" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 4, 2019

အကြမ်းဖက်အန္တရာယ် သတိပြုဖွယ်

The Voice Journal
by
Jun 4, 2019

သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ နာမည်ကျော် ၉/၁၁ ဖြစ်စဉ်နောက် ပိုင်းတွင် အဆိုးဆုံးသော အကြမ်းဖက်မှုကြီးတစ်ခုဖြစ်ခဲ့သည်။ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသော အဆိုပါ အကြမ်း ဖက်မှုကြီးမှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါသည်။ တစ်ဆက်တည်း သတိထားရမည်မှာ အကြမ်းဖက်ပြဿ နာသည် အရှေ့အလယ်ပိုင်းဒေသမှတစ်ဆင့် တောင်အာရှနှင် အရှေ့တောင်အာရှဒေသများဆီ သို့ ခြေဆန့်လာခဲ့ပြီဆိုသောအချက်ပင်ဖြစ်သည်။ အန္တရာယ်ကား လာချေပြီ။ အကြမ်းဖက်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုသည်ကို ပြည်သူများနှင့် အစိုးရ များ အရေးတကြီး သိရှိနား လည်ထားကြဖို့ လိုအပ်လာပါသည်။

အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ရာတွင်

၁။ စောင့်ကြည့်လေ့လာခြင်း (Mornitoring)

၂။ ဖြစ်စဉ်အလွန်ထိန်းချုပ်မှု (After the Terrorist Control)

၃။ ရေရှည်စီမံချက်များ (Long-term Plans )

ဟူ၍ အဆင့်သုံးဆင့်ခွဲခြားနိုင်သည်။စောင့်ကြည့်လေ့လာခြင်း

အကြမ်းဖက်မှုကို ကာကွယ်ရာတွင် စောင့်ကြည့်လေ့လာခြင်းက အရေးကြီးသည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ စောင့်ကြည့်လေ့လာသည်ဟုဆိုရာတွင် အဓိကအားဖြင့် သတင်းအချက်အလက်များကို မှန်မှန်ကန်ကန်ရယူ စု ဆောင်းနိုင်ဖို့ လိုအပ်သည်။သို့မှသာအကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် တားဆီး ကာကွယ်နိုင် မည်ဖြစ်သလို ဖြစ်ပေါ်လာနိုင်သော အကြမ်းဖက်မှုများကိုလည်း ကြိုတင်ခန့်မှန်း တွက်ချက်ထားနိုင်မည်ဖြစ်ပါသည်။ သတင်းအချက်အလက်များ ရယူစုဆောင်းထားနိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်သည်သာမက ဖြစ်ပေါ် လာလျှင်လည်း အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်သည့်အတွက် ပြည်သူလူထုအနေနှင့် ထိခိုက်မှုအ နည်းဆုံး ဖြစ်စေနိုင်ပါသည်။ သို့သော် သတင်း အရင်းအမြစ် ရွေးချယ်ရယူသည့်နေရာတွင် သတိပြုစရအချက် တွေ ရှိသည်။

သတင်းအချက်အလက်များကို ရယူရာတွင် အဓိကအားဖြင့် ၁။ သတင်းမီဒီယာများ၊ ၂။ နိုင်ငံတကာမှ ကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ၃။ အင်တာနက် လူမှုကွန်ရက်များ၊ ၄။ အစိုးရမဟုတ်သော အဖွဲ့အ စည်းများ၊ ၅။ ဒေသဆိုင်ရာအကြမ်းဖက် ထောက်လှမ်းရေးကွန်ရက်များ အစရှိသည့် သတင်း ရင်းမြစ်များမှ ရယူစုဆောင်းလေ့ရှိကြသည်။ သို့သော်လည်း သတင်းရင်းမြစ်နှင့် တိကျမှန်ကန်မှုအတွက် အသေအချာ စိစစ်ကြရပါသည်။ အဘယ့်ကြောင့်ဆိုသော် သတင်းရင်းမြစ်တိုင်းမှာ အားသာချက်နှင့် အား နည်း ချက်များရှိတတ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းအချက်အလက်များ ရရှိထားတိုင်း လည်း မပြည့်စုံပါ။ ရရှိထားသောသတင်းများကို စစ်ထုတ်ခြင်း (Filtering)၊ မြေပြင်အခြေအနေနှင့် နီးစပ်နိုင်မှု ရှိ မရှိကို ခွဲခြမ်းစိတ်ဖြာခြင်း (Analyse) တို့ကို အဆင့်ဆင့်ပြုလုပ်ကြရသည်။

ဆိုရလျှင် မည်သည့်သတင်းရင်းမြစ်ကိုမှ မျက်စိမှိတ်ယုံလို့မရပေ။ ထို့ကြောင့် ရရှိလာသည့်သတင်းများကို အခြားသောသတင်းရင်းမြစ်များနှင့် နှိုင်းဆတွက်ချက်ခြင်း၊ မီဒီယာများမှရသော သတင်းများ ဒေသဆိုင် ရာသတင်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များထံမှ ရရှိလာသောသတင်းများကို ပေါင်းစပ်စစ်ဆေးပြီး ခိုင်မာသောအဖြေများ ထုတ်ဖော်ခြင်းတို့ဖြင့် သတင်းအချက်အလက်စိစစ်မှုကို လုပ်ဆောင်သင့်ကြပါသည်။

စောင့်ကြည့်လေ့လာသည့်အဆင့်တွင် အစိုးရအနေနှင့် အခြားသောနိုင်ငံများမှ အကြမ်းဖက်မှုဆိုင်ရာ သတင်း အချက်အလက်များ တောင်းခံခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့် ဆက်စပ်မှု အခြေ အနေများကို စဉ်ဆက်မပြတ်ခြေရာခံခြင်း၊ ပြည်တွင်းတွင် အကြမ်းဖက်ဆဲလ်များ ပေါ်ပေါက် လာနိုင်မည့်အခြေအနေများကို စောင့်ကြည့်ခြင်း၊ စိုးရိမ်စရာအခြေအနေရှိသော ဒေသများကို အထူးစောင့်ကြပ် လေ့လာခြင်း၊ အကြမ်း ဖက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုကို အသိပညာပေးခြင်း၊ အများပြည်သူနှင့် သက် ဆိုင်သော လူအသွားအလာများသည့်နေရာများကို လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားခြင်း အစရှိသည် တို့ကို ပြုလုပ်ထားနိုင်ဖို့လိုပါ သည်။ ထို့အပြင် ပြည်တွင်းမှ ဆူပူအကြမ်းဖက်မှုကို လိုလားကြသူများ၏ အန္တ ရာယ်ကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်သည်။ မြန်မာနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်ပြီး လှုံ့ဆော်သွေးထိုးသူများရှိနေသည်ဖြစ် ရာ ၎င်းတို့၏လှုပ်ရှားမှုများကို တစ်ဖက်က လေ့လာ ထားဖို့လည်း လိုအပ်သည်။

ဖြစ်စဉ်အလွန် ထိန်းချုပ်မှု
အကြမ်းဖက်မှုဖြစ်စဉ်အပြီးပြည်တွင်း တည်ငြိမ်ရေးကို ထိန်းချုပ်ရသည်မှာ များစွာခက်ခဲနိုင်ပါသည်။ ဖြစ်စဉ် အ လွန်ထိန်းချုပ်မှု (After the Terrorist Control) ကို ACT ဟု ခေါ်သည်။ ACT ကိုဆောင်ရွက်ရသည် မှာ လွန်စွာသတိထားရသည်။ အမေရိကန်လို ယဉ်ကျေးမှုစုံဝါဒ (Multiculturalism) ကို အားပေးသော လူ့အဖွဲ့အစည်းမှာပင် ၉ /၁၁ ဖြစ်စဉ်အလွန်မှာ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ဖူးသည်။ ကမ္ဘာကျော် အကြမ်းဖက်မှုကြီး အ ပြီးတွင် အမေရိကန်အစိုးရနှင့် ပြည်သူလူထုကြီးမှာ ဇာတိပုညဂုဏ်မာနတွေ ချွန်မြလာပြီး အကြမ်းဖက် အ သိုင်းအဝိုင်းအပေါ် လိုအပ်သည်ထက်ပို၍ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြသည်။ ကလဲ့စားချေရေးထက်ပို၍ လက်ဦးမှုရယူရေးဟူသော အိုင်ဒီယာမာနကို ဗန်းတင်လာသောအခါ ကမ္ဘာ့အသိုင်းအဝိုင်းကိုပင် ဂရုမစိုက် တော့ဘဲ ထင်ရာစိုင်းခဲ့ကြသည်အထိ ဖြစ်ကုန်တော့သည်။ အမျိုးသားရေးဝါဒအလံ တလူလူလွှင့်လျက် တန် ပြန်ကောင်တာတက်ခဲ့ကြရာတွင် ‘လစ်ဘရယ်’ ဟူသော အမေရိကန်၏ သရုပ်သကန်သည်ပင် ထိခိုက်ပျက် စီးရသည်ထိဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အကြမ်းဖက်မှုအပြီးတွင် ဒေသအတော်များများမှာ တန်ပြန် အကြမ်းဖက်မှုများ ခပ်စိပ်စိပ်ပေါ်ထွက်ခဲ့သည်။ အကြမ်းဖက်မှု၏ သဘောသဘာဝမှာ တစ်ခုပြီးယုံမျှနှင့် ပြီးသည်မဟုတ်။ ယင်းနှင့်ဆက်စပ်၍ နောက်ဆက်တွဲ အကြမ်းဖက်မှုများ ပေါ်ပေါက်လာတတ်သည်။ အ ထူးသဖြင့် ခံလိုက်ရသောလူ့အဖွဲ့အစည်း၏ အမျက်ဒေါသကို အကြမ်းဖက်သမားနှင့် ဆက်စပ်နေသော ဘာသာ၊ လူမျိုး စသည့် လူ့အဖွဲ့အစည်းတစ်ခုက ပြန်ပြီးပေးဆပ်ရလေ့ရှိသည်။ တကယ်တမ်းတော့ အဓိ ပ္ပာယ်လုံးဝမရှိသော မိုက်မဲမှုသာဖြစ်သည်။ ယင်းလုပ်ရပ်သည် တစ်ပူပေါ် နှစ်ပူဆင့်ခြင်းသာဖြစ်သည်။မြန်မာ ကဲ့သို့ ဘာသာရေး၊ လူမျိုးရေးကွဲပြားမှုအပေါ် ရင့်ကျက်စွာ လက်ခံနိုင်မှုအားနည်းလှသောနိုင်ငံမျိုးတွင် သည် လိုပြဿနာတွေက ထိန်းသိမ်းဖို့ပို၍ ခက်ခဲလွန်းလှသည်။

အကြမ်းဖက်မှုဖြစ်စဉ်အလွန်ကာလကို ထိန်းချုပ်ရာတွင် ပြည်သူလူထုကိုသာမက အစိုးရကိုယ်တိုင်လည်း ထိန်းချုပ်နိုင်ဖို့လိုသည်။ အစိုးရ၏ အကြမ်းဖက်နှိမ်နင်းရေး (Counter Terrorist) သည် အကန့်အသတ် (Limit) ရှိဖို့ အရေးကြီးသည်။ အစိုးရကိုယ်တိုင်က ‘ကျွံ’ သွားလျှင် ပြည်သူက ပိုဆိုးလာနိုင်သည်။ ထို့ပြင် အကြမ်းဖက်သမားများအပေါ် အစိုးရ၏ကိုင်တွယ်ဆောင်ရွက်ပုံက ပျော့ညံ့လွန်းလျှင်လည်း ပြည်သူ၏ ဒေါ သကို ဆွပေးသလို ဖြစ်တတ်ပြန်ပါသည်။ထို့ကြောင့် အကြမ်းဖက်မှုကို အချိန်နှင့်တစ်ပြေးညီ အရေးယူ ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ပြည်သူလူထုကို တန်ပြန်အကြမ်းဖက်မှုများ မလုပ်ဆောင်ကြဖို့ အသိ ပညာပေးရပါမည်။ တန်ပြန်အကြမ်းဖက်မှု ကျူးလွန်ဖို့ ကြိုးစားအားထုတ်သော အဖွဲ့အစည်းများကို တင်း ကျပ်စွာ ပိတ်ဆို့အရေးယူနိုင်ဖို့ လိုသည်။

ပြည်သူလူထုအနေနှင့် အကြမ်းဖက်သမားနှင့် လူ့အဖွဲ့အစည်းကို ခွဲခြားမြင်တတ်ဖို့လိုသည်။ အကြမ်းဖက်မှုနှိမ်နင်းရေးကို ကမ္ဘာ့အသိုင်းအဝိုင်းက လက်ခံသော်လည်း နောက်ဆက်တွဲအနေနှင့် မည်သို့မျှ မသက်ဆိုင်သော လူ့အဖွဲ့အစည်းများအပေါ် ရန်ပြုခြင်းကိုတော့ လက်ခံနိုင်ကြမည် မဟုတ်ပါ။ ဒီလိုအချိန်မျိုးမှာ တိုင်း ပြည်ကိုဆူပူစေလိုသော၊ အခြားလူ့အဖွဲ့အစည်းကို ပြဿနာရှာလိုကြသော အုပ်စုများအတွက် တကယ့်အ ခွင့်အခါကောင်းဖြစ် သည်။ ဒေါသဖြစ်နေသော လူထုကြီးကို အနည်းငယ်ဆွပေးလိုက်သည်နှင့် အုပ်စုလိုက် ပါလာတတ်သည်။ လတ် တလောစိတ်ခံစားချက်ကို ရှေ့တန်းတင်ကြခြင်းဖြင့် တိုင်းပြည်၏ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေတော့သည်။ အ ကြမ်းဖက်မှုဖြစ်စဉ် အလွန်ကာလမှာ ပြည်သူရော၊ အစိုးရရော အထူးသတိပြုနေ ထိုင်ကြရမည့်အချိန်လည်း ဖြစ်ပါသည်။

ရေရှည်စီမံချက်

မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနှင့် အကြမ်းဖက်မှုကို တားဆီးကာကွယ်ရာတွင် လုပ်ဆောင်စရာ အချက်တွေ များစွာရှိပါသည်။နိုင်ငံရေးအရ တရားမျှတမှုကို ဖော်ဆောင်ပေးခြင်း၊ လူမျိုးရေးဘာသာရေး ဆိုင်ရာကိစ္စများတွင် အခွင့်အရေးတူညီစွာပေးအပ်ခြင်း၊ မတူညီသော ယဉ်ကျေးမှုများအကြားတွင် အပြန်အလှန် လေးစားတန်ဖိုးထားတတ်လာစေရန် လှုံ့ဆော်ပေးနိုင်ခြင်း အစရှိသည့်အချက်တို့ကို လုပ်ဆောင်ပေးဖို့လို သည်။ ဆိုခဲ့ပါအ ကြောင်းချင်းရာများကို ပြုပြင်ပြီးသည့်တိုင် အကြမ်းဖက်မှုက မဖြစ်နိုင်တော့ဟု ဆိုနိုင်သည် မဟုတ်ပါ။ လူရှိလျှင် ပြဿနာရှိမည်သာ။ ထို့ကြောင့် ပြဿနာရှင်းဖို့နည်းလမ်းများနှင့် ပြဿနာကို ကြိုတင် ကာကွယ်ဖို့ ရေရှည်စီမံချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရပါလိမ့်မည်။

နိုင်ငံတကာမှာတော့ အကြမ်းဖက်ဖြစ်စဉ် စောင့်ကြည့်လေ့လာရေးစနစ် (Terrorism Incidents Monitoring Team) တစ်ခုကို ဖော်ဆောင်ပြီး အကြမ်းဖက်ပြဿနာအတွက် မူဝါဒတွေ ချမှတ်လုပ်ဆောင်လေ့ရှိသည်။ အ ဆိုပါ TIMT စနစ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် တိကျခိုင်မာသော သတင်းအချက်အလက် များကို ရရှိစေခြင်း၊ အကြမ်းဖက်ပြဿနာများအတွက် မူဝါဒချမှတ်ရာတွင် များစွာအထောက်အကူဖြစ်စေ ခြင်း၊ ဖွံ့ဖြိုးရေးဆိုင် ရာမူဝါဒများအတွက် အထောက်အပံ့ဖြစ်စေခြင်း၊ အချက်အလက်ကို အခြေခံသော ကြောင့် အကြမ်းဖက်မှုနှိမ နင်း ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသုံးတည့်ခြင်း၊ နိုင်ငံတကာနှင့် သ တင်းချိတ်ဆက်ရယူရာတွင်အား ကောင်းခိုင်မာစေခြင်း အစရှိသည့် အကျိုးဆက်များကို ရရှိနိုင်မည်ဖြစ် သည်။

မြန်မာနိုင်ငံတွင် ထိုသို့သောအဖွဲ့အစည်းမျိုးလိုအပ်သည်။ အကြမ်းဖက်ပြဿနာဟူသည် စိတ်ချရပြီဟူသော အ ခြေအနေမျိုး မည်သည့်အခါမှ မရှိနိုင်ပေ။ လုံခြုံရေးစနစ်များ ကောင်းမွန်လှပါသည်ဆိုသော အမေရိကနှင့် ဥရော ပတစ်လွှားမှာပင် အကြီးအကျယ် ခြိမ်းခြောက်နိုင်ခဲ့သည်ဖြစ်ရာ အဘက်ဘက်က အားနည်းလှသော နိုင်ငံမျိုးတွင်ပို၍ သတိပြုလုပ်ဆောင် နိုင်ဖို့လိုသည်။ အကြမ်းဖက်မှုသည် မည်သည့်ဘာသာ၊ မည်သည့် လူ မျိုးများမှဖြစ်စေ လုပ်ဆောင်နိုင်သောကိစ္စဖြစ်ရာ ‘အတွင်း’ နှင့် ‘အပြင်’ နှစ်ခုလုံးကို စေ့စေ့စပ်စပ်လေ့ လာ ပြီး ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ လိုပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သောအမေရိ ကန် အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးမဟာဗျုဟာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေသော လက်ယာစွန်းအကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုမြင့်တက်လာခြင်းကို သတိပြုကြဖို့ လှုံ့ဆော်တိုက်တွန်း ထား သည်ကို တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက်မှုဟူသည်မှာ လက်ဝဲစွန်းရော လက်ယာစွန်းများဆီကပါ ပေါ်ပေါက်လာနိုင်သော ပြဿနာတစ်ခုဖြစ်သည့်အတွက် ရေတို ရေရှည်စီမံချက်များ ချမှတ်ပြီး ကြိုတင် ကာ ကွယ်သင့်ပါသည်။

မီးဆိုသည်ကား မလောင်ခင် တားရသည်။ ထိုသို့တားဆီးနေသည့်တိုင် လုံးဝမလောင်နိုင်ဟုတော့ သတ်မှတ် လို့မရ။ အကြမ်းဖက်မှု၏ သဘောမှာလည်း ထိုသို့သာဖြစ်သည်။ သို့နှင့်တိုင် အချိန်ပြည့်တုန်လှုပ်ခြောက် ခြားပြီး ကြောက်လန့်နေစရာတော့မလိုပါ။ ပြည်သူလူထုအနေနှင့် အကြမ်းဖက်အန္တရာယ်နှင့် သက်ဆိုင်သော လုံခြုံရေးသတိရှိကြဖို့နှင့် အစိုးရဘက်ကလည်း တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့သာ အရေး ကြီးပါသည်။ အဓိကတော့ သတိမလွတ်ဖို့ ဖြစ်သည်။ 

ဝင်းကို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */