောင်ရွက်မှုများ အောင်မြင်ဖို့ဖြစ်သည်။ ဤကော်မရှင်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာ၏သံသယတွေလျော့ နည်းပပျောက်စေဖို့၊ ကော်မရှင်၏ လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး တညီတညွတ်တည်း ပူးပေါင်းဆောင် ရွက်လုပ်ကိုင်ကြပြီး နိုင်ငံတကာကို ပွင့်လင်းမြင်သာမှုရှိကြောင်းပြဖို့နှင့် နိုင်ငံတကာ၏ဖိအား များကို လျှော့ချနိုင်ဖို့ဖြစ်သည်။ သို့နှင့်တိုင် ကော်မရှင်၏ တရားဝင်ဖြစ်မှု၊ ပြည်တွင်းပြည်ပအားလုံးက လက် ခံယုံကြည် အသိအမှတ် ပြုမှု အစရှိသည့် အချက်တွေနှင့် ပြည့်စုံဖို့ လိုအပ်သည်။ ထို့အပြင် ပဋိပက္ခဖြစ် စဉ် ကြီးတစ်ခုလုံးကို ခြုံငုံသည့် နားလည်ချက်မျိုးရှိဖို့လိုပါသည်။ ကော်မရှင်အနေနှင့် ဤပဋိပက္ခဖြစ် စဉ်ကြီး အပေါ် သုံးသပ်ရာတွင် လူ့အခွင့် အရေး၊ လူသားချင်းစာနာထောက်ထားမှုဟူသော ထောင့်တစ် ခုတည်း မှထိုင်၍ သုံးသပ်ခြင်းထက် မူလဌာနေတိုင်းရင်းသားများ၏ သဘောထားဆန္ဒများ၊ နိုင်ငံတစ်ခု ၏အချုပ် အ ခြာအာဏာနှင့် နိုင်ငံသားအခွင့်အရေးများ၊ အကြမ်းဖက်မှုဖြစ်စဉ်နှင့် တန်ပြန်သက်ရောက်တတ်မှု၏ သ ဘောသဘာဝများကို ထောင့်စေ့အောင် သေချာလေ့ လာတွက်ချက်ရပါမည်။ ဘက်ပေါင်းစုံကို ထောက်ဆ ဆင်ခြင်ပြီး မျှတသောစစ်ဆေးချက်များကို လုပ်ဆောင်သင့်သည်။

အမျိုးသားရင်ကြားစေ့ရေး မပျက်စီးစေဖို့

ယခုပြဿနာကြောင့် အမျိုးသားရင်ကြားစေ့ရေး မပျက်စီးဖို့ အထူးသတိထားသင့်သည်ဟု ဘက်အသီးသီးက ခေါင်းဆောင်များကို ပန်ကြားလိုပါသည်။ အထူးသဖြင့် ယခုဖွဲ့စည်းမည့်ကော်မရှင်သည် အရေး ကြီးသည့် လုပ် ဆောင်ချက်များကို လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကော်မရှင်ဖွဲ့ စည်းမှုအပိုင်း နှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်နယ်ပယ်တို့ကို သတ်မှတ်ပြဋ္ဌာန်းရာတွင် အားလုံး၏သဘောတူညီချက်များ ရရှိဖို့သင့်သည်။ ကော် မရှင်၏လုပ်ငန်းစဉ်များသည် အစိုးရ၊ တပ်မတော်တို့နှင့် မဖြစ်မနေပတ်သက် ရမည် ဖြစ်ရာ တပ်မတော်ရော၊ အစိုးရရော နှစ်ဖက်လုံးက လက်ခံနိုင်သည့်ကော်မရှင်ဖြစ်ဖို့ အရေးကြီးပါသည်။ ထို့ကြောင့် ကော်မရှင်ဖွဲ့စည်းမှုအပိုင်း၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နယ်ပယ်အတိုင်း အတာတို့ကို သတ်မှတ်ရာ တွင် အစိုးရ၊ တပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု မြင်ပါသည်။

NLD အစိုးရအနေနှင့် ကိုဖီအာနန် ကော်မရှင်ဖွဲ့စည်းစဉ်ကလည်း တပ်မတော်သားများအပါအဝင် ရခိုင်အမျိုးသား ပါတီကိုယ်စားလှယ်များ အစရှိသူတို့ ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ လူအင်အားဖြင့် မဲအသာရယူပြီး ဇွတ်လုပ် ဆောင်ခဲ့သည်။ ဒေသခံတိုင်းရင်းသားတို့၏အသံကို မျက်ကွယ်ပြုပြီးလုပ်ဆောင်ခဲ့သဖြင့် ကော်မရှင်၏ လုပ်ငန်း စဉ်များတွင် ဒေသခံများက လှိုက်လှိုက်လှဲလှဲ ပူးပေါင်းပါဝင်မှုမရရှိခဲ့ဘဲ တစ်ဖက်၏ အသံများသာ ကော်မရှင်ထံသို့ အများဆုံးရောက်ရှိခဲ့သည်။ ယင်း၏အကျိုးဆက်မှာ ကော်မရှင်၏ အကြံပြု ချက်များ ပေါ်ထွက်လာချိန်တွင် ဒေသခံတိုင်းရင်းသားတို့၏အသံများ၊ ဆန္ဒများကို ဦးစားပေးမခံခဲ့ရဘဲ လူ့ အခွင့်အရေး ရှုထောင့်သက်သက်မှထိုင်ကာ တစ်ဖက်လူ့အဖွဲ့အစည်း အကျိုးစီးပွားများအတွက်သာ အခြေ ခံသောအချက်အလက်များ ပေါ်ပေါက်လာခဲ့ရတော့သည်။ ယင်းမှာ ကော်မရှင်ဖွဲ့စည်းမှုကိစ္စ အပေါ် တွင် မညီညွတ်နိုင်ခဲ့ကြခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။

ယခုကော်မရှင်က ပိုအရေးကြီးသည်။ ကမ္ဘာက ယုံကြည်မှုရှိလာစေဖို့ လုပ်ဆောင်ရခြင်းဖြစ်သဖြင့် ကိုယ့်လူကို ရင်းလိုက်ရခြင်းမျိုးလည်း ရှိလာနိုင်သည်ဖြစ်ရာ အထူးသတိထားဖို့လိုသည်။ ထို့အတွက် ကော်မရှင် မဖွဲ့စည်းခင်ကတည်းက အစိုးရ၊ တပ်မတော်တို့အနေနှင့် အားလုံးသဘောတူ ပူးပေါင်းလုပ်ဆောင်နိုင် ကြဖို့လိုအပ်သည်။ကော် မရှင်ကို ထိန်းချုပ်လွန်းလျှင်လည်း ကမ္ဘာက ယုံကြည်မှုပိုင်း လျော့ကျနိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး ကော်မရှင်ကို စည်းလွတ်ဝါးလွတ် လုပ်ပိုင်ခွင့်ပေးလိုက်ပြန်လျှင်လည်း အားလုံးကို ထိခိုက်စေနိုင်သည့်အချက်တို့ကို သတိပြု ပြင်ဆင်ရမည်ဖြစ်သည်။

နောက်တစ်ခုက အစိုးရအနေနှင့်သတိထားရမည်မှာ ကော်မရှင်ကို မိမိတို့လုပ်ပိုင်ခွင့်အာဏာသုံးပြီး အတင်း ဖွဲ့စည်းခဲ့လျှင် တစ်ဖက်က တပ်မတော်အပါအဝင် ဒေသခံပါတီများအနေနှင့် ကော်မရှင်၏လုပ်ငန်းစဉ်များကို ပူးပေါင်းပါဝင်ခြင်းမရှိခဲ့ပါက ကော်မရှင်ဖွဲ့စည်းခြင်း၏ရလဒ်မှာ အကောင်းထက် အဆိုးက ပိုများနိုင်သည်ကို သတိ ချပ်ဖို့ဖြစ်ပါသည်။ မိမိတို့က မိမိတို့၏လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝသုံးပြီး ဇွတ်လုပ်လာလျှင် အခြား တစ်ဖက်ကလည်း ၎င်းတို့တတ်နိုင်သော လုပ်ပိုင်ခွင့်သုံးပြီး ဆန့်ကျင်လာမည်ဆိုပါက မည်သို့မျှကောင်း တော့မည် မဟုတ်ပေ။ အထူးသဖြင့် ဒေသခံတို့၏အသံကိုလည်း မျက်ကွယ်မပြုစကောင်းပေ။

ကော်မရှင်ဖွဲ့စည်းသောကိစ္စသည် နိုင်ငံတကာ၏ဖိအားကို လျှော့ချနိုင်သည့်အတွက် တပ်မတော်ဘက်က လည်း သဘောမတူစရာရှိမည် မဟုတ်ပါ။ ဖွဲ့စည်းမှုပုံစံနှင့် ကော်မရှင်၏ လုပ်ပိုင်ခွင့်အခန်းကဏ္ဍအတွက် သာ အားလုံးပေါင်းစပ် ညှိနှိုင်းရမည်ဖြစ်ပါသည်။ တပ်မတော်ဘက်မှ လိုလားနေသည့် ပြည်တွင်းပညာရှင် များဖြင့်သာ ဖွဲ့စည်းမည်ဆိုပါကလည်း နိုင်ငံတကာက ကော်မရှင်ကို ယုံကြည်လက်ခံနိုင်မှုအတွက် ဘယ် လိုလုပ်မလဲဆိုတာ စဉ်းစားအဖြေရှာထားဖို့ လိုပါသည်။ စာရေးသူအထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံခြား သား ပါခြင်း မပါခြင်းကို သိပ်အ ရေးစိုက်မနေဘဲ ကော်မရှင်၏လုပ်ပိုင်ခွင့်အတိုင်းအတာနှင့် မူဘောင်ကို အသေအချာ စည်းမျဉ်းသတ်မှတ်ပေးနိုင်ဖို့ကိုသာ အာရုံစိုက်သင့်ကြပါသည်။ ထို့အတွက် အားလုံးသ ဘော  တူညီစွာ ပြဋ္ဌာန်းနိုင်ဖို့လိုပါလိမ့်မည်။ ကော် မရှင်၏လုပ်ပိုင်ခွင့်ကို ဘယ်လိုပေးမလဲဆိုသည်မှာ အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းအဖြေရှာကြဖို့ဖြစ်သည်။ ယင်းမှာ ကော်မရှင်ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး အရေး ကြီးဆုံးသောအပိုင်းဖြစ်သည်။ ယင်းကိစ္စကို အစိုးရသဘော ထားတစ်ခုတည်းဖြင့် ဆုံးဖြတ်လျှင် ဖြစ်လာမည့် အကျိုးဆက်တွေက သိပ်မလှနိုင်ဟု ထင်သည်။ ထို့ကြောင့် အ ကောင်းဆုံးအခြေအနေကို ဖန်တီးလိုလျှင် အစိုးရ၊ တပ်မတော်နှင့် ရခိုင်အမျိုးသားပါတီတို့ ညှိနှိုင်းလုပ်ဆောင်သင့်သည်ဟု မြင်မိပါသည်။

တပ်မတော်နှင့် တိုက်ရိုက်သက်ဆိုင်နေသော ယခုကိစ္စတွင် တပ်မတော်နှင့်ညှိနှိုင်းပြီး သဘောတူညီမှုများ ရယူသင့်သည်။ အကယ်၍ များ ကော်မရှင်ကို တပ်မတော်က လက်မခံနိုင်လို့ ကော်မရှင်နှင့် ပူးပေါင်းဆောင် ရွက်မှုမပြုခဲ့ဘူးဆိုလျှင် ဘယ်လိုလုပ်ကြမည်နည်း။ ဒါက ဖြစ်လာခဲ့လျှင်ဆိုသည့်သဘောကို စိတ်ကူးအဖြေ ရှာကြည့်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစကတည်းက ခိုင်မာအားကောင်းသော ကော်မရှင်ဖြစ်ဖို့အတွက် အားလုံးသဘောတူလက်ခံနိုင်အောင် လုပ်ဆောင်ဖို့ လိုအပ်လှပါသည်။

ထို့အတွက် အစိုးရတွင် တာဝန်ရှိသည်။ ကော်မရှင်ကို သက်ဆိုင်သူများက အပြည့်အဝ အသိအမှတ်ပြုခြင်း မရှိလျှင် အစိုးရ၏ချို့ယွင်းမှုဟု ဆိုရပေလိမ့်မည်။ သေချာသည်ကတော့ မညီညွတ်လျှင် ပြဿနာက ပြေ လည်နိုင်မည်မဟုတ်။ လာမည့် ဩဂုတ်လတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် တောက်လျှောက်ဖိအားပေးနေသည့် ဗြိတိန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင် ရမည့်အလှည့်ဖြစ်ပါသည်။ သေချာပေါက် ဖိအားတွေထပ်ပေးလာ ပါ လိမ့်မည်။ သည့်အတွက် ကိုယ့် ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါသည်။

အချုပ်ဆိုရလျှင် မြန်မာပြည်မှာ ရခိုင်ပြဿနာတစ်ခုတည်း ရှိတာမဟုတ်။ အခြားသောပြဿနာများစွာ လည်းရှိနေသည်။ ထိုပြဿနာများကို ဖြေရှင်းနိုင်ဖို့ဆိုလျှင် အစိုးရနှင့် တပ်မတော် စိတ်ဝမ်းကွဲ၍မဖြစ်။ အစိုး ရနှင့် တပ်မတော်ပူးပေါင်းဖြေရှင်းနိုင်မှ ပြေလည်နိုင်မည့် ပြဿနာများစွာရှိနေသေးသည်။ ထို့ပြင် ရခိုင် အရေးကိစ္စနှင့်ပတ်သက်ပြီး ရခိုင်လူမျိုးတို့၏အသံက တိုးမပေါက်ခဲ့ဟု ထင်မြင်သတ်မှတ်ခံနေရခြင်းက လည်း တိုင်းရင်းသားသွေးစည်းညီညွတ်မှုအတွက် အဟန့်အတားဖြစ်နေစေသည်။ အားလုံးပါဝင်သော သ ဘောတူညီမှုဖြင့် ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နယ်ပယ်ကို ကန့်သတ်ပြဋ္ဌာန်းခြင်း များပြု လုပ်ပြီး ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတကာဖိအားများကို တွန်းလှန်နိုင်ကြဖို့လိုပါသည်။

ရခိုင်အရေးကြောင့် သွေးကွဲကြရလျှင် မတန်ပါ။ အရပ်သားအစိုးရနှင့် တပ်မတော်တို့ ကွဲကြပြီဆိုလျှင် မြန်မာ့ အနာဂတ်အတွက် အလားအလာ မကောင်းနိုင်သလို မွေးခါစ သွေးနုသားနု ဒီမိုကရေစီအတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပါလိမ့်မည်။

ကော်မရှင်ဖွဲ့စည်းရေးကို ထောက်ခံပါသည်။ နိုင်ငံခြားသား ပါရေး/မပါရေးမှာ ပြဿနာမဟုတ်။ အရေးကြီး သည်မှာ ကော်မရှင်၏ လုပ်ကိုင်ဆောင်ရွက်မှုအပိုင်းကို အစိုးရနှင့် တပ်မတော်တို့ အသေအချာညှိနှိုင်း ပြ ဋ္ဌာန်းကြဖို့ဖြစ်ပါသည်။ ရခိုင်အရေးကြောင့် သွေးမကွဲကြစေလိုပါ …။

ဝင်းကို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */