" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 15, 2019

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ဧရာဝတီ
 By နန်းလွင်နှင်းပွင့်
14 June 2019

ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ကျော်ခ / ဧရာဝတီ

ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု သဘောတူ ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းနေရာ တပ်မတော် ဘက်မှ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပေါ် သဘောထား တင်းမာမှုများ ရှိနေသဖြင့် ဆွေးနွေးမှုတွင် အခက်အခဲများ ရှိနိုင်သည်ဟု ရက္ခိုင်စစ်တပ် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီကို ပြော သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “အစည်းအဝေးထိုင်မယ့် နေရာကိစ္စ အဆင်ပြေခဲ့ရင်တောင် ဆွေးနွေးမယ့် အကြောင်း အရာတွေမှာ အခက်အခဲရှိနိုင်ပါတယ်။ အထူးသဖြင့် နှစ်ဖက်တပ်များ ချထားရေးကိစ္စတွေပါ။ ကျနော်တို့ AA ကို သူတို့က တပ်နေရာချထားရေးနဲ့ ပတ်သတ်ပြီး တင်းတင်းမာမာ ပြောဆိုထားတာ ရှိသလို ကျနော်တို့မဟာမိတ် ၂ ဖွဲ့ဖြစ်တဲ့ TNLA နဲ့ MNDAA အပေါ်မှာလည်း သိပ်ရေရာတဲ့ အနေအထားတွေ မတွေ့ရ ပါဘူး။ ဒါ့ကြောင့် သဘော ထား တင်းတင်းမာမာ ရပ်တည်ထားတဲ့ အခြေအနေပေါ်မှာ စောင့်ကြည့် နေတာပါ “ ဟု ပြောသည်။

Bilateral အတွက် တပ်နေရာ ချထားရေးကိစ္စများ ဆွေးနွေးရာတွင် AA ကို လိုင်ဇာမြို့တွင်သာ အသိအ မှတ်ပြုမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း လှုပ်ရှားမှုများကို အသိအမှတ်ပြုမည် မဟုတ်ဟု တပ်မတော်က ပြောဆိုထားသည်။

ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် က “သူတို့ ခွင့်ပြုတာ မပြုတာထက် ကျနော်တို့ နေနေပြီးပြီပဲ နေလို့တောင် တိုက် ပွဲတွေအများကြီး တိုက်နေပြီ။ ရောက်ပြီးသားကို လက်မခံတာကတော့ အခြေအနေကို ပိုပြီး ဆိုးဝါးစေမယ့် အပြော အဆိုတွေပေါ့ဗျာ။ အလားတူပဲ TNLA ဆိုရင်လည်း သူတို့ပြောဆိုတာတွေရှိပါတယ်။ တပ်နေရာ ချ ထားရေးနဲ့ပတ်သတ်ပြီး ဘယ်နေရာ ဘယ်လောက်ဆိုတာ။ ကိုးကန့်လည်း ဒီအတိုင်းပါပဲ” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ်များဘက်မှ တပ်နေရာချထားရေးနှင့် ပတ်သတ်၍ အကျယ်တဝင့် ထုတ်ဖော် ပြော ဆိုခြင်း မရှိသည်မှာ ဆွေးနွေးရာတွင် အတားအဆီးများ ဖြစ်မည်ကိုလည်း စိုးရိမ်ခြင်းကြောင့် ဖြစ်ပါသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “ကျနော်တို့က Bilateral ဆိုတာထက် နိုင်ငံရေးအရ တစုံတရာ တိုးတတ်မှုရှိတဲ့အရွေ့ တခုကို ရောက်စေချင်တာတော့ မှန်တယ်။ တဖက်က တင်းတင်းမာမာနဲ့ ပြောနေတဲ့ အပေါ်မှာတော့ ကျနော်တို့က ဘာမှ စောဒက တတ်ပြီး ကျော်ပြောနေလို့ မရပါဘူး” ဟု ဆိုသည်။

AA သည် ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ထိန်းချုပ်သည့် လိုင်ဇာမြို့တွင် စတင် တည်ထောင်ကာ ဌာနချုပ် စိုက် ထားသော်လည်း ၂၀၁၅ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ် -မြန်မာ နယ်စပ်၊ ချင်း ပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဝင်ရောက် လှုပ်ရှားလာကာ လက်ရှိတွင် ရခိုင်ပြည်နယ်မြောက် ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့အထိ လှုပ်ရှားလျက် ရှိသည်။

၂၀၁၉ ခုနှစ်တွင် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ AA လှုပ်ရှားသည့် မြို့နယ်များ တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲ အကြိမ်ရေ ၁၁၀၀ ကျော် ဖြစ်ပွားထားသည်ဟု ရက္ခိုင်စစ်တပ်ဘက်မှ ထုတ်ပြန်ထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “AA ကတော့ ကျနော်တို့က ပြောပြီးသားပါ။ ထပ်ပြောစရာတော့ မရှိပါဘူး။ ကျန်တဲ့ အဖွဲ့တွေကတော့ ဆွေးနွေးတဲ့ အခါကျရင် သိလာမှာပါ။ AA နဲ့ ပတ်သတ်လို့ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ယခင်က အဖြူရောင် နယ်မြေ ဖြစ်ခဲ့တဲ့ နေရာမှာ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ က သဘော ထား ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတပ်မတော် – ကိုးကန့်တပ်ဖွဲ့ ( MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် AA တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ကိုယ်စားလှယ်များ အကြား Bilateral စာချုပ် ညှိနှိုင်းရေးအတွက် တွေ့ဆုံရန် ညှိနှိုင်းနေသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

ဧပြီ ၃၀ ရက်တွင် နောက်ဆုံး တွေ့ဆုံထားခြင်း ဖြစ်သည်။

ဧပြီ ၃၀ ဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဘက်မှ ပေးလိုက်သည့် အချက်အလက်များ၊ အဆိုပြု ချက်များကို အစိုးရနှင့် တပ်မတော် ကြား ဆွေးနွေးထားပြီး Bilateral အတွက် အစိုးရနှင့် တပ်မတော်မှာသဘောထား တခုတည်း ဖြစ်နေပြီ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

အစိုးရနှင့် တပ်မတော်ကြား ဆွေးနွေးထားသည့် အချက်များကို မေးမြန်းရာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိ အခြေအနေတွင် အသေးစိတ်ထုတ်ဖော်ပြောဆိုရန် မရှိသေးဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “Bilateral ကတော့ ကျနော်တို့ရပ်တည်ချက် သဘောထားကို ကျနော်တို့ ထုတ်ပြောပြီးပြီပဲ။ အဲ့အတိုင်းပဲဖြစ်ပါလိမ့်မယ် ပြေလည်ခြင်း မပြေလည်ခြင်းကတော့ သူတို့ အပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့က Bilateral ချုပ်ဆိုရာတွင် နှစ်ဖက်တပ်နေရာ ချထားရေးများ၊ နှစ်ဖက်တပ်ကြား စာ ချုပ်ထဲတွင် နေရာအတိအလင်း ထည့်သွင်းသတ်မှတ်ထားသည့် အပေါ်တွင် ပြန်လည် မပစ်ခတ်ရန် အပြန်အလှန် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလည်း ထည့်သွင်း သဘောတူ လက်မှတ်ထိုး ရန် တောင်းဆိုထားသည်။

တိုင်းရင်းသားအရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “တပ်ပိုင်းဆိုင်ရာ Bilateral ထိုး မယ် ဆိုရင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမယ်ဆိုရင် AA နဲ့ တင်မကပါဘူး။ TNLA တို့ ကိုးကန့်တို့နဲ့လည်း စကားပြောရလိမ့်မယ် ထင်ပါတယ်။ KIA နဲ့ Bilateral မထိုးထားပေမယ့် အပစ်ရပ်စဲရေးက ၁၉၉၄ မှာ တကြိမ် လုပ်ထားတဲ့အပြင် တပ်ပိုင်းဆိုင်ရာ တစုံတရာ ဆွေးနွေးဖူးတော့ ပြဿနာ မရှိဘူး” ဟု ပြောသည်။

AA၊ MNDAA နှင့် TNLA တို့မှာ တပ်မတော်နှင့် အပစ်ရပ်စာချုပ်များ မရှိပါ။ တပ်နေရာ ချထားရေးများလည်း ယ ခင်က ဆွေးနွေးမှု မရှိသည့်အပြင် အစမှစ ပြောဆိုရမည် ဖြစ်သဖြင့် ကြီးမားသည့် ငြင်းခုန်မှုများ၊ ညှိနှိုင်းမှုများ ပြုလုပ်ရလိမ့်မည်ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။

TNLA လှုပ်ရှားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ယခင်က ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်ဦး (PSLA) လှုပ်ရှားဖူးသော်လည်း PSLA က ၂၀၀၅ ခုနှစ်တွင် လက်နက်ဖြုတ်သိမ်း သွား သဖြင့် TNLA နှင့် တပ်မတော်ကြား တပ်နေရာချထားရေးမှာလည်း အသစ်ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ မန်တုံ နှင့် နမ့်ဆန်မြို့နယ်တို့တွင် လှုပ်ရှားသည်။

ဦးမောင်မောင်စိုး က MNDAA သည်လည်း ဌာနချုပ်မှာ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ဟုန်အိုင်တောင် ကြော တွင် ဌာနချုပ် အခြေစိုက်ကာလ လှုပ်ရှားသည်ဟုဆိုသော်လည်း လက်ရှိတွင် သံလွင်မြစ် အနောက်ခြမ်းတကြော ထိ တပ်ဖွဲ့များ လှုပ်ရှားနေသဖြင့် တပ်ပိုင်းဆိုင်ရာတွင် ဆွေးနွေးရမည့် အကြောင်း အရာ တခု ဖြစ်လာနိုင်သည်ဟု ပြောသည်။

ဦးမောင်မောင်စိုး က “Bilateral ထိုးနိုင်မှ နိုင်ငံရေးအတွက် အရွေ့တခုကို ရောက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တပ်ဘက်က စိုးရိမ်စိတ် သိပ်ကြီးတဲ့အခါကျတော့ နိုင်ငံရေးဆွေးနွေးပွဲကို ပိတ်ဆို့ပြီး ကစားတဲ့ ပုံစံဖြစ်တော့ နိုင်ငံရေးအရွေ့က တော်တော်နဲ့ မရွေ့ဘူး ဖြစ်နေတာပေါ့” ဟု သုံးသပ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား မေ ၂၄ ၊ ၂၅ တွင် တွေ့ဆုံရန် ဆွေးနွေးထားသော်လည်း နှစ်ဖက်ညှိနှိုင်းမှုများ မပြေလည်သေးသဖြင့် ထပ်မံ တွေ့ဆုံရန် ယနေ့ထိ အတည်တ ကျ သဘောတူနိုင်ခြင်း မရှိသေးပါ။

အစည်းအဝေး ထပ်မံပြုလုပ်ပါက Bilateral စာချုပ်အတွင်း ထည့်သွင်းမည့် အချက်များကို ဆွေးနွေးကြမည် ဖြစ် သည်။

You may also like these stories:


Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */