Sunday, April 28, 2019

ဒုက္ခသည်ကလေးများ အကြမ်းဖက်ဝါဒအတွင်း သိမ်း သွင်းခံရနိုင်ဟု ဘင်္ဂလားဒေ့ရှ် ဆို

ဧရာဝတီ
By Muktadir Rashid  
27 April 2019
ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုအတွင်း မြင်ကွင်း / Reuters 

 အကယ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးက ကာလရှည်စွာ နှောင့်နှေးနေခဲ့ပါက ဒုက္ခသည်ကလေး များ လူငယ် ဖြစ်လာသည့် အချိန်တွင် အကြမ်းဖက်ဝါဒအတွင်းသို့ သိမ်းသွင်းခံရသည့် အန္တရာယ် ရှိလာလိမ့် မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးရဲ အဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ဧပြီလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဒက္ကာမြို့တော် ရဲအဖွဲ့၏ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းဌာန (CTTC ) အကြီး အကဲ Monirul Islam က ဒုက္ခသည်များ ရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ပြဿနာကြီး တခု ဖြစ်ကြောင်းပြောသည်။ အစိုးရအနေဖြင့် ၎င်းတို့ကို မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ ပြန်ပို့နိုင်ရေးအတွက် နည်း လမ်းတခုရှာဖွေရန် ကြိုးစားနေခဲ့သည်ဟု သူက ထပ်ပြောသည်။

“ခင်ဗျားတို့ သိတဲ့အတိုင်း UNHCR အကြီးတန်းအရာရှိတွေ ဘင်္ဂလာဒေ့ရ်ှကို လာနေကြပါတယ်။ သူတို့ (ဒုက္ခသည်များ) ကို ဖြစ်နိုင်သမျှ အတိုဆုံးအချိန်အတွင်း ပြန်ပို့နိုင်လိမ့်မယ်လို့ ကျနော်တို့က အကောင်းမြင် ထားပါတယ်” ဟု သူက မြို့ တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တခု၌ ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi၊ ပြောင်းရွှေ့နေထိုင်မှုများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် António Vitorino နှင့် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် ဧပြီလ ၂၄ ရက် နေ့တွင် ရောက်ရှိနေသည်။

“ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဒုက္ခသည်တွေ အနေနဲ့ သူတို့ရဲ့ နေအိမ်ကို မိမိ သဘောထားဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာ ပြန်သွားနိုင်စေရေး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဖန်တီးရေး အပါ အဝင် ရိုဟင်ဂျာတွေအတွက် အဖြေများကို ရှာဖွေချိန်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုအတွက် ခိုင်မာအားကောင်းတဲ့ နိုင်ငံတကာ ထောက်ပံ့မှု ဆက်လက်ပြီး ရှိဖို့ လိုအပ်ကြောင်း ပြသ ရန် ဖြစ်ပါတယ်” ဟု UNHCR ၊ IOM နှင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ညှိနှိုင်း ရေးရုံးတို့၏ ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များက မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ မွတ်ဆလင် ဒုက္ခသည်များကို ပစ် မှတ်ထားနေခဲ့ကြောင်း CTTC ၏ အကြီးအကဲက ပြောသည်။ သူတို့ကို ပြန်ပို့သည့် အချိန်အထိ ရဲတပ်ဖွဲ့က အခြားသော လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများနှင့် အတူ အခြေအနေကို သတိထားပြီး စောင့် ကြည့်သွားမည်ဟုလည်း ထပ်ပြောသည်။

“တကယ်လို့ လုံလောက်တဲ့ စောင့်ကြည့်မှုကို မလုပ်ခဲ့ဘူးဆိုရင် အနာဂတ်မှာ အခု ကလေးငယ်တွေဖြစ်ကြ တဲ့ ရိုဟင်ဂျာ တွေက အကြမ်းဖက်ဝါဒမှာ ပါဝင် ပတ်သက်လာဖွယ်ရာ ရှိပါတယ်” ဟု Monirul Islam က ဆိုသည်။

ယခုအချိန်အထိမူ ဒုက္ခသည်များက နိုင်ငံတကာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်များတွင် ပါဝင်မှု မရှိသေး ဟု သူက ပြောသည်။

ကုလသမဂ္ဂမှ လာရောက်ခြင်းက ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ နေပြည်တော်တွင် ဘင်္ဂလားဒေ့ရှ် -မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတခု မပြုလုပ်မီ တပတ်အလိုတွင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် သံတ မန်များ၏ အဆိုအရ အဆိုပါ အစည်းအဝေးကို မေလ ၃ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရ သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်ပိုင်းက ပြန်ပို့ရန် ပထမဆုံး ကြိုးစားမှုတခု ပျက်ပြားခဲ့ပြီးနောက် ဒုက္ခသည် များ ပြန်လည် ပို့ဆောင်ရေးတွင် တိုးတက်မှုမရှိဘဲ ဖြစ်နေခဲ့ရသည်။

ကုလသမဂ္ဂ ကိုယ်စားလှယ်များက ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အပေါ် နိုင်ငံတကာ အ သိုင်းအဝိုင်းက နောက်ထပ် အကူအညီများ ပေးနိုင်ရေးအတွက် နည်းလမ်းများရှာဖွေရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့နောက် ကိုယ်စားလှယ် အဖွဲ့က ဒုက္ခသည်များနှင့် တွေ့ဆုံရန်၊ မုတ်သုန်ရာသီအတွက် ပြင်ဆင်မှုများကို စစ်ဆေးရန်နှင့် အစားအစာနှင့် အမိုးအကာ ဝေမျှသည့် စီမံကိန်းများကို ကြည့်ရှုရန် ကော့ဗဇားသို့ သွား ရောက်ကြမည် ဖြစ်သည်။

သူတို့က စေတနာ့ဝန်ထမ်းများနှင့် စကားပြောသွားမည် ဖြစ်သည်။ ဒုက္ခသည်များ အကူညီပေးရေး ဝန် ဆောင်မှုများနှင့် အကာအကွယ် ရရှိရေးသာမက မြန်မာနိုင်ငံသို့ ပြန်သွားရေး ထူထောင်ပေးရန် အတွက် UNHCR နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေသည့် အသိအမှတ်ပြု ကတ်ပြား ထုတ်ပေး ခြင်း လုပ်ငန်းကိုလည်း လေ့လာသွားမည် ဖြစ်သည်။

အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို တွက်ချက်ရန် ရခိုင် ပြည်နယ်မှ ကျေးရွာ ၁၂၀ တွင် ကောက်ယူရန် စီစဉ်ထားသည့် စစ်တမ်းတခုကို ကုလသမဂ္ဂ တာဝန် ရှိသူများက အရွယ် အစား လျှော့ချခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးတန်းသံတမန်တဦးက ပြောကြောင်း ဒက္ကာ အခြေစိုက် New Age နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းက မြန်မာ့တပ်မတော်၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများတွင် ကျန်ရစ်ခဲ့သော ကျေးရွာ ၁၂၀ မှ ကျေးရွာ ၅၀ ခန့်တွင် စစ်တမ်းများ ကောက်ယူပြီးစီးရန် မြန်မာ အာဏာပိုင်များက ကုလ သမဂ္ဂကို ခွင့်ပြုခဲ့သည်။

စစ်ဆင်ရေးများ စတင်သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ ဒုက္ခသည် ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

ဒုက္ခသည်များကို ဘေးကင်လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ရန် ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာတို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ကြသည်။ ၎င်းထဲတွင် ၂၀၁၆ ခုနှစ် အောက် တိုဘာလ ၉ ရက်နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ မှ ဖြစ်ရပ်များနောက်ပိုင်းတွင် ရခိုင်ပြည် နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့သူများ အကျုံးဝင်သည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Delayed Repatriation Risks Breeding Rohingya Terrorists: Bangladesh Official ကို ဘာသာပြန်သည်။) 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */