ဗိုလ်ချုပ် ထွန်းမြတ်နိုင်(လယ်) (ဧပြီ၊ ၁၆၊ ၂၀၁၉)
ရခိုင်ပြည်နယ်တွင်းက ရက္ခိုင်တပ်မတော် AA နဲ့ အစိုးရတပ်မတော်အကြား ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ စ တင်ပြီတိုက် ပွဲတွေပြင်းထန်ခဲ့တဲ့နောက် facebook ခေါ် လူမှုကွန်ယက် စာမျက်နှာတွေမှာလည်းလူမျိုးရေး အရ အပြန် အလှန် တိုက်ခိုက်မှုတွေ မြင့်တက်လာချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ဟာ လူမျိုးရေး အမုန်းတရားအပေါ် အခြေမခံကြောင်းကို အဖွဲ့ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပန်ဆန်းမြို့မှာ ဒီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ဝပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ပြည့် အခမ်းအနားကို တက်ရောက်စဉ် ဒီသတင်းစာ ရှင်း လင်းပွဲ ကျင်းပချိန်မှာ အခုလို ပြောဆိုတာပါ။
“အခု တစ်ခါတစ်လေ ပြောဆိုကြတာ ကျနော်ကြားမိတယ်။ ရခိုင်၊ ဗမာ အမုန်းတရားပေါ့လေ။ စစ် ဖြစ်လာ ပြီ ဆိုတော့ နိုင်ငံရေးကို သိပ်နားမလည်တဲ့ သူတွေထဲမှာကျတော့ လူမျိုးရေး ခံစားချက်တွေ ရှိကောင်း ရှိတတ် ပါ လိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ULA အဖွဲ့အစည်းရဲ့ ပေါ်လစီမှာတော့ လူမျိုးရေး အမုန်းတရားကို အခြေခံပြီး လုပ်တဲ့ အလုပ်မရှိပါဘူး။ ဘာသာမတူတာတို့၊ လူမျိုးရေးမတူတာတို့ကို ကျနော်တို့ စိတ်ရှည်ဖို့၊ သည်းခံ ဖို့ပေါ့လေ ဟာမိုနီဖြစ်ဖို့ ကျနော်တို့ လမ်းညွှန်ချက်တွေ ချပြီးမှ လုပ်ဆောင်နေတာဖြစ်ပါတယ်။”
ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ARSA လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တာ မရှိကြောင်း ငြင်းဆို ခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်းက ဆင်းရဲဒုက္ခကြုံနေရတဲ့ မူဆလင် လူမှုအသိုင်းအဝိုင်းကိုလည်း စာနာကြောင်း ထည့်သွင်းပြောဆိုပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ AA အဖွဲ့ဟာ အခြား မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ PSLF/TNLA ပလောင်၊ MNTJP/MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း ထိရောက် တဲ့အဖြေ မရှာနိုင်သေးသလို တိုးတက်မှု ရေရေရာရာ ဘာမှမရှိဘူးလို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောပါတယ်။
“ကျနော်ကတော့ သိပ်တိုးတက်မှုရှိတယ်လို့တော့ မသုံးသပ်ဘူး။ တစ်ခါတစ်ခါ အရင် ဟိုမြန်မာနိုင်ငံ တောင် ပိုင်းကပေါ့။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရဲ့ သတင်း ထုတ်ပြန်ချက်တွေကို ကျနော်ကြားမိတိုင်း နည်းနည်း တမျိုးထင်တယ်။ ဆွေးနွေးပွဲတစ်ခု လုပ်တယ်။ ပြန်ထွက်လာတိုင်း ကျနော်တို့ တိုးတက်မှု ရှိတယ်။ အဆင်ပြေတယ်လို့ ပြောတယ်။ တစ်ကယ်ဆို ဘာမှလည်း အဆင်မပြေဘူး။ ရှေ့လည်း မရောက်ဘူး၊ နောက်လည်း မရောက်ဘူး။ ဒီတိုင်းပဲ။ အဲဒီအချိန်မှာ ပြည်သူလူထုကို အဆင်မပြေဘဲနဲ့ ပြေတယ်လို့လည်း မပြောသင့်ပါဘူး။ ဒါကတော့ wrong message ပေးတယ်လို့ပဲ ယူဆပါတယ်။ အခု ကျနော်တို့ ထိတွေ့မှုမှာ ဆက်ဆံမှုမှာပေါ့။ ကျနော်တို့ လုပ်ချင်တဲ့ဆန္ဒတွေကိုတော့ ဖော်ပြကြတာပေါ့။ အခုလည်း ၃၀ ရက်နေ့မှာ ကျနော်တို့ မြောက်ပိုင်း ၄ ဖွဲ့ပေါ့လေ တွေ့ဖို့ရှိပါတယ်။ တွေ့ဖို့ရှိတဲ့ဆိုတော့ အဲဒီမှာ Bilateral ကိစ္စတွေတော့ ပြောဖြစ်မယ်ထင်ပါတယ်။ အရင်ကလည်း ကျနော်တို့ Bilateral ကိစ္စ ပြောဖြစ်ကြတယ်။ ဒါပေမဲ့ အဆင်မပြေ ဘူးပေါ့။ တိုက်ပွဲတွေ ဖြစ်လာတယ်။ အခု အဲဒီကိစ္စတွေပြန်ပြောမယ်။ ပြောမယ်ဆိုရင်လည်းပဲ အစိုးရဘက် က ဖြစ်ချင်တာနဲ့ ကျနော်တို့ဘက်က ဖြစ်ချင်တာ တော်တော်လေးကို ညှိယူရအုံးမှာဖြစ်ပါတယ်။”
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပေါ် သဘောထားကိုတော့ အခုလို ပြောဆိုပါတယ်။
“NCA ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ မနက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သူ့ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရတယ်။ ဒီ NCA နဲ့ပတ်သက်ပြီး ကျနော်တို့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ကျနော်တို့ ရခိုင် ULA အဖွဲ့အစည်းအနေနဲ့ဆိုရင် NCAကို ကျနော်တို့ အဖွဲ့အစည်း အကုန်လုံးအတွက် ပေါ့လေ ဒီဟာတစ်ခုတည်းနဲ့ ပြီးမြောက်တဲ့ စာတမ်း တစ်ခုလို့တော့ မယူဆထားဘူး။ ဒီမှာ ဖြည့်စွက်စရာ
တွေ၊ ပြောင်းလဲစရာတွေ လိုအုံးမယ်လို့တော့ သုံးသပ်ထားပါတယ်။”
ဒီသတင်း စာရှင်းလင်းပွဲမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိရင် ငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း လည်း ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ စတင်ပြီး အစိုးရတပ်မတော်နဲ့ AA အကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို ဒီနှစ်ဦးပိုင်းမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့ရွာတွေ အနီးအနားမှာပါ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။
Link : Here
No comments:
Post a Comment