Tuesday, April 16, 2019

“ကျွန်တော်တို့မှာ ဝ ထက် မညံ့တဲ့ မျှော်မှန်းချက်တော့ ရှိတယ်”- ဗိုလ်ချုပ်ထွန်းမြတ်နိုင်

Frontier
MYANMAR
Tuesday, April 16, 2019 

 ဝ ပြည်နယ် ပန်ဆန်းမှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် (၃၀) ပြည့်လို့ နာ မည်တပ် ထား တဲ့ ဝ ပြည်နယ် တည်ထောင်တဲ့နေ့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း စုံက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။ အစိုးရဘက်က ကိုယ်စား လှယ်အနေနဲ့ ဦးသိန်းဇော်နဲ့ ဦးဇော်ဌေးတို့ တက် ရောက်လာပါတယ်။ ရခိုင်ပြည်နယ်မှာ လတ်တလော မြန် မာ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေ တဲ့ ရက္ခိုင့်တပ်မတော် (AA) က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့လည်း တက်ရောက် လာတာ တွေ့ရပါတယ်။ ဝ ပြည်နယ်၊ ပန်ဆန်းမြို့ကို ရောက်ရှိနေ တဲ့ Frontier အကြီးတန်းသတင်းထောက် မြတ်ကျော်သူက AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ဆုံ မေးမြန်း ထားပါတယ်။

အရင်က Arakan Dream 2020 ပေါ့၊ ဒါကို ဦးတည်ချက်ချမှတ်ပြီး လုပ်ဆောင်လာတာမှာ မျှော်လင့်မ ထားတဲ့ အောင်မြင်မှုတွေ ရနေတယ်လို့ ယူဆပါတယ်။ ခုနောက်ပိုင်း ထောက်ခံမှုတွေများလာတယ်၊ အောင်မြင်တာတွေလည်း ရှိလာတယ်ဆိုတော့ ဒီ Arkan Dream 2020 က ပြောင်းလဲပြီး တခြား လမ်း စဉ်သစ်တခုခု ပြောင်းလဲ ချမှတ်လိုက်တာမျိုး ရှိသလား။
 
ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ဘယ်တော့မှ မယိမ်းယိုင်ပါဘူး။ ခိုင်မာတဲ့ မျှော်မှန်းချက်ရှိပါတယ်။ သူများ ထင်သလို မမျှော်မှန်းထားတဲ့အောင်မြင်မှုတော့ မဟုတ်ပါဘူး။ ဒါဟာ လုပ်သင့်လုပ်ထိုက်တာကို အဆင့် တိုင်းမှာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ဖြတ်သန်းလာခဲ့တာဖြစ်တယ်။

မြန်မာ့တပ်မတော်က ကြိုဆိုလို့၊ သဘောတူလို့ ကျွန်တော်တို့က ရခိုင်ပြည်ကို ရောက်လာတာမဟုတ်ဘူး။ ကျွန်တော် တို့ပေးဆပ်မှုအများကြီးနဲ့ ရောက်လာတာဖြစ်တယ်။ နောက်ထပ်လည်း ကျွန်တော်တို့မျှော် မှန်း ထားတဲ့အရာတွေကို အကောင်အထည်ဖော်သွားဖို့ ပြင်ဆင်ထားတယ်။

မြန်မာတပ်မတော်ဟာ AA နဲ့ ပဋိပက္ခတွေမတိုင်ခင်က ၂၀၁၆ - ၁၇ ARSA (အာဆာ) ပြဿနာတွေ ရှိခဲ့တယ်။ အဲ့ဒီတုန်းကကိစ္စတွေကြောင့် အိုင်စီစီက မြန်မာစစ်တပ်အပေါ်ဖိအားတွေ မြင့်တက်ခဲ့တယ်။ စစ်တပ်ရဲ့ အိုင်စီစီအကြပ်အတည်းကို AA အတွက် အားသာချက်တခုလို့ ယူဆပါသလား။

အားသာချက်လို့တော့ မပြောလိုပါဘူး။ ဒါပေမယ့် သူတို့ဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာက ဒီ တနှစ်၊ နှစ်နှစ်မှ မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ လောက်ရှိပါပြီ။။ အခုမှ ဒီ ရိုဟင်ဂျာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ သူ များက သိလာတာဖြစ်တယ်။ ဘာပဲပြောပြော ဒီချိန်မှာ သူတို့ကို အိုင်စီစီက စွဲချက်တွေတင် ထားတဲ့ အပေါ် မှာ ရခိုင်ပြည်မှာလုပ်တဲ့အချိန်မှာတောင်မှ လက်လွန်ခြေလွန်ဖြစ်နေတာတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့နည်းနည်းတော့ သတိထားတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့လူထုအတွက် နည်းနည်းပါးပါးတော့ သက် သာတာပေါ့။ ဒါမှမဟုတ်ရင် ဒီထက်အများကြီး မိုက်ရိုင်းလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ အခုလည်း သိပ်တော့ မထူးပါဘူး။

အစိုးရက ရခိုင်မှာ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်နေတယ်လု့ိဆိုတယ်။ ဒီချိန်မှာ AA က ပေါ်လာတယ်၊ ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုတယ်။ အစိုးရကပေါ့၊ စစ်တပ်အနေနဲ့ မဟုတ်ဘူး။ ဒီအ ပေါ်မှာ အစိုးရကို ဘာပြန်ပြီး ပြောချင်သလဲ။

ကျွန်တော်တို့ ရခိုင်မှာ စကားပုံတခုရှိတယ်။ ယောက္ခမသေတာနဲ့ ငါးခူ စူးတာနဲ့ တိုက်ဆိုင်နေတာပေါ့ဗျာ။ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကတော့ ဘာမှ မအောင်မြင်တဲ့၊ နောက်တမျိုးပြောရရင် သူ့ရဲ့ ကတိ ကဝတ်တွေကို ဘာမှ အကောင်အထည် မဖော်နိုင်ဘူး။ အဲ့ဒီမှာ ရခိုင်ဘက်ကပြဿနာတွေကို သူက အပြစ် ပုံချတာပေါ့။ တကယ်ဆို သူအစွမ်းအစရှိရင် သူ့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။ ကျွန်တော်သာ NLD ပါတီရဲ့ခေါင်းဆောင်ဆိုရင် ဒီထက်တိုးတက်အောင်တော့ အများကြီးလုပ်နိုင်မယ်ထင်တယ်။ တကယ်ပြောတာ။

ဒီလိုဆိုရင် တကယ်လို့ NLD အနေနဲ့ သူ့ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် အခု လိုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုလိုချင်တာလား။

အဲ့ဒီလိုတော့ မဟုတ်ဘူး။ တခါတလေက နိုင်ငံရေးပါတီတွေက အာဏာရဖို့ကြိုးစားတဲ့ ကမ်ပိန်း ကတိက ဝတ်တွေရှိတယ်။ သူတို့က မဲနိုင်ချင်တဲ့အချိန်မှာ ကမ်ပိန်းလုပ်ခဲ့တာပဲရှိတယ်။ တကယ်လို့ အဲ့ဒါတွေကို အကောင်အထည်ဖော်ဖို့ စွမ်းရည်မရှိဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ အခြေခံဆင်းရဲဒုက္ခရောက်နေ တဲ့လူတွေ အတွက် သနားစရာအခြေ အနေပေါ့၊ ကံမကောင်းတဲ့ အနေအထားတခုဖြစ်နေတယ်။

AA က ခုလို လှုပ်ရှားမှုတွေ မလုပ်ခင်တုန်းက၊ ဒေါက်တာအေးမောင်နဲ့ သူ့ ရခိုင်အမျိုးသားပါတီပေါ်မှာ မျှော်မှန်းချက်တခုခု ရှိခဲ့လား။

ကျွန်တော်တို့က မဝေဝါးပါဘူး။ ကျွန်တော်တို့လုပ်သင့်တဲ့အလုပ်တွေအတွက် ကျွန်တော်တို့မှာ ခိုင်မှာတဲ့ အာဂျင်ဒါတွေ ရှိပြီးသားဖြစ်တယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေက ပီပြင် တဲ့နိုင်ငံရေးထွက်ပေါက်ကို မတွေ့နိုင်ဘူးဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့် ဘာပဲပြော ပြော ၂၀၀၈ အောက်က လှုပ်ရှားတဲ့လှုပ်ရှားမှုတွေကိုလည်းပဲ ကန့်ကွက်စရာအကြောင်းတော့ မရှိပါဘူး။ ကျွန်တော်တို့ အများကြီး High Expectation (မျှော်လင့်ချက်ကြီးကြီး) တော့ မထားပါဘူး။

အခု ဝ ကို ရောက်လာတယ်ပေါ့၊ တခြား တိုင်းနဲ့ပြည်နယ်တွေထက် ဖွံ့ဖြိုးမှုတွေ မြင်ရတယ်။ ဆိုတော့ AA က ဝ ရဲ့ ပုံစံလိုမျိုး မျှော်မှန်းတာလား။

ကျွန်တော်တို့မှာ ဝ ထက် မညံ့တဲ့မျှော်မှန်းချက်တော့ရှိတယ်။ ခင်ဗျားတို့ ဒီကိုလာတဲ့အချိန်မှာ ဒီအနေအ ထား တခုကိုကြည့်လိုက်၊ သူ့မှာလည်း မကောင်းသတင်းရှိတယ်၊ ကောင်းသတင်းရှိတယ်။ ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိမိရဲ့ ပြည်သူလူထုကို ငြိမ်းချမ်းအောင်ထားနိုင်တယ်၊ တိုးတက်အောင် ထားနိုင် တယ်။ ယုံကြည်ချက်တွေ တည်ဆောက်နိုင်တယ်၊ စည်းလုံးညီညွတ်အောင်တည်ဆောင်နိုင်တယ်၊ လူ့အဖွဲ့အစည်းတခုကို။

ဒီလိုမျိုး နှစ်ပေါင်း ၃၀ အခမ်းအနားက ဘာကိုပြသလဲဆိုတော့ တိုင်းရင်းသားတွေရဲ့ ပြည့်ဝတဲ့ ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့ အနာဂတ်ပြည်ထောင်စုရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။

ခေါင်းစီးဓာတ်ပုံ- ရက္ခိုင့်တပ်မတော် (AA) က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အား ဝ ဒေသ၊ ပန်ဆန်းမြို့တွင် ဧပြီ ၁၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ


လင့္၊https://frontiermyanmar.net/mm/news/14035

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */