Saturday, April 20, 2019

မြန်မာနိုင်ငံလူမျိုးများ၏ ဘာသာစကားနှင့် ပညာရေး (စာတမ်း)

ဒေါက်တာသိန်းလွင်
Sunday, 13 November 2011
 

အကျဉ်းချုပ်ဖော်ပြချက်


မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည့် အချိန် ကာလ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကွဲပြားကြသော်လည်း တူညီနေသည့် အချက်မှာ မြန်မာ နိုင်ငံကို အတူတကွပိုင်ဆိုင်ခြင်းဖြစ်သည်။

သို့ရာတွင် ဗမာဘာသာစကားမှလွဲ၍ အခြားတိုင်းရင်းသား ဘာသာစကားများကို စာသင်ကျောင်းများတွင်သင်ကြား မှုကို ၁၉၆၂ ခုနှစ်မှစ၍ တားဆီးခဲ့သည်။ ထိုတားဆီးမှုသည် ယနေ့ထက်တိုင်ပင် ဖြစ်သည်။ဤ စာတမ်းတွင် မြန်မာ နိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးကြီး (၈) မျိုးနှင့် ရှမ်းပြည်တွင်နေ ထိုင်ကြ သည့် လူမျိုး (၄)မျိုးတို့၏ မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြသည့် ရှေးဦး သမိုင်း၊ အစဉ်အလာပြောဆိုခဲ့ကြသည့် လူမျိုးများ၏ မူလအစကို ဖော် ပြသည့် ဒဏ္ဍာရီများ၊ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာစကားများကို ဖော်ပြထား ပါသည်။

ဤစာတမ်းသည် တိုင်းရင်းသား ဘာသာစကားများသင်ကြားမှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို အထူးပြုဖော်ပြပြီး၊ တိုင်းရင်းသား ဘာသာစကားများသင်ကြားမှုဆိုင်ရာ ပညာရေးမူဝါဒများကိုလည်း ဆွေးနွေးတင်ပြထားပါသည်။ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားကွဲပြားမှုအရှိတရားကို အသိ အမှတ်ပြု၍ တိုင်းရင်းသားဘာသာစကားများကို စာသင်ကျောင်းတွင် သင်ကြားခွင့်ပြုသင့်ကြောင်းကို လည်း အထောက်အထားများနှင့် တင်ပြထားပါသည်။ တိုင်းရင်းသား ဘာသာစကားများသည် မြန်မာနိုင်ငံ၏ အဖိုးတန်သော ရတနာများဖြစ်ပြီး ထိုဘာသာစကားများကို ထိန်းသိမ်းကာကွယ်ရန် မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း ဤစာတမ်းမှ အဆိုပြုထားပါသည်။

၁။ နိဒါန်း
 
ဤစာတမ်းသည် အောက်ပါမေးခွန်းများကို အဓိကဆွေးနွေးပါမည်။

၁။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားဘာသာစကားများ သင်ကြားမှုအခြေအနေမည်သို့ရှိပါ သနည်း။
၂။ မြန်မာနိုင်ငံ၏ ဘာသာစကားသင်ကြားရေးဆိုင်ရာ မူဝါဒမည်သို့ ဖြစ်သင့်ပါသနည်း။
(မှတ်ချက်။ ဤစာတမ်းတွင် နိုင်ငံအမည်ကိုမြန်မာနိုင်ငံ၊ လူမျိုးကို ဗမာလူမျိုး၊ ဘာသာ စကားကို ဗမာစကားဟူ၍ရေးသားဖော်ပြပါမည်။)

နိုင်ငံလူဦးရေ၏ ၆၉% ပြောဆိုသုံးစွဲသော ဗမာဘာသာစကားသည် ရုံးသုံးဘာသာစကား ဖြစ်ပြီး၊ အစိုးရကျောင်း အားလုံးတွင်လည်း ကျောင်းသုံးဘာသာစကားဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြောဆို ဆက်သွယ်ကြသည့် ဘာသာစကားအမျိုးမျိုးရှိပြီး၊ အများဆုံးအသုံးပြုသည့် ဘာသာစကားများမှာ ဗမာ ၆၉%၊ ရှမ်းဘာသာစကား ၈.၅%၊ ကရင်ဘာသာစကား ၆.၂%၊ ရခိုင်ဘာသာစကား ၄.၅%၊ မွန်ဘာသာစကား ၂.၄%၊ ချင်းဘာသာစကား ၂.၂%၊ ကချင်ဘာသာစကား ၁.၄% ရှိပါသည်။ ဤကိန်းဂဏန်းများသည် ၁၉၈၃တွင် ကောက်ယူခဲ့သည့် လူဦးရေစစ်တမ်းတွင် ဖော်ပြပါရှိပါသည်။ ဗမာဘာသာစကားမှလွဲ၍ အခြားတိုင်းရင်းသားဘာသာစကားများသည် ၁၉၆၂ မတိုင်ခင်က ကျောင်းများ တွင် သင်ကြားခွင့်ရရှိခဲ့သော်လည်း ထိုနှစ်နောက်ပိုင်းတွင် သင်ကြားခွင့် ဆုံးရှုံးခဲ့ပါသည်။

၁၉၆၂ မှ ၂ဝ၁ဝ အထိ မြန်မာနိုင်ငံအစိုးရအဆက်ဆက် ချမှတ်ထားခဲ့သော ဘာသာစကား ဆိုင်ရာမူဝါဒ သည် အခြားတိုင်းရင်းသားဘာသာစကားများအပေါ် မြန်မာဘာသာစကားလွှမ်းမိုး၍ ချမှတ်သည့်မူဝါဒဟု ယူဆဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံစည်းလုံးညီညွတ်ရေးကို အကြောင်းပြ၍ တိုင်းရင်းသားများကို ဝါးမြိုသည်ဟုပင် ယူဆကြသည်။

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်မှစ၍ ဗမာစာသည် ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုပြီး အခြားတိုင်းရင်းသား ဘာသာစကားများကိုလည်း ဒေသ အလိုက် သင်ကြားခွင့်ပြုခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ဗမာစာမှလွဲ၍ အခြား တိုင်းရင်းသားစာများ သင်ကြားခွင့်ကို တားဆီးခဲ့သည်။ တိုင်းရင်း သားလူမျိုးများကို ချုပ်ကိုင်နိုင်ရန် အတွက် ပညာရေးကို ချုပ်ကိုင်သည်ဟု ယူဆဖွယ် ဖြစ်သည်။

အောက်ပါစာပိုဒ်များတွင် တိုင်းရင်းသားလူမျိုးများဆိုင်ရာ သတ်မှတ်ချက်၊ ဘာသာစကားများနှင့် ပညာရေးအခြေ အနေတို့ကို ဖော်ပြပြီးနောက် ဘာသာစကားသင်ကြားမှုဆိုင်ရာကိစ္စများကို ဆွေးနွေး တင်ပြသွားပါမည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် နေထိုင်သည့်လူမျိုးများအားလုံးကို ဖော်ပြနိုင်မည် မဟုတ်ပါ။ အဓိကလူမျိုးကြီး ၈ မျိုး (ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) နှင့် ရှမ်းပြည်တွင်နေထိုင်ကြသည့် လူမျိုးလေးမျိုး (ပအို့၊ ပလောင်၊ လားဟူ နှင့် ဝ) တို့ကို အဓိက ဖော်ပြပါမည်။ မြန်မာနိုင်ငံလူဦးရေသည် (၅၄)သန်းခန့်ရှိပြီး လူဦးရေအချိုးအစားမှာ - ဗမာ ၆၈%၊ ရှမ်း ၉%၊ ကရင် ၇%၊ ရခိုင် ၄%၊ တရုတ် ၃%၊ မွန် ၂%၊ အိန္ဒိယ ၂% နှင့် အခြားတိုင်းရင်းသားများ ၅% ခန့်ရှိပါသည်။

၂။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ လူမျိုးဆိုင်ရာဖော်ပြချက်နှင့် ဘာသာစကားများ နောက်ခံအကျဉ်းမြန်မာ နိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယခင်နေထိုင်ခဲ့သည့်ဒေသ၊ မြန်မာနိုင်ငံ သို့ဝင်ရောက်ခဲ့သည့်လမ်းကြောင်းနှင့် အချိန်ကာလကွာခြားမှုကြောင့် မတူကွဲပြားသည့် သမိုင်းနောက်ခံ ယဉ်ကျေးမှုနှင့် စိတ်ဝင်စားဖွယ် ဒဏ္ဍာရီများကို ပိုင်ဆိုင်ကြသည်။ ရိုးရာဝတ်စုံနှင့် ဘာသာစကားများ ကွဲပြားကြသော်လည်း တူညီသည့်အ ချက်မှာ မြန်မာနိုင်ငံကို အတူတကွပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ဝင်ရောက်နေထိုင်ကြသည့် လူမျိုးများသည် ဘာသာစကားအုပ်စုကြီးလေးခုကို ကိုယ်စား ပြုသည်။ အဆိုပါဘာသာစကားအုပ်စုများမှာ သြစတြို-အေရှတစ်၊ မလေး-ပိုလီနှေးရှန်း၊ စီနို- တိဗက် တန်နှင့် တိုင် ဘာသာစကားများဖြစ်သည်။

သြစတြို-အေရှတစ် အုပ်စုတွင် ပါဝင်သောဘာသာစကားများမှာ မွန်၊ ပလောင် နှင့် ၀ တို့ဖြစ်သည်။ မလေး-ပိုလီနှေးရှန်းအုပ်စုတွင် ဆလုံဘာသာစကားနှင့် မြိတ်ကျွန်းစုတွင် ပြောဆိုကြသည့် မော့ကင် ဘာသာစကားတို့ ဖြစ်သည်။ စီနို-တိဗက်တန်အုပ်စုကြီးတွင်ပါဝင်သည့် တိဗက်တို-ဘားမင်းအုပ်စုသည် မြန်မာနိုင်ငံသို့ဝင်ရောက်သည့် အကြီးဆုံးအုပ်စုဖြစ်ပြီး အုပ်စုငယ် သုံးစုအဖြစ် ထပ်မံဖော်ပြထားသည်။ အဆိုပါအုပ်စုငယ်သုံးခုမှာ (၁) ဘားမိစ်- လိုလို (၂) ကူကီး- နာဂ နှင့် (၃) ကချင်ဘာသာစကားများ ဖြစ်သည်။ ဘားမိစ်- လိုလို အုပ်စုကို ဘားမိစ်နှင့် လိုလိုအုပ်စုငယ်နှစ်ခု ထပ်မံခွဲခြားနိုင်သည်။ ဘားမိစ် အုပ်စုတွင် ရခိုင်၊ ဗမာ၊ မရူခေါ် လော်ဝေါ်၊ လရှီ (ခေါ်) လာချိဒ် နှင့် အဇီး(ခေါ်) ဇိုင်ဝါးတို့ပါဝင်သည်။

လိုလိုအုပ်စု တွင် အခါ၊ လားဟူနှင့် လီဆူးတို့ပါဝင်သည်။ ကူကီး-နာဂအုပ်စုတွင် ချင်းဘာသာစကားနှင့် အခြားနီးစပ် သော ဘာသာစကားများပါဝင်သည်။ ကချင်ဘာသာစကားအုပ်စုတွင် ဂျိန်းဖောနှင့် အခြား နီးစပ်သော ဘာ သာစကားများ ပါဝင်သည်။ စီနို-တိဗက်တန်အုပ်စုကြီးတွင်ပါဝင်ပြီး တိဗက်တို-ဘားမင်း အုပ်စုတွင် မပါသည့်အခြား ဘာသာစကားမှာ ကရင်ဘာသာစကားဖြစ်သည်။ တိုင် အုပ်စုကြီးတွင် ပါဝင်သည့် ဘာသာစကားမှာ ရှမ်းဘာသာစကားဖြစ်သည်။

မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် လူမျိုးများဆိုင်ရာ သတ်မှတ်ချက်များ အနည်းငယ်စီ ကွဲပြားမှုရှိပါသည်။ ဤစာတမ်းသည် လူမျိုးတစ်မျိုးစီ၏ သတ်မှတ်ချက်ကို ဖော်ပြရာတွင် လူမျိုးများ၏ရှေးဦးသမိုင်း၊ လူမျိုးများ၏ဇာတိကိုဖော်ပြသည့်ပုံပြင်ဒဏ္ဍာရီ၊ ကိုးကွယ် ယုံကြည်မှုနှင့် ဘာသာစကားများကို ထည့်သွင်းစဉ်းစားထားပါသည်။ သို့ရာတွင် အသေးစိပ်ကို ချယ်မှုန်းထားခြင်း မရှိပါ။ သမိုင်းကိုဖော်ပြရာတွင် လူမျိုးတစ်မျိုးစီ၏ မူလအစကို သိရှိရန် ရည်ရွယ်ပါသည်။ ပုံပြင်ဒဏ္ဍာရီ များမှာ မူလဇာတိနှင့်ဆက်နွယ်သည့် ဘိုးဘွားစဉ်ဆက် ပြောဆိုခဲ့ကြသည့် ပါးစပ်ရာဇဝင်များဖြစ်ပါသည်။

အောက်ပါစာပိုဒ်များတွင် လူမျိုးတစ်စုစီ၏ ဖော်ပြချက်ကို အထက်ပါကဏ္ဍလေးခုဖြင့် ဖော်ပြထားပါသည်။ အဆိုပါဖော်ပြချက်များတွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များမှာ အဓိကအားဖြင့် သက်ဆိုင်ရာ တိုင်းရင်း သား လူမျိုးပညာရှင်များရေးသားထားသည့် စာများမှကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ (မှတ်ချက်အောက် တွင်ဖော်ပြမည့် လူမျိုးအမည်များကို ရှေ့နောက်စဉ်ရာတွင် အင်္ဂလိပ် ဘာသာ ဖြင့်ရေးသားထားသည့် စာတမ်းအတိုင်း အဘိဓာန်စဉ်နည်းအရ ရှေ့နောက်စီထားပါသည်။

ဗမာသမိုင်း။ ။ အေဒီ တစ်ရာစုမှလေးရာစုနှစ်များအတွင်း မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်းတွင် ပျူလူမျိုး များက သ ရေခေတ္တရာ၊ ဗိဿနိုးနှင့်ဟန်လင်းထီးနန်းများကို စတင်ထူထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်း များအရ သိရှိရ သည်။ အေဒီ ကိုးရာစုအစပိုင်းတွင် မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသ တွင် မွန်လူမျိုးများက ထီးနန်းထူထောင်ခဲ့သည်။ အေဒီကိုးရာစုအတွင်း ဗမာလူမျိုးများသည် ဧရာဝတီ မြစ်ဝှမ်းဒေသသို့ဝင်ရောက်ခဲ့ကြပြီး ပုဂံထီးနန်း (၈၄၉-၁၂၈၇) ကိုထူထောင်ခဲ့သည်။ ဗမာ့ယဉ်ကျေးမှုနှင့် စာပေတို့သည် ပျူလူမျိုးနှင့်မွန်လူမျိုးတို့၏ ယဉ်ကျေးမှု ဘာသာစကားတို့နှင့် အဆက်အစပ်ရှိခဲ့သည်။

ဒဏ္ဍာရီ။ ။ ပျူစောထီး၊ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်နှင့်ညောင်ဦးဖီးတို့သည် ဒဏ္ဍာရီလာ ပုဂံသူရဲကောင်းများအဖြစ် အစိုးရမူလတန်းကျောင်းများတွင် သင်ကြားပေးသည်။ သူရဲကောင်းများသည် ထူးခြားသည့်စွမ်းရည်များရှိကြသည်။ ပျူစောထီးသည် ပုဂံသားများကို အန္တရာယ်ပေးသည့် ရှုးပံျကြီးကို အောင်နိုင်သူဖြစ်သည်။ ကျန်စစ် သားသည် ဆင်၊ မြင်း၊ ဓါး၊ လှံတို့ကို ကျွမ်းကျင်ပြီး လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် စစ်သူကြီးဖြစ်သည်။ ငထွေရူးသည် တစ်မနက်ခင်းအတွင်း ထန်းပင်တစ်ထောင်ကို လှီးနိုင်သူဖြစ်သည်။ ငလုံးလဖယ်သည် နွားအရှဉ်းသုံးဆယ် ဖြင့် တပြိုင်နက် လယ်ထွန်ယက်နိုင်သူ ဖြစ်သည်။ ညောင်ဦးဖီးသည် ဧရာဝတီမြစ်ကမ်း နှစ်ဖက်ကို အသွားအပြန် မရပ်မနားဘဲ ရေကူးနိုင်သူ ဖြစ်သည်။ ပုဂံဘုရင်အနော်ရထာမင်း လက်ထက်တွင် ဥဿပဲခူးဘုရင်က ရန်သူများကို နှိမ်နှင်းရန်စစ်ကူတောင်းရာ အနော်ရထာဘုရင်က စစ်သည်လေးသိန်း စေလွှတ်မည်ဟု ဆိုကာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်နှင့် ညောင်ဦးဖီး သူရဲကောင်းလေးဦးကို စေလွှတ်လိုက်သည်။ အဆိုပါသူရဲကောင်းလေးဦးသည် စစ်သည်လေးသိန်းနှင့် ညီမျှသည်ဟုဆိုသည်။

ကိုးကွယ်ယုံကြည်မှု။ ။ ဗမာလူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ အနော်ရထာ ဘုရင် (၁၀၁၄- ၁၀၇၇) လက်ထက်တွင် မွန်ရဟန်းတော်ရှင်အရဟံက ပုဂံပြည်သို့ ဗုဒ္ဓဘာသာ သယ်ဆောင်လာသူဖြစ်သည်။ ထိုအချိန်မှစ၍ ပုဂံတွင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားလာပြီး ဗမာလူမျိုး တို့၏ ယဉ်ကျေးမှုကို လွှမ်းမိုးသည့် အယူဝါဒဖြစ်လာခဲ့သည်။ အနော်ရထာဘုရင် မတိုင်မီက ပုဂံတွင် မဟာယန ဗုဒ္ဓဘာသာလွှမ်းမိုးခဲ့သည်။

ဘာသာစကား။ ။ ရှေးဦးဗမာစာအရေးအသားကို ပုဂံနေပြည်တော်တွင် အေဒီ ၁၂ ရာစုတွင် စတင်တွေ့ရှိသည်။ ပုဂံမြို့တော်ဟောင်းမြစေတီဘုရားအနီး၌ ၁၈၈၆ခုနှစ်တွင်တူးဖော်ရရှိသည့် မြစေတီကျောက်စာတွင် ဗမာစာအရေးအသေားကိုတွေ့ရှိသည်။ မြစေတီကျောက်စာတိုင်သည် လေးထောင့်ကျောက်တိုင်ဖြစ်ပြီး ပါဠိ၊ ပျူ၊ မွန်၊ ဗမာလေးဘာသာဖြင့်ရေးထိုးထားသည့် ကျောက်စာ ဖြစ်သည်။ ဗမာစာအရေးအသားသည် မွန်စာနှင့် ဘရာမီစာအရေးအ သားတို့မှ ဆင်းသက်လာ သည်ဟု ယူဆကြသည်။ ဘရာမီသည် ဘီစီ ၃၀၀ ခန့်က အိန္ဒိယနိုင်ငံကို အုပ်ချုပ်ခဲ့သည့် အာသောက ဘုရင်လက်ထက်တွင် အသုံးပြုခဲ့သည့် စာပေအရေးအသာဖြစ်သည်။ ဗမာစကားနှင့် နီးစပ်သည့် အခြားဘာသာစကားများမှာ ဘိတ်၊ ဓနု၊ ယောနှင့် ပလောဘာသာစကားများဖြစ်သည်။

ချင်းသမိုင်း။ ။ ချင်းလူမျိုးများသည် တိဗက်တို-ဘားမင်းအနွယ်ဝင်များဖြစ်ပြီး၊ မြန်မာနိုင်ငံ ချင်းတွင်း မြစ်ဝှမ်းသို့ အေဒီ ၉ ရာစုနှင့် ၁၀ ရာစုအတွင်းဝင်ရောက်လာခဲ့ကြသည်ဟု ယူဆကြသည်။ ချင်းတွင်း မြစ်ဝှမ်းမှချင်းတောင်တန်းသို့ ၁၃၀၀-၁၄၀၀ နှစ်များအတွင်း ရွှေ့ပြောင်း နေထိုင်ကြသည်။ အချို့ချင်း လူမျိုးများမှာ အာသံ၊ မဏီပူရ၊ မီဇိုရမ်နှင့် နာဂတောင်တန်းတို့တွင်လည်း သွားရောက်နေထိုင်ကြသည်။ ချင်းလူမျိုးတွင် လူမျိုးစုငယ်များစွာရှိပြီး မြန် မာနိုင်ငံတွင် နေထိုင်ကြသည့်ချင်းလူမျိုးစုများမှာ အရှိုချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်းနှင့် တီးတိန်ချင်းတို့ ဖြစ်ကြ သည်။

ဒဏ္ဍာရီ။ ။ ချင်းလူမျိုးများသည် "ချင်းလုံ"ဟုခေါ်သည့် တွင်းထဲမှ ကမ္ဘာမြေပေါ်သို့ ရောက်လာကြကြောင်း စိတ်ဝင်စားဖွယ်ဒဏ္ဍာရီကို သားစဉ်မြေးဆက်ပြောဆိုလာခဲ့ကြသည်။ ဒဏ္ဍာရီအရ တစ်ချိန်က ကမ္ဘာကြီး မှောင်ကျသွားခဲ့ကြောင်း၊ အမှောင်ထုအတွင်း မကောင်းမှုများစွာဖြစ်ပွားကြောင်း၊ အမှောင်ကုန်ဆုံး၍ အလင်းခေတ်သို့ ရောက်သည့်အချိန်တွင် ချင်းလူမျိုးများသည် တွင်းထဲမှထွက်လာခဲ့ကြောင်း ယုံကြည် ကြသည်။ "ချင်းလုံ" တည်ရှိရာဒေသကို ယနေ့ခေတ်သမိုင်းသုတေသီများ အငြင်းပွားနေကြဆဲ ဖြစ်သည်။ တချို့က "ချင်းလုံ" သည် တရုတ်ပြည်၌ရှိပြီး တချို့က တိဗက်တွင် ရှိသည်ဟု ဆိုကြသည်။ တချို့ကမူ "ချင်းလုံ" တည်ရှိရာဒေသသည် မြန်မာနိုင်ငံ ချင်းတွင်းမြစ်ဝှမ်း ဒေသဟု ယူဆကြသည်။ "ချင်းတွင်း"မှာ "ချင်းများထွက်လာသည့်တွင်း" ဟု အဓိပ္ပါယ်ရသော ကြောင့် ထိုသို့ယူဆဖွယ်ရှိသည်။

ချင်းလူမျိုးများ ချင်းတွင်းမြစ်ဝှမ်းမှ ချင်းတောင်တန်းသို့ပြောင်းရွှေ့သည့် ဒဏ္ဍာရီလည်း ရှိသည်။ တချိန်က ချင်းလူ မျိုးများနေထိုင်ရာရွာတွင် ကြီမားသည့်ကျောက်တုံးကြီးတစ်တုံးရှိသည်။ ကျောက်တုံး အောက်၌ တွင်းတစ်ခုရှိပြီး ထိုတွင်းသည် ပင်လယ်နှင့်ဆက်သွယ်လျှက်ရှိသည်။ ထိုတွင်းထဲ၌ မြွေကြီး တစ်ကောင်ရှိသည်။ ညအချိန်ထွက်၍ ရွာမှ ကလေးများကို ဖမ်း၍ စားသည်။ ရွာသားများသိသောအခါ ကျောက်တုံးကိုတွန်းဖယ်၍ မြွေကြီးကိုတိုက်ခိုက်သည်။ မြွေကြီးသေဆုံးပြီး တွင်းနက်ထဲသို့ ကျသွား သည်။ ထိုနေ့ညမှစ၍ မြွေတွင်းမှ ရေများထွက်လာပြီး တဖြည်း ဖြည်း တရွာလုံးရေမြုပ်သည်။ သို့ဖြစ်၍ ချင်းလူမျိုးများသည် ဘေးလွတ်ရာသို့ပြေးကြရင်း နေရာအနှံ့အပြားသို့ ရောက်ရှိသွားကြပြီး ဘာသာ စကားအမျိုးမျိုး ပြောဆိုကြသည်။ ဤရေသည်ပင် ချင်းလူမျိုးများကို ချင်းတောင်ပေါ်သို့ ပြောင်းရွှေ့ရ သည့် အကြောင်းရင်းခံ ဖြစ်ကြောင်း ယူဆကြသည်။

မှတ်ချက်။ ။ "ချင်း" ဟူသည့် လူမျိုးအမည်၊ ချင်းများ၏ မူလအစကိုဖော်ပြသည့် ဒဏ္ဍာရီများနှင့် ပါတ်သက်၍ ချင်းပညာရှင်များအချင်းချင်းအကြား အငြင်းပွားနေဆဲဖြစ်၍ ဤစာတမ်းတွင် ဖော်ပြသည့် ချင်းလူမျိုးဆိုင်ရာ သတ်မှတ်ချက်သည် အခြားမှတ်တမ်းများနှင့် ကွဲလွဲချက် ရှိနိုင်ပါသည်။

ကိုးကွယ်ယုံကြည်မှု။ ။ အစဉ်အလာအားဖြင့် ချင်းလူမျိုးများသည် နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ရောက်ပြီးနောက် ချင်းလူမျိုးများ ခရစ်ယာန် ဘာသာသို့ ပြောင်းလဲ ကိုးကွယ်ကြသည်။ ချင်းလူမျိုးများ၏ အစဉ်အလာ၊ ယုံကြည်မှုနှင့် ခရစ်ယာန် ဘာသာတွင် တူညီချက်ရှိ သဖြင့် ချင်းလူမျိုးများ ခရစ်ဘာသာဖြစ်ရန် လွယ်ကူကြောင်း ချင်းလူမျိုး သုတေသနပညာရှင် ဆလိုင်းလျန်မုန်းက ဆိုသည်။ ဥပမာအားဖြင့် ချင်းလူမျိုးများ အစဉ်အလာ ယုံကြည်သော ဖန်ဆင်းရှင် "ခွါဇင်း" သည် ခရစ်ယာန်ဘာသာ၏ ဖန်ဆင်းရှင် ထာဝရဘုရားသခင် နှင့် အခြေခံအားဖြင့် တူညီမှုရှိ သည်။ သို့ရာတွင် မြေပြန့်ချင်းများနှင့် ရခိုင်ပြည်တွင် နေထိုင်ကြသော ချင်းလူမျိုးများသည် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်ကြသည်။

ဘာသာစကား။ ။ ချင်းဘာသာစကားသည် တိဗက်တို-ဘာမင်း အုပ်စုဝင်ဖြစ်သည်။ ချင်းလူမျိုး များသည် တောင်တန်းဒေသများတွင် နှစ်ပေါင်းများစွာ ပျံ့နှံ့နေထိုင်ကြပြီးနောက် ဘာသာစကား မှာ ဒေသတခုနှင့် တခု ကွဲပြားသွားသည်။ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားများကို မှတ်တမ်းတင် ထားသည့် "ကမ္ဘာ့တိုင်းရင်းသား ဘာသာစကားများအဖွဲ့" ၏ မှတ်တမ်းအရ ချင်း ဘာသာစကား မျိုးကွဲ ၂၀ ရှိသည်ဟုဆိုသည်။ ၎င်းတို့မှာ အရှို၊ ဘွမ်၊ ဘော့ဟောင်း၊ ချင်းဗွန်၊ ဒိုင်၊ ဖလမ်း၊ ဟားခါး၊ ကူမီး၊ ကမီးအွာ၊ မာယာ၊ ဖြို၊ မန်၊ ငွမ်၊ ပိုက်၊ စတန်၊ စီရင်၊ တွာ၊ တီးတိန်၊ သာဒိုနှင့် ဇိုတန်တို့ဖြစ်သည်။ ချင်းဘာသာ အရေးအသားကို ခရစ်ယာန်သာသနာပြုများက တီထွင်ပေးသည်။ ဗြိတိသျှအုပ်ချုပ်မှု မတိုင်ခင်က ချင်းစာပေ အရေးအသားမရှိခဲ့ဟု ချင်းပညာရှင်တစ်ဦးဖြစ်သော ဆလိုင်းလျှံမုန်းက မှတ်ချက် ပြုသည်။

ကချင်သမိုင်း။ ။ ကချင်လူမျိုးများကို ဂျင်းဖောဟုလည်း ခေါ်ကြသည်။ နှုတ်ပြောသမိုင်းများအရ ဂျင်းဖောလူမျိုးများသည် တိဗက်ကုန်းမြင့်ဒေသမှ တောင်ဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာ ကြပြီး တရုတ်ပြည် ယူနန်ဒေသတွင် ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များအတွင်း နေထိုင်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာကြပြီးနောက် ယနေ့ ကချင်ပြည်နယ်တွင် အခြေစိုက် နေထိုင်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ကချင်လူမျိုး၏ လူမျိုးစုများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရဝမ်နှင့် ဇိုင်ဝါးတို့ ဖြစ်ကြသည်။

ဒဏ္ဍာရီ။ ။ ဂျင်းဖေါလူမျိုးများသည် နေမှဆင်းသက်လာသည်ဟု ဒဏ္ဍာရီများက ဆိုသည်။ ဂျင်းဖေါတို့၏ ဘိုးဘွားများသည် ကောင်းကင်ဘုံမှ ဆင်းလာပြီး တိဗက်ကုန်းပြင်မြင့်တွင် လာရောက် နေထိုင်သည်။ ထို့နောက် တဖြည်း ဖြည်း ရွှေ့ပြောင်း၍ မွန်ဂိုလီးယား၊ တရုတ်၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ သွားရောက်နေထိုင်ကြသည်ဟုဆိုသည်။ ဂျင်းဖောတို့သည် ရိုးရာ မနောပွဲကို နှစ်စဉ်ကျင်းပကြသည်။ မနောပွဲတွင် ရိုးရာတူရိယာများကို တီးမှုတ် ကခုန် ကြသည်။ မနောပွဲ၏ သင်္ကေတမှာ ရှေးအခါက နေနတ်မင်းကို ပူဇော်ခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် အမျိုးသား စိတ်ဓါတ်၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာပိုင်ဆိုင်မှုတို့ကို ဖော်ပြရန်ဖြစ်သည်ဟု ပြောကြသည်။

မနောပွဲတွင် ဂျင်းဖေါတို့၏ ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး ရိုးရာသင်္ကေတများ အကွက်ဖော်ထား သည့်မနော တိုင်ကို ဝိုင်းပတ်၍ ပရိတ်သတ်အားလုံးပါဝင်ပြီး ကကြသည်။ မနေခေါင်းဆောင်က ငှက်တောင်တပ် ရိုးရာဦးထုပ်ကိုဆောင်းရသည်။ အမျိုးသားများက ကချင် ရိုးရာ ဒါးများကိုထောင်၍ ကကြသည်။ ဒါး ကိုင်ဆောင်ခြင်းမှာ ကချင်နိုင်ငံတော်ကို ကာကွယ်ခြင်း နှင့် ရိက္ခာရှာဖွေခြင်းဟု အဓိပ္ပါယ်ရသည်။ ကချင်စကားပုံတစ်ခုက "ရဲရင့်သော ယော ကျ်ားသည် ဒါးရှည်ကိုကိုင်ဆောင်သည်" ဟုဆိုသည်။

ကိုးကွယ်ယုံကြည်မှု။ ။ ကချင်လူမျိုးအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာအစဉ်အလာ နတ်ကိုးကွယ်မှုမှလာသော မနောပွဲကိုမူ နှစ်စဉ်ကျင်းပကြသည်။ ကချင်တို့သည် ခရစ်ယာန်သာသနာပြုများ၏ အ ကူအညီဖြင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းကြသည်။ ကချင် ဒေသ၏ ပထမဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်များမှာ အိုလာဟန်ဆင်နှင့် သူ၏ဇနီးတို့ဖြစ်သည်။ ဟန်ဆင်တို့ကို အမေရိကန် နိုင်ငံခြားသာသနာပြုအဖွဲ့မှအထက် မြန်မာနိုင်ငံတွင် သာသနာပြုရန် ၁၈၉၀ ခုနှစ်တွင် စေလွှတ်ခဲ့သည်။ ကချင်လူမျိုးများသည် ချင်းလူမျိုးများကဲ့သို့ ဖန်ရှင်းရှင် နတ်ဘုရားကို ကိုးကွယ်ကြ သဖြင့် ခရစ်ယာန်ဘာသာကို အလွယ်တကူ သက်ဝင်ယုံကြည်ကြသည်။

ကချင်လူမျိုးစုတချို့မှာ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး တချို့မှာ အစဉ်အလာနတ်ကိုးကွယ်သူများ အဖြစ်တည်ရှိသည်။ နတ်ကိုးကွယ်သူများ၏အဆိုအရ ဝိဉာဉ်များသည် နေနတ်မင်းမှစ၍ သတ္တဝါများအထိ နေရာအနှံ့အပြားတွင် တည်ရှိပြီး၊ ထိုဝိဉာဉ်များက အကောင်းနှင့် အဆိုး နှစ်မျိုးစလုံးကို သယ်ဆောင်လာသည်ဟု ယုံကြည်ကြသည်။

ဘာသာစကား။ ။ ကချင်ဘာသာစကားမျိုးကွဲများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရဝမ်နှင့် ဇိုင်ဝါးတို့ဖြစ်ပြီး ထို ဘာသာစကားအားလုံးသည် တိဗက်တိုဘားမင်းအုပ်စုမှ ဆင်းသက်လာသည်။ "ကမ္ဘာ့တိုင်းရင်းသား ဘာသာစကားများအဖွဲ့" က အထက်ပါ ကချင်ဘာသာစကား ၆ မျိုးကို မှတ်တမ်းပြုထားသည်။ ကချင်စာပေအရေးအသားကို အမေရိကန် သာသနာပြု အိုလာဟန်ဆင်က တီထွင်ပေးခဲ့သည်။

ကရင်သမိုင်း။ ။ မနုဿဗေဒလေ့လာသူများ၏အဆိုအရ ကရင်တို့သည် မွန်ဂိုလီးယားမှ ဆင်းသက် လာသော လူ မျိုးနွယ်စုများဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည့် အချိန်နှင့် ပါတ်သက်၍ အထောက် အထားများ ရှင်းရှင်းလင်းလင်းမရှိသေးပေ။ ကရင်လူမျိုးတို့သည် သံလွင် နှင့် ဧရာဝတီမြစ်ဝှမ်းဒေသများသို့ မွန်နှင့် ဗမာတို့မတိုင်မီ ရောက်ရှိလာခဲ့ကြကြောင်း ကရင်လူမျိုးအချို့က ယုံကြည်ကြသည်။ ကရင်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက မြန်မာနိုင်ငံသို့ ရောက်နှင့်ပြီးဖြစ်ကြောင်း ကရင်သမိုင်းတချို့တွင် ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသီ စေါဖေါ၏ စာတမ်းတစ်ခုတွင် ကရင်လူမျိုးတို့သည် ကြေးခေတ်ကပင် မြန်မာ နိုင်ငံသို့ ရောက်ရှိ ကြောင်း ဖော်ပြသည်။ စေါဖေါက ကရင်ရိုးရာ ဖားစည်နှင့် ဒဏ္ဍာရီများကို အထောက်အထားပြ၍ ပြောဆိုခြင်းဖြစ်သည်။ အခြားကရင်သုတေသနစာတမ်းတစ်ခုတွင် ကရင်လူမျိုးများ မွန်ဂိုလီးယားမှ စတင်ထွက်ခွာသည့်ကာလမှာ ဘီစီ ၂၆၁၇ ဖြစ်ပြီး၊ တာကစ်စတန်ကို ဖြတ်၍ တိဗက်သို့ ရောက်သည့် အချိန်မှာ ဘီစီ ၁၈၆၄ ဟု ဖော်ပြသည်။ တိဗက်မှ ပြန်လည်ထွက်ခွာသည့်နှစ်မှာ ဘီစီ ၁၃၈၈ ဖြစ်ပြီး၊ တရုတ်ပြည်၊ ယူနန်သို့ရောက်သည့်နှစ်မှာ ဘီစီ ၁၃၈၅ ဟုပါရှိသည်။ ယူနန်မှ ပြန်လည်ထွက်ခွာသည့် ခုနှစ်မှာ ဘီစီ ၁၁၂၈ ဖြစ်ပြီး ပထမဦးဆုံးအဖွဲ့ အရှေ့တောင်အာရှသို့ ဝင်ရောက်သည့် ခုနှစ်မှာ ဘီစီ ၁၁၂၅ ဟု ဖော်ပြသည်။

ဒဏ္ဍာရီ။ ။ ကရင်လူမျိုးများ၏ ဒဏ္ဍာရီတွင် သူတို့မူလဒေသမှ ထွက်ခွာလာသည့်အချိန်က "သဲများ စီးဆင်းနေ သောမြစ်တစ်စင်း"ကို ဖြတ်ခဲ့ကြကြောင်း အစဉ်အဆက်ပြောလာခဲ့ကြသည်။ ဤ ဒဏ္ဍာရီအရ ကရင်တို့သည် ဂိုဘီသဲကဏ္ဍာရကို ဖြတ်သန်းလာခဲ့ကြသည်ဟု ယူဆကြသည်။ "ထော်မဲပ" ဟုခေါ်သည့် ဒဏ္ဍာရီလာ ဖခင်သည် တောဝက်ကြီးကို အနိုင်ရခဲ့ကြောင်း၊ တောဝက်၏ အစွယ်ကို ဘီးလုပ်ခဲ့ကြောင်း၊ ထိုဝက်စွယ်ဘီးသည် မှော်အစွမ်းရှိပြီး အသုံးပြုသူကို ပြန်လည် ငယ်ရွယ်နုပျိုစေကြောင်း၊ ထိုဖခင်မှာ ဝက်စွယ်ဘီး၏အစွမ်းကြောင့် ပြန်ငယ်သွားကြောင်း၊ မိသားစုဝင်များကလည်း အသုံးပြုကြရာ အားလုံးပင် ပြန်လည်ငယ်ရွယ်သွားကြောင်း၊ နှစ်ပေါင်းများစွာ ဝက်စွယ်ဘီးကို အသုံးပြုကြသဖြင့် အိုခြင်း၊ သေခြင်းကင်းပြီး လူဦးရေ အဆမတန် တိုးပွားလာ ကြောင်း ပြောဆိုကြသည်။
လူဦးရေ တိုးလာသဖြင့် နယ်မြေသစ်ကိုရှာဖွေရန် ထွက်ခွာလာကြရာ "သဲများစီးဆင်းနေသောမြစ်"ကို ရောက်ရှိကြောင်း၊ မြစ်ကို ဖြတ်သန်းစဉ်တွင် ကံမကောင်းသဖြင့် ဖခင်နှင့်ကွဲကွာသွားကြောင်း ပြောကြသည်။ ထော်မဲပ၏ သားသမီးများသည် မကောင်းမှုမှ ကင်းစင်ကြလျှင် ဖခင်ပြန်လာပြီး သားသမီးများကို လမ်းညွှန်လိမ့်မည် ဟု ယုံကြည်ကြသည်။ ဤဒဏ္ဍာရီကို အမီပြု၍ ထော်မဲပ၏ သားသမီးအဖြစ် ကြေငြာနိုင်သူများသာ ကရင်လူမျိုးဖြစ်သင့်ကြောင်း အချို့ ကရင်အမျိုးသားရေးဝါဒီ တို့က အဆိုပြုကြသည်။

ကိုးကွယ်ယုံကြည်မှု။ ။ ကရင်အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် မြေပြန့်ကရင်များမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး တောင်ပေါ်ကရင်များမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာကို မွန်တို့ထံမှ ရရှိသည်ဟု ယူဆသည်။ ခရစ်ယာန်ဘာသာကို ခရစ်ယာန် သာသနာပြုများထံမှ ရရှိသည်။ ပထမဦးဆုံး ခရစ်ယာန်ဖြစ်သည့် ကရင်လူမျိုးမှာ ကိုသာဖြူဆိုသူ ဖြစ်သည်။ ကိုသာဖြူသည် အမေ ရိကန်နိုင်ငံခြားသာသနာပြုအဖွဲ့ကို တည်ထောင်သူ ဆရာကြီးဂျပ်ဆင် ၏ လက်ထောက်ဘုန်းတော်ကြီး ဂျော့ဘုတ်မင်းထံ၌ ၁၈၂၈ ခုနှစ်တွင် နှစ်ခြင်းခံယူခဲ့သည်။ ကိုသာဖြူသည် ယခင်က လူဆိုးတစ်ဦးဖြစ်ခဲ့သော်လည်း ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည် ပြီးနောက် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်ရာ သူ၏ကြိုးပမ်းမှုကြောင့် ၁၂ နှစ်အတွင်း ကရင်လူ မျိုး ၁၂၇ဝ ခရစ်ယာန်ဘာသာကို လက်ခံယုံကြည်လာကြသည်။

ရှေးအစဉ်အလာအားဖြင့် ကရင်လူမျိုးများသည် နတ်ကိုးကွယ် ယုံကြည်သူများဖြစ်သည်။ ဗုဒ္ဓဘာသာကရင်များသည် ရှေးရိုးအစဉ်အလာကိုလည်း မပြစ်ပယ်ကြချေ။ ဥပမာ အားဖြင့် ကရင်လူမျိုးတို့ အစဉ်အလာယုံကြည်ကြသည်မှာ နတ်ဆိုးများသည် လှေခါးထစ်မဂဏန်း ရှိသော အိမ်ပေါ်သို့ မတက်လာနိုင်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာကရင်တို့ အိမ်ဆောက် သောအခါ လှေခါးထစ်ကို မ ဂဏန်းထား၍ ပြုလုပ်ကြသည်။

ဘာသာစကား။ ။ ကရင်ဘာသာစကားသည် စီနို-တိဗက်တန်အုပ်စုဝင်ဖြစ်သည်။ ကရင်စာ အရေးအသားသည် ဗမာအက္ခရာများကိုအသုံးပြု၍ ရေးသားသည်။ သို့ရာတွင် ကရင်ဘာသာ စကားသည် တိဗက်တို-ဘားမင်းအုပ်စုဝင် ဗမာဘာသာစကားနှင့် စာကြောင်းတည်ဆောက်ပုံ ကွာခြား သည်။ ကရင်စာသည် အင်္ဂလိပ်စာကဲ့သို့ ကြိယာပုဒ်က ရှေ့မှလာပြီး ကံပုဒ်က နောက်မှလိုက်သည်။ ဗမာစာသည် ကံပုဒ်အရင်လာပြီးမှ ကြိယာပုဒ်က နောက်မှလိုက် သည်။ ကရင်ဘာ သာစကားတွင် ဘာသာစကားမျိုးကွဲ ၁၄ မျိုးရှိကြောင်း ကမ္ဘာ့တိုင်းရင်းသားဘာသာစကားအဖွဲ့က မှတ်တမ်းတင် ထားသည်။ အသုံးများသည့် အဓိကဘာသာစကားမျိုးကွဲသုံးခုမှာ စကော၊ ပိုးနှင့် ပအို့ တို့ဖြစ်ပြီး ကျန်မျိုးကွဲများမှာ ဘရက်၊ ဘွဲ၊ ဂေဘား၊ ဂေကို၊ လထာ၊ မနုမနောင်၊ ပကု၊ ယင်းဘော်၊ ယင်းတလဲနှင့် ဇယိမ်းတို့ဖြစ်သည်။

ကရင်နီ/ကယားသမိုင်း။ ။ မြန်မာနိုင်ငံတွင် ကရင်နီလူမျိုးများနေထိုင်ရာဒေသကို ကယားပြည်နယ်ဟု ခေါ်ဝေါ် သတ်မှတ်သည်။ ကယားသည် ကရင်နီလူမျိုးကွဲတစ်မျိုးဖြစ်ပြီး အခြားလူမျိုးကွဲများမှာ ကယန်း (ပဒေါင်)၊ ဂေကို၊ ဂေဘား၊ ဘရက်၊ မနုမနောင်၊ ယင်းတလဲ၊ ယင်းဘော်၊ ဘွဲနှင့် မကုတို့ဖြစ်သည်။ ကရင်နီ လူမျိုးများသည် ကယား ပြည်နယ်တွင် ဘီစီ ၇၃၉ ခုနှစ်ကတည်းက အခြေချနေထိုင်ခဲ့ကြ သည်ဟု ယုံကြည်ကြသည်။

ကရင်နီတို့သည် ကရင်လူမျိုးများကဲ့သို့ မွန်ဂိုလီးယားမှ ဆင်းသက်လာ ကြသူများ ဖြစ်သည်။ မူရင်းဒေသမှ ထွက်ခွာလာပြီးနောက် ရာစုနှစ်ပေါင်းများစွာအတွင်း တာကစ် စတန်၊ တိဗက်တို့ တွင် ရောက်ရှိနေထိုင်ကြပြီးနောက်တရုတ် ပြည် ယူနန်သို့ ဘီစီ ၁၁၂၈ ခုနှစ်တွင် ရောက်ရှိခဲ့ကြသည်။ ထိုမှတဆင့် သံလွင်မြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာကြပြီး ယနေ့ခေတ် ကယားပြည်နယ် အတွင်းရှိ ဒီမောဆိုးဒေသတွင် အခြေစိုက်နေထိုင်ခဲ့ကြသည်။

ဒဏ္ဍာရီ။ ။ ကရင်နီတို့၏ "ကြက်ရိုးထိုး" ပြီး ကံကြမ္မာကိုဖတ်သည့် ဓလေ့သည် ဒဏ္ဍာရီတစ်ပုဒ်နှင့် အတူ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးအခါက ကရင်နီတို့သည် ညီအစ်ကို ၃ ဦးရှိပြီး သူတို့ ကိုးကွယ် ယုံကြည်သည့် နတ်ဘုရားက ညီအစ်ကို ၃ ဦးအား စာပေ၊ ပုရပိုဒ်များပေးအပ်ခဲ့သည်။ အစ်ကိုကြီးက ကြေးပုရပိုဒ်ကိုရရှိပြီး၊ အစ်ကိုလတ်က သားရေပုရပိုဒ်ကို ရရှိသည်။ ညီအငယ်ဆုံးက ရွှေပုရပိုဒ်ကို ရရှိသည်။ အစ်ကိုလတ်က သူ၏ သားရေပုရပိုဒ်နှင့် ညီငယ်၏ရွှေပုရပိုဒ်ကို လဲရန်ပြောရာ ညီက သဘောတူသည်။ ညီငယ်က သားရေပုရပိုဒ်ကို သစ်တုံးပေါ် တင်ထားခဲ့ပြီး လယ်ထွန်သွားသည်။ လယ်ထွန်နေစဉ် ပုရပိုဒ်ကို ခွေးချီ၍ စားပစ်လိုက်သည်။ ခွေးမစင်စွန့်သောအခါ ကြက်များက စားလိုက်ကြသည်။ နတ်ဘုရားရေးထိုးထားသည့် စာသည် ကြက်ရိုးတွင် စွဲထင်ကျန်ရစ်သည်။ ကြက်ရိုးစာကို ညီအငယ်ဆုံးတစ်ဦးသာဖတ်တတ်သည်။ ညီအငယ်ဆုံး၏အမည်မှာ ကယားလီဖေ ဟုခေါ်သည်။ ကယားလီဖေ၏ သားသမီးများသည် ဖခင်၏ အစဉ်အလာကို ဆက်ခံ၍ ကံကြမ္မာကို မေးရန်နှင့် ဉာဏ်ပညာအမြော်အမြင်ရရှိရန် ကြက်ရိုးထိုးလေ့ရှိသည်။

ကရင်နီလူမျိုးနွယ်စုတစ်ခုဖြစ်သော ကယားတို့သည် ကိန္နရီ၊ ကိန္နရာ ဒဏ္ဍာရီငှက်မောင်နှံမှ ပေါက်ဖွားလာ သည်ဟု ယုံကြည်ကြသည်။ ကိန္နရီနှင့် ကိန္နရာတို့သည် လူ့ခန္ဓာကိုယ်နှင့် လူဦးခေါင်းရှိသော ငှက်များ ဖြစ်ကြပြီး ချစ်ခြင်းမေတ္တာ၏ သင်္ကေတကို ကိုယ်စားပြုသည်။ ဤဒဏ္ဍာရီကိုအစွဲပြု၍ ကယားပြည်နယ်၏ အလံတွင် ကိန္နရီ၊ ကိန္နရာပါရှိသည်။

ကရင်နီ၏အခြားလူမျိုးနွယ်စုဖြစ်သော ကယန်းတို့သည် ဖန်ဆင်းရှင် နတ်သမီးမှ ဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ ရှေးရှေးအခါက လေနတ်သားနှင့် လေနတ်သမီးတို့သည် လှည့်လည်သွားလာကြရင်း လေနတ်သမီးတွင် ကိုယ်ဝန်ရှိလာသည်။ လေနတ်သားက လေနတ်သမီးကို လှည့်ပတ်၍ စောင့်ရှောက် ပေးသည်။ လေနတ်သမီးက ရွှေဥတစ်လုံးဥသည်။ အဆိုပါ ရွှေဥမှ ဖန်ဆင်းရှင် နတ်သမီးကို မွေးဖွားလာ သည်ဟု အယူရှိသည်။ ဖန်ဆင်းရှင်နတ်သမီးက သူ၏သားသမီးများအတွက် ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးသည်ဟု ယုံကြည်ကြသည်။ ကယန်းလူမျိုးတို့ကို ပဒေါင်ဟုလည်းခေါ်ဝေါ်ကြပြီး ကယန်း အမျိုးသမီးများသည် လည်ပင်းတွင် ကြေးကွင်းများကို ရစ်ပတ်ဝတ်ဆင်ထားကြသည်။

ကိုးကွယ်ယုံကြည်မှု။ ။ အစဉ်အလာအားဖြင့် ကရင်နီတို့သည် နတ်ကိုးကွယ်ယုံကြည်သူများ ဖြစ်ကြသည်။ သူတို့၏အဆိုအရ "ကေတိုးဗိုး" ဘာသာရေးဟုခေါ်သည်။ ကရင်နီဒေသသို့ ဘက်ပတစ် သာသနာပြုများနှင့် အီတလီသာသနာပြုများ ၁၈၆၀ နှင့် ၁၈၇၇ တွင် အသီးသီးရောက် ရှိကြပြီး ကရင်နီ တော်တော်များများ ခရစ်ယာန်ဘာသာသို့ ဝင်ရောက်ကြသည်။ "ကေတိုးဗိုး" ဘာသာကို ဆက်လက် သက်ဝင်ယုံကြည်သူများလည်း ယနေ့တိုင်ရှိသည်။
ကရင်နီလူမျိုးတို့သည် နှစ်စဉ် ဧပြီလရောက်တိုင်း "ကေတိုးဗိုး" ရိုးရာပွဲကို ကျင်းပကြသည်။ ပွဲတော်တွင်အမျိုးသား များက တံခွန်တိုင်ကို ဝိုင်းပတ်၍ ကကြသည်။ အမျိုးသမီးများ ကခွင့်မရှိပါ။ သို့ရာတွင် အမျိုးသမီးများက တံခွန်တိုင်ကို သန့်ရှင်းခြင်း၊ အစားအစာနှင့် ခေါင်အရက်များ ပြင်ဆင်ခြင်း၊ ကခုန်ကြသူ အမျိုးသား များအား ရေသွန်းလောင်းခြင်း တို့ဖြင့် ပွဲတော်တွင်ပါဝင်ကြသည်။ "ကေတိုးဗိုး" ပွဲသည် ဖန်ရှင်းရှင် နတ်သမီးအား ပူဇော်ပသသည့် ပွဲတော်ဖြစ်သည်။

ဘာသာစကား။ ။ ကရင်နီဘာသာစကားသည် စီနို-တိဗက်တန်အုပ်စုဝင် ကရင်ဘာသာစကား မျိုးကွဲဖြစ်သည်။ ကရင်နီလူမျိုးစုများအတွင်း၌လည်း ဘာသာစကားမျိုးကွဲများ ပြောဆိုကြသည်။ အဆိုပါဘာသာစကားမျိုးကွဲများမှာ အရှေ့ကယား၊ အနောက်ကယား၊ ကယန်းနှင့် အခြားမျိုးကွဲများ ပါဝင်သည်။ ကရင်နီစာအရေးအသားမှာလည်း မူကွဲသုံးမျိုးရှိသည်။ ပထမတမျိုးမှာ ဗမာ အက္ခရာကို အသုံးပြုသည်။ ဒုတိယတမျိုးမှာ ရောမအက္ခရာကို အသုံးပြုသည်။ တတိယတမျိုးမှာ ကယားလီ ဟုခေါ်သည့် ကရင်နီတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ခူထဲဖူးဖဲ ၁၉၆၂ တွင် တီထွင်ခဲ့သော စာဖြစ်သည်။ ကယားလီအက္ခရာသည် ရှေးခေတ်အိန္ဒိယ ဘရာမီအက္ခရာကို မှီငြမ်းထားသည်။ ကယားလီစာကို ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းများ၌ ဖွင့်လှစ်ထားသော ကျောင်းများတွင် သင်ကြားသည်။

မွန်သမိုင်း။ မွန်လူမျိုးတို့သည် ဘီစီ ၁၅၀၀ ခန့်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်ခဲ့ကြကြောင်း မွန်သုတေသီများက မှတ်တမ်းပြုထားကြသည်။ မွန်တို့၏မူလဒေသမှာ တရုတ်နိုင်ငံ၏ အနောက် တောင်ပိုင်းဖြစ်ပြီး၊ မြန် မာနိုင်ငံအထက်ပိုင်းသို့ပြောင်းရွှေ့လာခဲ့ကြသည်။ ထိုမှတဆင့် တောင်ဘက်သို့ ဆက်လက်ရွှေ့လာကြပြီး ဧရာဝတီမြစ်ဝှမ်းသို့ ဝင်ရောက်ခဲ့ကြသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံ အောက်ပိုင်းသထုံဒေသတွင် သုဝဏ္ဏဘူမိထီးနန်းကို တည်ထောင်ခဲ့ကြသည်။

မွန်လူမျိုးတို့သည် ထိုင်းနိုင်ငံအတွင်း၌လည်း ဒါွရဝတီ (Dvaravati) ထီနန်းနှင့် ဟာရိပွန်ဂျရ ထီးနန်းများကိုလည်း တည်ထောင်ခဲ့သည်။ မြန်မာပြည်အောက်ပိုင်းရှိ သုဝဏ္ဏဘူမိထီးနန်းကို ဗမာတို့၏ ပုဂံထီးနန်းက အေဒီ ၁၀၅၇ တွင် သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၂၈၇ တွင် ပုဂံထီးနန်းပျက်သုန်း ပြီးနောက် မွန်လူမျိုးများ ပြန်လည်စုစည်းကာ ပဲခူးတွင် ဟံသာဝတီထီးနန်းကို ပြန်လည်ထူထောင်ခဲ့သည်။

ဒဏ္ဍာရီ။ ဟင်္သာဌက်သည် ဒဏ္ဍာရီလာ မွန်တို့၏ သင်္ကေတဖြစ်သည်။ ဂေါတမဘုရားရှင်လက်ထက် တော်က ကောင်းကင်မှ ဈာန်ဖြင့်ကြွတော်မူစဉ် ယခုပဲခူးမြို့တည်ရှိရာဒေသသည် ပင်လယ်ရေလွှမ်း သော ဒေသဖြစ်သည်။ ပင်လယ်ရေပြင်သို့ ထိုးထွက်နေသော ကျောက်စွန်းတစ်ခု၌ ဟင်္သာ နှစ်ကောင် နားနေသည်ကို ဗုဒ္ဓဘုရားရှင်မြင် တော်မူသည်။ ကျောက်စွန်းမှာ သေးငယ်၍ ဟင်္သာ နှစ်ကောင်စာ နားစရာနေရာမရှိသဖြင့် ဟင်္သာမက ဟင်္သာဖို၏ ကျောပေါ်တွင် နားနေရသည်။ ဤအခြေအနေကို ထောက်ရှု၍ ဤနေရာဒေသတွင် ခန်းနားကြီးကျယ်သည့် မြိုတော်ကြီးတည်ရှိ လိမ့်မည်ဟု ဗျာဓိတ်ပေး တော်မူသည်။ ဤဟင်္သာနှစ်ကောင်နားရာဒေသတွင် မွန်တို့က ဟံသာဝတီထီးနန်းတည်ထောင်ခဲ့ပြီး၊ ဟင်္သာကို မွန်တို့၏ သင်္ကေတအဖြစ် အသုံးပြုခဲ့သည်။

ကိုးကွယ်ယုံကြည်မှု။ မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အိန္ဒိယမှရရှိခဲ့ပြီးနောက် အရှေ့တောင် အာရှ နိုင်ငံများသို့ ပြန့်ပွားစေခဲ့သည်ဟု ဆိုကြသည်။ အောက်မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်း ဒေသသထုံ တွင် ထီးနန်းစိုက်ပြီးနောက် အိန္ဒိယကုန်သည်များမှတဆင့် အာသောကဘုရင်နှင့် အဆက်အသွယ်ရ ခဲ့သည်။ အာသောကဘုရင်သည် ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ပျံ့ပွားအောင် သာသနာပြုသောမင်း ဖြစ်သည်။ အာသောကဘုရင်လက်ထက် ဘီစီ ၂၃၂ တွင် တတိယအကြိမ် သံဃာယနာပွဲကျင်းပ၍ ရဟန်းတော်များကို သီလမြဲစေခြင်း၊ ဘုရားဟောတရားတော်များကို ပြန်လည်စီစစ်ခြင်းတို့ပြုလုပ်ခဲ့သည်။ သံဃာယနာပွဲပြီးနောက် သံဃာတော်များကို တိုင်းတပါးနိုင်ငံများသို့ စေလွှတ်၍ ဗုဒ္ဓတရားတော်များကို ပြန့်ပွားစေခဲ့သည်။ အာသောကဘုရင်၏ သာသနာပြုများထံမှ ထေရဝါဒဗုဒ္ဓဘာသာကို ရရှိပြီးနောက် မွန်ယဉ်ကျေးမှုစည်ပင်ထွန်းကားခဲ့သည်။

ဘာသာစကား။ မွန်ဘာသာစကားသည် သြစတြို-ဒေရှတစ် ဘာသာစကားမှ ဆင်းသက်လာသော မွန်-ခမာ ဘာ သာစကားအုပ်စုဝင်ဖြစ်သည်။ မွန်စာအရေးအသားသည် အိန္ဒိယ ဘရာဟီအက္ခရာကို အသုံးပြု သည်။မွန်အက္ခရာ ကို မှီငြမ်း၍ ပုဂံခေတ်ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃) လက်ထက် တွင် ဗမာစာ အရေးအသားကို တည်ထွင်ခဲ့သည်။ ကျန်စစ်သားမင်းသည် မွန်ယဉ်ကျေးမှုနှင့် မွန်စာကို မြတ်နိုးသူ ဖြစ်ပြီး ကျန်စစ်သားရေးထိုးသော ကျောက် စာ များသည် မွန်ဘာသာဖြင့် ရေးထိုးထားသည်။ ကျန်စစ်သား ၏ သားတော်ရာဇကုမာရ ရေးထိုးသော မြစေတီကျောက်စာသည် ပါဠိ၊ ပျူ၊ မွန်၊ ဗမာ လေးဘာသာဖြင့် ရေးထိုးထားခဲ့သည်။
 
သမိုင်း။ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဝှမ်းဒေသမှ အင်ဒို-အာရိယံမျိုးနွယ်စုတို့သည် ယနေ့ရခိုင်ပြည် ကုလားတန်မြစ်ဝှစ်းဒေသတွင် အခြေစိုက်နေထိုင်ခဲ့ကြကြောင်း နှုတ်ပြောသမိုင်းများက ဖေါ်ပြသည်။ ကုလားတန် မြစ်ဝှမ်းသို့မရောက်မီ အင်ဒို-အာရိယံတို့သည် မွန်ဂိုလွိုက်နွယ်ဝင်များနှင့် အိန္ဒိယအရှေ့ပိုင်းဒေသတွင် လူမျိုးများရောနှောသွားခဲ့သည်ဟုလည်းဆိုသည်။ ရခိုင်ရှေးဟောင်းသုတေသနပညာရှင် ဦးစံရွှေဖြူ၏ မှတ်တမ်းတွင် အင်ဒို-အာရိယံတို့သည် မစ္ဈိမဒေသမှ ထွက်ခွာလာခဲ့ကြပြီး၊ ဂင်္ဂါမြစ်ဝှမ်းတွင် နေထိုင်ခဲ့ကြ ကြောင်း၊ ရှေးခေတ်ရခိုင်လူမျိုးတို့၏ မူရင်းဒေသမှာ မာဂဓဒေသဖြစ်ကြောင်း၊ ထို့နောက်ရခိုင်ဒေသသို့ ပြောင်းရွှေ့အခြေစိုက်၍ ဓညဝတီ (Dhangawadi) ထီးနန်းကို တည်ထောင်ခဲ့ကြောင်း ပါရှိသည်။

မာလာရုဘုရင်က ဓညဝတီထီးနန်း (ဘီစီ ၃၃၂၅-၁၄၈၃) ကို စတင်တည်ထောင်ချိန်မှစ၍ ရခိုင်မင်းဆက် ကို စတင်ခဲ့ကြောင်း နှုတ်ပြောသမိုင်းများက ဖေါ်ပြသည်။ နောက်ထပ်တည်ထောင်သည့် ထီးနန်းများမှာ ဝေသာလီ၊ လေးမြို့နှင့်မြောက်ဦးထီးနန်း တို့ဖြစ်သည်။ နှစ်ပေါင်း ၅၁၀၈ နှစ်အတွင်း ရခိုင်မင်းဆက်ပေါင်း ၂၃၄ ဆက်အုပ်ချုပ်ခဲ့ကြောင်း ကိုလည်း ဖေါ်ပြသည်။ ရခိုင်ပြည်သံတွဲမြို့၏ရှေးဟောင်းမြို့တော်အင်္ဂါ လက္ခဏာရပ်များက နှစ်ပေါင်း ၅၀၀၀ ကျော်ရခိုင်ထီးနန်းတည်ရှိခဲ့သည်မှာ ဖြစ်နိုင်ကြောင်း ဖေါ်ပြနေသည်ဟု ရခိုင်လူမျိုး သမိုင်းပညာရှင်ဒေါက်တာအေးကျော်က အဆိုပြုသည်။

ဒေါက်တာအေးကျော်က သံတွဲမြို့သည် ကမ္ဘာ့ရှေးဟောင်းမြို့တော်သုံးခုတွင် အပါအဝင်ဖြစ်ကြောင်းနှင့် အခြားရှေးဟောင်းမြို့ နှစ်မြို့မှာ ဆီးရီးယားနိုင်ငံမှ ဒမတ်စကတ်မြို့နှင့် အိန္ဒိနိုင်ငံမှ ဘင်နရက်မြို့များ ဖြစ်ကြောင်း ပြောကြားသည်။ သို့ရာတွင် ဤအဆိုကို အတည်ပြုနိုင်ရန်အတွက် ပညာရှင်များ၏ သုတေသနလုပ်ငန်းများ လိုအပ်သေးကြောင်းကိုလည်း အဆိုပြုသည်။ ရခိုင်တို့၏ နောက်ဆုံးထီးနန်း ဖြစ်သော မြောက်ဦးကို ဗမာတို့၏ ကုန်းဘောင်ထီးနန်းက အနိုင်ရပြီးနောက် ရခိုင်ပြည်သည် ဗမာဘုရင်၏ လက်အောက်ခံ ဖြစ်လာခဲ့သည်။

ဒဏ္ဍာရီ။ ရခိုင်လူမျိုးတို့၏ ဒဏ္ဍာရီတွင် ဗုဒ္ဓဘုရားကိုယ်တော်တိုင်ဓညဝတီနေပြည်တော်သို့ ဘီစီ ၅၅၄ ခုနှစ်တွင် ကြွရောက်တော်မူသည်ဟု ဖေါ်ပြသည်။ ထိုစဉ်က အုပ်ချုပ်သည့် စန္ဒာသူရိယ ဘုရင်သည် ဗုဒ္ဓအား ရုပ်ပွားတော်ချီးမြှင့်ပါရန် လျှောက်ထားသည်။ ဓညဝတီတွင် မဟာမုနိရုပ်ထုတော်ကို သွန်းလောင်း ပြီးနောက် ဘုရားရှင်က သူ၏ ရုပ်သွင်ကို ရုပ်ထုတော်တွင် ထင်ကျန်စေသည် ဟုဆိုသည်။ မဟာမုနိသည် ဗုဒ္ဓဘုရားနှင့် တထေရာတည်းတူသော ရုပ်ပွားတော်ဟု အဆိုရှိသည်။

သမိုင်းပညာရှင် ဒေါက်တာ အေးကျော်က မဟာမုနိသည် ရခိုင်ပြည်တွင် ပထမဦးဆုံး သွန်းလုပ်သည့် ဆင်းတုတော်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ ကုန်းဘောင်ခေတ်တွင် ဗမာဘုရင်က ရခိုင်ထီးနန်းကို သိမ်းပိုက်ပြီးနောက် မဟာမုနိ ရုပ်ပွားတော်ကို ပင့်ဆောင်သွားခဲ့သည်။ ယခုအခါ မဟာမုနိရုပ်ပွားတော် သည် မန္တလေးမြို့၌ တည်ရှိ သည်။
ကိုးကွယ်ယုံကြည်မှု။ ရခိုင်တို့သည် အစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ရခိုင် ထီးနန်းရက္ခပူရ သည် ဗုဒ္ဓဘာသာထွန်းကားရာမာဂဓဒေသနှင့် နယ်ချင်းစပ်နေသဖြင့် ရခိုင်လူမျိုးတို့သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓ ဘာ သာကို ပထမဦးဆုံးရရှိသူများဖြစ်ကြောင်း ရခိုင်ပညာရှင် ဒေါက်တာအေးကျော် နှင့် ဒေါက်တာနာယကတို့ကအဆို ပြုကြသည်။ အေဒီ ၁၈၇၂ တွင် ရခိုင်ပြည် သံတွဲမြို့အနီး ငလုံးမော် နှင့် ဘိုင်ဝါးရွာများတွင် တူးဖေါ်ရရှိသည့် ကျောက်စာတိုင်နှစ်ခုတွင် ရေးထိုးထားသည့် ဘုရားဟောစာများ သည် ရခိုင်ပြည်သို့ ဗုဒ္ဓဘာသာ အစောဆုံးရောက်ရှိသည့် အထောက်အထားများ ဖြစ်ကြသည်ဟု ဆိုကြသည်။

ဘာသာစကား။
ရခိုင်ဘာသာစကားသည် တိဗက်တို-ဘာမင်းဘာသာစကားမှ ဆင်းသက်သော လိုလို-ဘားမိစ်ဘာသာစကား အုပ်စုဝင်ဖြစ်ကြောင်း ကမ္ဘာ့တိုင်းရင်းသားလူမျိုးများဘာသာစကား အဖွဲ့မှ မှတ်တမ်းပြုထားသည်။ ယနေ့ခေတ် ရခိုင်စာအရေးအသားသည် စကားလုံးတချို့မှလွဲ၍ ဗမာအက္ခရာနှင့် တူညီသည်။ ရှေးခေတ်ကျောက် စာများတွင် တွေ့ရှိသည့် ဝေသာလီခေတ်တွင် အသုံးပြုခဲ့သော မြောက်ပိုင်းဘရာမီ အခြေခံရက္ခဝံသအက္ခရာများသည် ယနေ့ခေတ်တွင် အသုံးပြုခြင်းမရှိတော့ပေ။

ရှမ်းသမိုင်း။ ရှမ်းသုတေသနစာတမ်းများအရ ရှမ်းလူမျိုးများသည် မွန်ဂိုလွုက်လူမျိုးမှ ဆင်းသက်လာသော တိုင်လူမျိုးအုပ်စုဝင်ဖြစ်သည်။ ရှမ်းလူမျိုးသုတေသနပညာရှင် စိုင်းအောင်ထွန်း၏ အဆိုအရ-တရုတ်ပညာရှင်များနှင့် အနောက်နိုင်ငံပညာရှင်များ၏ သုတေသနတွေ့ရှိချက်များတွင် တိုင်လူမျိုးများ၏ မူရင်းဒေသမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းဖြစ်သည်ဟု ဖေါ်ပြသည်။

တိုင်လူမျိုးများသည် အာရှမြစ်ကြီးများဖြစ်သော ဗြဟ္ခပုတ္တရ၊ ချင်းတွင်း၊ ဧရာဝတီ၊ ရွှေလီ၊ သံလွင်၊ မဲခေါင်နှင့်မဲနမ်မြစ်များမှ တဆင့် အာသံ၊ မြန်မာပြည်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင် ကြသည်။ စဝ်နောင်ဦး ၂၀၀၅ ခုနှစ်တွင် ပြုစုသည့် စာတမ်းတွင် ရှမ်းလူမျိုးများ သည် မြန်မာနိုင်ငံအတွင်း သို့ ခရစ်တော်မပေါ်မီအချိန်ကတည်းက ပထမအသုတ်စတင်ရောက်ရှိပြီး တကောင်း၊ မိုးနဲ၊ သိန္နီနှင့် သီပေါရှေးဟောင်းမြို့များကို တည်ထောင်ခဲ့ကြကြောင်း ဖေါ်ပြထားသည်။ ဒုတိယအသုတ်မှာ အေဒီ ၆ ရာစုတွင် ဝင်ရောက်ခဲ့ကြသည်ဟု ဆက်လက်ဖော်ပြသည်။

သို့ရာတွင် တိုင်လူမျိုးနွယ်များ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည့် အချိန်ကာလနှင့် ပတ်သက်၍ ပညာရှင်များအတွင်း အငြင်းပွားလျက် ရှိသည်။ မှတ်တမ်း တင်ထားသည့် သမိုင်းအထောက်အထားများအရ ရှမ်းလူမျိုးများက နောင်ချိုထီးနန်း ကို အေဒီ ၇-ရာစုတွင် တည်ထောင်ခဲ့ကြောင်း စိုင်းအောင်ထွန်း၏ စာတမ်းတွင်ဖေါ်ပြသည်။ နောင်ချို နိုင်ငံသည် တရုတ်နိုင်ငံနှင့်အပြိုင် လွတ်လပ်စွာတည်ရှိခဲ့သည့် နိုင်ငံဖြစ်ကြောင်းကိုလည်း စိုင်းအောင်ထွန်းက ဖေါ်ပြသည်။ နောင်ချိုထီနန်းသည် မွန်ဂိုဘုရင်ကူဗလိုင်ခန်၏ တိုက်ခိုက်ချေမှုန်းခံရပြီး နောက် ပျက်သုဉ်းသွားခဲ့သည်။ ရှမ်းလူမျိုးများသည် ရှမ်းဘာသာဖြင့် နမ့်မော်ဟုခေါ်သည့် ရွှေလီမြစ်ဝှမ်း ဒေသသို့ ပြောင်းရွှေ့လာကြပြီး၊ နမ့်မော်လုံထီးနန်းကို စိုက်ထူခဲ့သည်။

ဒဏ္ဍာရီ။ နမ့်မော်လုံထီးနန်းနှင့် ဆက်နွယ်သော ဒဏ္ဍာရီတစ်ခုရှိသည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းမှ မော်မင်းသားတစ်ပါးသည် နဂါးမင်းသမီးနှင့် အိမ်ထောင်ကျခဲ့သည်ဟုဆိုသည်။ နဂါးမင်းသမီးမှ ခွန်ထွန်းခမ်းဆိုသော သားတစ်ဦးကို ဖွားမြင်သည်။ ခွန်ထွန်းခမ်းသည် မှော်ပညာတတ်ကျွမ်းကျင်သည်။ ခွန်ထွန်းခမ်းအရွယ်ရောက်သောအခါ ယူနန်ကိုအုပ်ချုပ်သည့် အခြားတိုင်မင်းတစ်ပါး၏ သမီးတော်နှင့် ထိမ်းမြားလက်ထပ်လိုသည်။ ယူနန်ဘုရင်၏ သမီး တော်နှင့် လက်ထပ်ရန် ကိစ္စမှာ မလွယ်ကူပါ။ ဘုရင်ကြီးက လှပချောမောသော သမီးတော်ကို ရေကန်ကြီးအလယ်ရှိ ကျွန်းပေါ်တွင် တည်ဆောက် ထားသော နန်းတော်တွင် ထားရှိပြီး၊ လှေ၊ ဖေါင် အကူအညီမပါဘဲ သမီးတော်ထံအရောက် သွားနိုင်သူ နှင့်သာ ထိမ်းမြားလက်ထပ်ပေးမည်ဟု ကြေငြာသည်။

ခွန်ထွန်းခမ်းသည် သူ၏ မှော်ပညာအစွမ်းနှင့် မိခင်နဂါးမင်းသမီး၏ အကူအညီဖြင့် မင်းသမီးထံ အရောက်သွားရန် စီစဉ်သည်။ မိခင်နဂါးမ သည် ရေကန်တွင်အလျားလိုက်ဆန့်တန်းပေးပြီး ခွန်ထွန်းခမ်းက မိခင်၏ ကျောပေါ်မှလျှောက်၍ ကျွန်းပေါ်သို့ ရောက်ရှိပြီး မင်းသမီးနှင့် တွေ့ဆုံနိုင်ခဲ့သည်။ ခွန်ထွန်းခမ်း သည် မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မော်နန်းတော်သို့ ပြန်လာခါ မင်းသမီးကို မိဘုရား မြှေက်ကာ ပျော်ရွှင်စွာ ထီးနန်းစိုးစံခဲ့ သည်ဟု ဆိုသည်။

ကိုးကွယ်ယုံကြည်မှု။ ဗုဒ္ဓဘာသာသည် အေဒီ ၆ ရာစုမှစ၍ အိန္ဒိယနိုင်ငံမှတဆင့် တရုတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများသို့ ကျယ်ပြန်ခဲ့သည်။ ရှမ်းလူမျိုးများသည် ဗုဒ္ဓဘာသာ၏ ဂိုဏ်းဂနများစွာနှင့် တွေ့ဆုံခဲ့ပြီးနောက် ထေရဝါ ဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာသည် ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုနှင့်နေစဉ်ဘဝကို ထင်ဟပ်ခဲ့သည်ဟု စဝ်နောင်ဦးရေးသားခဲ့သည်။ ခရစ်ယာန်သာသနာပြုများသည် တောင်ပေါ်တိုင်းရင်းသားများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သော်လည်း ရှမ်းပြည်သို့ ရောက်လာသည့် သာသနာပြုဆရာများသည် ရှမ်းလူမျိုးများကို ခရစ်ယာန် ဘာသာပြောင်းရာတွင် အောင်မြင်မှုမရကြောင်းစဝ်နောင်ဦး၏ စာတမ်းတွင်ပါရှိသည်။

ဘာသာစကား။ ရှမ်းဘာသာစကားသည် တိုင်-ဂတိုင်ဘာသာစကားအုပ်စုဝင်ဖြစ်ပြီး၊ ထိုင်းဘာသာ စကားနှင့် နီးစပ် သည်။ ရှမ်းစာပေလေ့လာသူ ဘရောင်း (၁၉၆၉) ၏ အဆိုအရ ရှမ်းဘာသာစကား မျိုးကွဲများကို အုပ်စုသုံးခုခွဲနိုင်ကြောင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဘာသာစကားမျိုးကွဲများ ဖြစ်ကြောင်း၊ ရှမ်းပြည်အရှေ့ပိုင်းဘာသာစကားသည် ထိုင်းနိုင်ငံမြောက်ပိုင်းဘာသာစကားနှင့် နီးစပ် ကြောင်း၊ တောင်ပိုင်းရှမ်းဘာသာစကားသည် ဗမာဝေါဟာရအချို့ကို ယူထားကြောင်းနှင့် မြောက်ပိုင်းရှမ်း ဘာသာစကားသည် တရုတ်ဘာသာစကား၏ လွှမ်းမိုးမှုရှိကြောင်း သိရှိရသည်။ ရှမ်းစာပေအရေးအသား သည် မွန်အက္ခရာမှ ဆင်းသက်လာကြောင်း စဝ်နောင်ဦးက ရေး သားသည်။

ရှမ်းပြည်တွင် နေထိုင်သည့် လားဟူ၊ ပအို့၊ ပလောင်နှင့် ဝလူမျိုးများ
 
လားဟူ၊ ပအို့၊ ပလောင်နှင့် ဝလူမျိုးများ၏ နေထိုင်ရာဒေသသည် မြန်မာနိုင်ငံ၊ ရှမ်းပြည် ဖြစ်သည်။ သို့ရာတွင်အဆို ပါလူမျိုးများသည် ရှမ်းလူမျိုးများကဲ့သို့ တိုင်အုပ်စုဝင်မဟုတ်ကြဘဲ၊ စီနို-တိဗက်တန် အုပ်စုဝင်များဖြစ်ကြသည်။ အောက်ပါစာပိုဒ်များတွင် အဆိုပါတိုင်းရင်းသားလူမျိုး လေးမျိုး၏ မူရင်း ဇာတိနှင့် ဘာသာစကားများကို ဖေါ်ပြပါမည်။

လားဟူ။ လားဟူလူမျိုးများမြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်ကာလကို စာရေးသူအနေဖြင့် အထောက် အထားများ ရှာမတွေ့ပါ။ လားဟူလူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေ ၁၅၀,၀၀၀ ခန့်ရှိပြီး၊ တရုတ်ပြည်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း နေထိုင်ကြသည်။ လားဟူလူမျိုး အများစုမှာ ခရစ်ယာန် ဘာသာဝင်များဖြစ်ကြသည်။ လားဟူဘာသာစကားသည် တိဗက်တို-ဘားမင်းဘာသာစကားအုပ်စုဝင် ဖြစ်သည်။ လားဟူစာပေအရေးအသားသည် လက် တင်အက္ခရာကို အသုံးပြုသည်။

ပအို့။ ပအို့လူမျိုးများကို ကရင်မဲ သို့မဟုတ် တောင်သူဟုလည်း ခေါ်ကြသည်။ ပအို့တို့သည် ကရင် လူမျိုးကွဲများဖြစ်ကြသည်ဟု ဆိုသည်။ နှုတ်ပြောသမိုင်းအရ ပအို့လူမျိုးတို့သည် အာရှအလယ်ပိုင်း ကုန်းမြင့်ဒေသမှ တောင်ဘက်သို့ပြောင်းရွှေ့လာကြပြီး မြန်မာနိုင်ငံသို့ ခရစ်တော်မပေါ်မီကပင် ရောက်ရှိ နေပြီဟု သိရှိရသည်။ ပအို့တို့သည် တန်ခိုးရှင်ဝိဇ္ဇာဖခင်နှင့် နဂါးမမိခင်တို့မှ ဖွားမြင်လာ ကြောင်း ဒဏ္ဍာရီ များကဖေါ်ပြသည်။ ပအို့များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး၊ ရှေးယခင်ကပင် ထေရဝါဒဗုဒ္ဓဘာသာကို မွန်လူမျိုးများနှင့်အတူ ရရှိခဲ့သည်ဟု ယူဆရသည်။

ပအို့ဘာသာစကားသည် စီနို-တိဗက်တန် ဘာသာစကားအုပ်စုဝင်ဖြစ်ကြောင်း ကမ္ဘာ့တိုင်းရင်းသား လူမျိုးများ ဘာ သာစကားအဖွဲ့မှ မှတ်တမ်းပြုထားသည်။ ပအို့စာအရေးအသားသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ပင် ရှိခဲ့ပြီး၊ ပအို့ အက္ခရာနှင့် မွန်အက္ခရာတို့သည် အိန္ဒိယဘရာမီအက္ခရာမှ ဆင်းသက်လာသော စာအရေးအသားများ ဖြစ်ကြသည်။

ပလောင်။ နှုတ်ပြောသမိုင်းများအရ ပလောင်လူမျိုးများမြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် အချိန် ကာလမှာ ပျူ လူမျိုးများမြန်မာနိုင်ငံတွင် အခြေစိုက်နေထိုင်ခဲ့ကြသည့်ကာလ အေဒီ ၁ ရာစုမှ ၄ ရာစုအတွင်း ဖြစ်သည်ဟုသိရသည်။ ပလောင်လူမျိုးစုကွဲများမှာ ရွှေပလောင်၊ ငွေပလောင်နှင့် ရူမိုင်ပလောင်တို့ ဖြစ်ကြသည်။ ပလောင်လူမျိုးအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ်ကိုးကွယ်မှု အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားကြသည်။ ပလောင်ဘာသာစကားသည် သြစတြီု-အေရှတစ် အုပ်စုမှ ဆင်းသက်လာသော မွန်-ခမာဘာသာစကားအုပ်စုဝင်ဖြစ်ကြောင်း ကမ္ဘာတိုင်းရင်းသား လူမျိုးများဘာသာစကားအဖွဲ့မှ မှတ်တမ်းတင်ထားသည်။ ပလောင် ဘာသာစကား၏ မျိုးကွဲသုံးခုမှာ ရူချင်း၊ ရူမိုင်နှင့် ရွှေတို့ဖြစ်ကြသည်။

ဝလူမျိုး။ ဝလူမျိုးများမြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည့် အချိန်ကာလကို စာရေးသူအနေဖြင့် ရှာဖွေတွေ့ရှိခြင်းမရှိပါ။ သို့ရာတွင် ဝလူမျိုးတို့သည် မွန်နှင့်ပလောင်လူမျိုးများကဲ့သို့ မွန်-ခမာ အုပ်စုများဖြစ်ရာ မွန်နှင့် ပလောင်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် အချိန်ကပင် ရောက်ရှိနေနိုင် သည်။ ဝလူမျိုးဦးရေစုစုပေါင်း တစ်သန်းခန့်ရှိပြီး ရှမ်းပြည်အရှေ့မြောက်ဖက် ဝဒေသတွင် ၆၀၀,၀၀၀၊ မြန်မာပြည် နယ်စပ်တရုတ်ပြည်ထဲတွင် ၃၀၀,၀၀၀ ခန့်နှင့် ရှမ်းပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံတို့တွင် ၁၀၀,၀၀၀ ခန့်နေထိုင်ကြသည်။

အစဉ်အလာအားဖြင့် ဝလူမျိုးတို့သည် နတ်ကိုးကွယ်သူများဖြစ်ပြီး၊ တောတောင်များ၊ မြစ်များနှင့် သဘာဝတည်ရှိနေသည့် အရာများ အားလုံးတွင် နတ်များရှိကြောင်းနှင့် ထိုနတ်များသည် ကံကြမ္မာအကောင်းနှင့် အဆိုးနှစ်မျိုးစ လုံးကို သယ်ဆောင်လာကြသည်ဟု ယုံကြည်ကြသည်။ ဝလူမျိုးတို့သည် နှစ်ဆယ်ရာစုအလယ်ပိုင်းအထိ လူဦး ခေါင်းကိုဖြတ်၍ ယစ်ဇော်သည့် အလေ့အထ ရှိခဲ့သည်။ ယနေ့ခေတ်တွင် ဝလူမျိုးအများစုမှာ ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး အချို့မှာ ခရစ်ယာန်ဘာသာကိုးကွယ်ကြသည်။ ဝစာပေအရေး အသားကို သမ္မာကျမ်းစာဘာသာပြန်ရန် အတွက် ခရစ်ယာန်သာသနာပြုများက ၁၉၃၀ ခုနှစ်များကတည်းက တီထွင်ပေးခဲ့သည်။ သို့ရာတွင် ဝဒေသ၌ အများဆုံးအသုံးပြုသည့် ဘာသာစကားမှာ တရုတ်ဘာသာစကားဖြစ်သည်။

၃။ တိုင်းရင်းသားဒေသများ၌ ဘာသာစကားသင်ကြားမှုများ

အောက်ပါစာပိုဒ်များသည် အဓိကတိုင်းရင်းသားအုပ်စုရှစ်ခုဖြစ်သော ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်နှင့် ရှမ်းလူမျိုးများနှင့် ရှမ်းပြည်တွင်နေထိုင်ကြသော လားဟူ၊ ပအို့၊ ပလောင်နှင့် ဝလူမျိုးတို့၏ ဘာသာစကားသင်ကြားမှုအခြေအနေကို ရှင်းပြထားပါသည်။ ဤစာပိုဒ်များတွင်ပါဝင်သည့် ဖေါ်ပြချက် နှင့် အမြင်များသည် စာရေးသူ၏ ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံထားပါသည်။

စာရေးသူသည် အထက်ပါတိုင်းရင်းသားလူမျိုးများနှင့် အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော ဆ ရာ၊ ဆရာမများ၊ ပညာရေးလုပ်ငန်း ဆောင်ရွက်ကြသူများနှင့် ဆယ်နှစ်ခန့် လက်တွဲဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

ဗမာဘာသာစကား
 
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ ဗမာဘာသာစကားကို တရားဝင်ရုံးသုံးနှင့် ကျောင်းသုံးဘာ သာစကားအဖြစ် သတ်မှတ်ခဲ့သောကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ဘာသာစကား များထဲတွင် ဗမာဘာသာစကားသည် ပိုမိုကျယ်ပြန့်ရန်အခွင့်အရေးရရှိသည်။ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီလက်အောက်နေရစဉ်က ဗမာမျိုးချစ်တို့သည် ဗမာစာရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြရ သည်။ ဗမာမျိုးချစ်တို့က အမျိုးသားကျောင်းများဖွင့်လှစ်၍ ဗမာစာ မြှင့်တင်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေးတို့အတွက် ဆောက်ရွက်ခဲ့သည်။ အောက်ပါကြွေး ကြော်သံဖြင့် အမျိုးသားရေးစိတ်ကို မြှင့်တင်ခဲ့သည်။

ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား
ဒို့ပြည်ကိုချစ်ပါ
ဒို့စာကို တန်ဖိုးထားပါ
ဒို့စကားကို လေးစားပါ

၂၀၀၀ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများတိုးချဲ့ဖွင့်လှစ်လာပြီး၊ အဆိုပါ ကျောင်းများသည် အင်္ဂလိပ်စာကျွမ်းကျင်မှုကို ဦးစားပေးသည်။ အင်္ဂလိပ်စာကောင်းကောင်းတတ်လျှင် နိုင်ငံခြားသို့သွား၍ အလုပ်လုပ်ရန်နှင့် ကျောင်းတက်ရန်ရည်ရွယ်ချက်ဖြင့် မိဘများကလည်း ငွေကုန်ကြေးကျခံ၍ သားသမီးများကို ပုဂ္ဂလိကကျောင်းများသို့ ပို့ကြသည်။

ထိုကျောင်းသားများ သည် ဗမာစာအပေါ် အလေးထားမှု လျော့ပါးလာကြသည်။ ဗမာစာကို ချစ်မြတ်နိုးသော ဆရာများဖွင့်လှစ်သည့် လုမ္ပဏီ ဥယျာဉ်ကဲ့သို့သော ပုဂ္ဂလိကျောင်းများသည် ဗမာစာနှင့် အင်္ဂလိပ်စာနှစ်မျိုးလုံးကျွမ်းကျင်ရန် ကြိုးပမ်းကြသည်။ နိုင်ငံခြားရောက်ဗမာမိသားစုများမှ ပေါက်ဖွားသော ကလေးများသည်လည်း ဗမာစာသင်ရန် အခွင့်အလမ်းနည်းပါးကြသည်။ အနောက်နိုင်ငံများတွင် သာသနာပြုသည့် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများက ဗုဒ္ဓအဆုံးအမနှင့် ဗမာစာကို နွေရာသီကျောင်းပိတ်ရက်များတွင် သင်ကြားပေးသဖြင့် အချို့ကလေးများ ဗမာစာသင်ကြားခွင့်ရကြသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗမာများက နယ်စပ်ဒေသတွင် ကျောင်းများထူထောင်၍ ဗမာစာနှင့် ဗမာသင်ရိုး ညွှန်းတမ်းကို သင်ကြားပေးသည်။

ဗမာလူမျိုးများသည် ဗမာစာမတိမ်ကောအောင် ကြိုးပမ်းအားထုတ်နေကြသော်လည်း မြန်မာနိုင်ငံတွင် နေထိုင်သည့် အခြားတိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားသင်ကြားရေးကိစ္စအပေါ် စဉ်းစားပေးမှု မရှိသလောက်ပင် တွေ့ရသည်။ အောက်ပါစာပိုဒ်များတွင် တိုင်းရင်းသား ဘာသာစကားများ ရှင်သန်ရန် အတွက် မည်မျှခက်ခဲကြောင်း တင်ပြထားပါသည်။

ချင်းဘာသာစကား
 
ချင်းဘာသာစကားတွင် မျိုးကွဲများစွာရှိပြီး၊ မျိုးကွဲ ၂၀ ကျော်မှာ ယနေ့ထက်တိုင်ပြောဆို နေကြဆဲ ဖြစ်သည်။ ခရစ်ယာန်ကျမ်းစာများကို ချင်းဘာသာများဖြင့် ဘာသာပြန်ထားပြီး၊ ချင်းစာကို ဘုရားကျောင်း များတွင် သင်ကြားပေးသည်။ ဘာသာရေးရည်ရွယ်ချက်မှလွဲ၍ ချင်းစာကို ကျောင်းများတွင် သင်ကြား ပေးခြင်းမရှိပါ။ အစိုးရပညာရေးမူဝါဒအရလည်း ဗမာစာမှလွဲ၍ အခြားတိုင်းရင်းသားစာများကို သင်ကြားခွင့်မရှိပါ။ အစိုးရ၏ အသိအမှတ်ပြုမှုနှင့် ထောက်ပံ့မှုမရရှိသဖြင့် ချင်းဘာသာစကားများဖွံ့ဖြိုးရန် အခွင့်အလမ်း အလွန်နည်းပါးသည်။ ခရစ်ယာန်ဘာသာဝင်ချင်းများက ကျမ်းစာတွင် ချင်းစာဖြင့် ဖတ်နိုင်သော်လည်း ဗုဒ္ဓဘာသာချင်းများအတွင်း ချင်းဘာသာစကား မည်သို့ရှင်သန်သည်ကို စာရေးသူ အနေဖြင့်လေ့လာသိရှိခြင်းမရှိသေးပါ။

ကချင်ဘာသာစကား
 
ကချင်လူမျိုး၏ လူမျိုးစုဝင်များဖြစ်သောဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရဝမ်နှင့် ဇိုင်းဝါးလူမျိုးတို့သည် သီးခြားဘာသာစကားများကို ပြောဆိုကြသည်။ သို့ရာတွင် ကချင်လူမျိုးစု များအတွင်း ဂျင်းဖေါဘာသာ စကားကို ဆက်သွယ်ရန် ဘုံဘာသာစကားနှင့် ကချင်ဒေသအတွင်း ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့မှ တည်ထောင်ထားသော ကျောင်းများတွင် ဂျင်းဖေါဘာသာ စကားကို မူလတန်းမှအလယ်တန်းအထိ သင်ကြားသည်။

အဆိုပါကျောင်းများတွင် တက်ရောက်နေ သော ကျောင်းသားစုစုပေါင်း ၁၀၀၀၀ ကျော်ရှိသည်။ ကချင်လွတ် မြောက်ရေးအဖွဲ့ အုပ်ချုပ်သော ဒေသများတွင် ဂျင်းဖေါဘာသာစကားကို ရုံးသုံး ဘာသာစကားအဖြစ်လည်း အသုံး ပြုသည်။ ကချင် လွတ်မြောက်ရေးအဖွဲ့အုပ်ချုပ်သည့် ဒေသအပြင်ဖက်တွင် နေထိုင်သည့် ကချင်လူမျိုးစုများအ တွက် သူတို့၏ ဘာသာစကားကို ခရစ်ယာန် ဘုရားကျောင်းများတွင် သင်ယူကြသည်။

ကရင်ဘာသာစကား
 
ကရင်အမျိုးသားအစည်းအရုံးမှ ဖွင့်လှစ်သည့်ကျောင်းများနှင့် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည် စခန်းများမှ ကျောင်းများတွင် စကောကရင်ဘာသာကို ကျောင်းသုံးဘာသာအဖြစ် အသုံးပြုသည်။ ကရင်အမျိုးသားအစည်း အရုံးအုပ်ချုပ်သည့်ဒေသများတွင်လည်း စကောကရင် ဘာသာကို ရုံးသုံး ဘာသာအဖြစ် အသုံးပြုသည်။ ကရင်လူမျိုးနွယ်စုများအတွင်း စကောကရင် ဘာသာကို ရုံးသုံးနှင့် ကျောင်းသုံးအဖြစ် သတ်မှတ်ထားမှုအပေါ်သဘောထားကွဲလွဲမှုအချို့ရှိသည်။ ကရင်အမျိုးသား အစည်းအရုံး အုပ်ချုပ်ရာဒေသအပြင်ဘက်တွင် နေထိုင်သော ကရင်မျိုးနွယ်စုများသည် မိမိတို့၏ ဘာသာစကားကို ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူကြသည်။

ကရင်နီဘာသာစကား
 
ကယားလီအက္ခရာဖြင့်ရေးသားသည့် ကရင်နီစာသည် ကရင်နီတိုးတက်ရေးပါတီ၏ ရုံးသုံးစာဖြစ်ပြီး၊ ထိုင်းနိုင်ငံမဲဟောင်ဆောင်မြို့အနီး ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် ကရင်နီ ဒုက္ခသည်စခန်းများတွင် ဖွင့်လှစ်ထားသော ကျောင်းများတွင် သင်ကြားသည်။ ကရင်နီလူမျိုးစုဝင်များ၏ အခြားဘာသာ စကားမျိုး ကွဲများကို ခရစ်ယာန်ဘုရားကျောင်းများတွင် သင်ကြားပေးပြီး ကျမ်းစာများကိုလည်း ဘာသာပြန် ထားသည်။

မွန်ဘာသာစကား
 
မွန်ဘာသာစကားနှင့် ယဉ်ကျေးမှုသည် ရှေးခေတ်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် လွှမ်းမိုးခဲ့ကြောင်း သမိုင်းအ ထောက်အထားများအရ သိရှိရသည်။ မွန်အက္ခရာသည် ဗမာစာအရေး အသားပေါ်ပေါက်ရန် ဦးဆောင်မှုပေးခဲ့သည်။ သို့ရာတွင် ယနေ့အချိန်၌ မွန်ဘာသာစကားသည် ဗမာနှင့် ထိုင်းဘာသာ စကားတို့၏ ဝါးမြိုခြင်းကိုခံရသည့် ထင်ရှားသည့် ဥပမာတစ်ခုဖြစ်သည်။ မွန်လူမျိုးဖြစ်သည်ဟု ဖေါ်ပြသည့် လူဦးရေထက် မွန်စကားပြောသူအရေ အတွက်က နည်းကြောင်း ဝပ်ကင်၏ ၂၀၀၇ စာတမ်း တွင် ဖေါ်ပြသည်။

မွန်လူမျိုးသုတေသနပညာရှင် ပုညမွန်၏ စာတမ်းတွင် ၁၈၅၆ ခုနှစ်တွင် ကောက်ယူသော သန်းကောင်စာရင်းအရ ဟင်္သာတခရိုင်တွင် နေထိုင်သော မွန်လူမျိုးများမှာ လူဦးရေ၏ ထက်ဝက် ရှိကြောင်း၊ နောက်ထပ် ၅၅ နှစ်အကြာ ၁၉၁၁ ခုနှစ် သန်းကောင်စာရင်းတွင် မွန်လူမျိုးဟုဖေါ်ပြသူမှာ လူဦးရေ ၅၃၂,၀၀၀ ကျော်အနက် ၁,၂၀၀ ကျော် သာရှိကြောင်းဖေါ်ပြသည်။ ထို့ပြင်လူဦးရေ ၁,၂၀၀ တွင် မွန်စကားပြောဆိုသူ ၄၀၀ ခန့်သာ ရှိသည်။

မွန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ နိုင်ပန်းလှကဲ့သို့သော မွန်ပညာရှင်များနှင့် မွန်ပြည်သစ် ပါတီတို့သည် မွန်ဘာ သာစကားထိန်းသိမ်းရန်အတွက် တက်တက်ကြွကြွဆောင်ရွက်လျက်ရှိကြသည်။ မွန်ဗုဒ္ဓဘာသာ ဘုန်းးတော်ကြီးကျောင်းများနှင့် မွန်ပြည်သစ်ပါတီမှတည်ထောင်သော ကျောင်းများသည် မွန်ဘာသာ စကားသင်ကြားပေးရာဌာနများဖြစ်သည်။ မွန်ပြည်သစ်ပါတီကျောင်းများတွင် ကျောင်းသားဦးရေ ၁၀,၀၀၀ ကျော် တက်ရောက်သင်ကြားလျက်ရှိသည်။

ရခိုင်ဘာသာစကား
 
ရခိုင်ဘာသာစကားနှင့် ဗမာဘာသာစကားတို့သည် ဝေါဟာရအနည်းငယ်မှလွဲ၍ တူညီမှုများစွာရှိသည်။ ဗမာစကားတတ်ကျွမ်းသူသည် ရခိုင်ဘာသာစကားကို ၈၀% ခန့် နားလည်သည်။ ရခိုင်ဘာသာစကားကို ရခိုင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင် အဓိက သင်ကြားသည်။ ပြည်ပရောက် ရခိုင်နိုင်ငံရေး အဖွဲ့များက ရခိုင်စာနှင့် စကားကို ဆက်သွယ်ရေး ဘာသာစကားအဖြစ် အသုံးပြုသည်။

ရှမ်းဘာသာစကား
 
ရှမ်းဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများသည် ရှမ်းဘာသာစကားသင်ကြားရာ အဓိကဌာနများ ဖြစ်သည်။ ရှမ်းလူမျိုးကျောင်းဆရာများနှင့် တက္ကသိုလ်ကျောင်းသားများသည် နွေရာသီ ကျောင်းပိတ်ရက်များတွင် ရှမ်းလူမျိုးများနေထိုင်ရာဒေသများသို့ သွားရောက်ပြီး ရှမ်းစာသင်ပေး ကြသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းနိုင်ငံရေး အဖွဲ့များဦးစီးဖွင့်လှစ်သော ကျောင်းများတွင် ရှမ်းဘာသာ စကားကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုသည်။
အချို့ရှမ်းမျိုးချစ်များက သူတို့၏ကျောင်းများ တွင် ဗမာစာကိုသင်ကြားရန် ငြင်းဆိုကြသည်။ ရှမ်းလူမျိုးများ နေထိုင်ရာဒေသတွင် ရှမ်းဘာသာ၊ ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာတို့သာ ပိုမိုလိုအပ်ပြီး ဗမာစာမှာအသုံးပြုရန် နည်းသဖြင့် သင်ကြားခြင်းမရှိကြောင်း အချို့က အဆိုပြုသည်။ အချို့မှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဗမာစာကို ငြင်းပယ်ခြင်းဖြစ်နိုင်သည်။

လားဟူ၊ ပအို့၊ ပလောင်နှင့် ဝ ဘာသာစကားများ
 
လားဟူ၊ ပအို့၊ ပလောင်၊ ဝနှင့် အခြားတိုင်းရင်းသားငယ်များ၏ ဘာသာစကားများ ထိန်းသိမ်းရန်ကိစ္စမှာ ပိုမိုခက်ခဲကြောင်းတွေ့ရှိရသည်။ ဥပမာအနေဖြင့် ဝဒေသတွင် 'ဝတပ်မတော် (UWSA)' မှ ဝဘာသာစကားထိန်းသိမ်းရန် တာဝန်ယူပြီး ဝဒေသတွင် ဖွင့်လှစ်သည့် ကျောင်းများ တွင် ဆရာများ စေလွှတ်၍ ဝစာကို မူလတန်းအဆင့်တွင် သင်ခကြားစေသည်။ သို့ရာတွင် ဝဒေသ၌ လွှမ်းမိုးသော ဘာသာစကားမှာ တရုတ်ဘာသာစကားဖြစ်ပြီး ဝစာတတ်သူဦးရေမှာ အနည်းငယ်မျှသာ ရှိသည်။ ထို့ပြင် ဝတပ်မတော်အတွင်း ဆက်သွယ်ရေးအတွက် အသုံးပြုသော ဘာသာစကားမှာလည်း တရုတ်ဘာသာ စကားပင်ဖြစ်သည်။

၄။ တိုင်းရင်းသားဘာသာစကားများ သင်ကြားခြင်းအပေါ်တင်ပြချက်

အထက်ဖေါ်ပြပါစာမျက်နှာများတွင် တိုင်းရင်သားလူမျိုးဆယ့်နှစ်မျိုး၏ လူမျိုးဆိုင်ရာ သတ်မှတ်ချက်များ နှင့် ဘာ သာစကားသင်ကြားမှုအကြောင်းကိုဖေါ်ပြခဲ့ပြီးဖြစ်သည်။ အောက်ပါ စာပိုဒ်များတွင် 'မြန်မာ နိုင်ငံ၌ ဘာသာစကားသင်ကြားရေးဆိုင်ရာမူဝါဒ' နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပါမည်။ မြန်မာနိုင်ငံ သည် မတူကွဲပြားသော ဘာသာစကားများ တည်ရှိရာနိုင်ငံဖြစ်၍ ဘာသာစကားများစွာပါဝင်သော ပညာရေး (Multilingual education) ကို စဉ်းစားသင့်ကြောင်း ဤစာတမ်းမှ အဆိုပြုပါသည်။

ဘာသာ စကားများစွာ ပါဝင်သော ပညာရေးသည် အနည်းဆုံး ဘာသာစကားသုံးခုသင်ကြားရန် ၁၉၉၉ ခုနှစ်တွင် UNESCO ၏ အဆိုပြုချက်ဖြစ်ပါသည်။ အဆိုပါ ဘာသာစကားသုံးခုမှာ (၁) မိခင်ဘာသာစကား (၂) ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံလုံးဆိုင်ရာ ဘာသာစကား (၃) နိုင်ငံတကာသုံးဘာသာစကားတို့ ဖြစ်ပါသည်။ UNESCO ၏ ၂၀၀၃ ခုနှစ်တွင် ထုတ်ပြန်သော စာတမ်းအရ ကမ္ဘာပေါ်တွင် ပြောဆိုနေသော ဘာသာစကားပေါင်း ၆၀၀၀ မှ ၇၀၀၀ အထိရှိပြီး၊ ထိုဘာသာစကားများထဲမှ တစ်ဝက်သည်ပျောက်ကွယ်တော့မည့်အန္တရာယ်နှင့်ကြုံနေရ ကြောင်း ဖေါ်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘာသာစကားအများအပြား တည်ရှိခြင်းသည် နိုင်ငံ၏ကြွယ်ဝချမ်းသာခြင်း ဖြစ်သည်ဟု ဤစာ တမ်းမှခံယူပါသည်။ အကယ်၍ ဘာသာစကားတခုကွယ်ပျောက်သွားလျှင် ထိုဘာသာ စကားကို ပြောဆိုခဲ့သော လူမျိုး၏ မူလအစကို ရှာဖွေရန် အခွင့်အရေးများဆုံးရှုံး သွားပါလိမ့်မည်။ ရှေးဦးသမိုင်း အထောက်အထားများနှင့် ထိုဘာသာစကားကို အသုံးပြု၍ သူတို့၏ မူလအစကို သားစဉ်မြေးဆက် ပြောဆိုခဲ့ကြသော ဒဏ္ဍရီများလည်း ဆုံးရှုံးသွားပါလိမ့်မည်။ ဘာသာ စကားတစ်ခုသည် ဆက်သွယ်ရေး နှင့် ဗဟုသုတရှာမှီးရာ ကိရိယာတစ်ခုထက်မကဘဲ၊ ယဉ်ကျေးမှုများထိန်းသိမ်းရန်နှင့် ထိုလူမျိုး ဖြစ်ကြောင်းဂုဏ်ယူနိုင်ရန်၊ တစ်ဦးချင်းအတွက်ရော လူမျိုးတစ်ခုအတွက်ပါ အခြေခံကျသောအရာ ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်တွင် တိုင်းရင်းသားဘာသာစကားများ အများအပြားရှိသည့် အနက် ဗမာဘာသာစကားကို တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ အချို့နိုင်ငံများ တွင်မူတိုင်းရင်းသား ဘာသာစကားများကို တစ်ခုထက်ပို၍ ရုံးသုံးဘာသာ စကားအဖြစ် သတ်မှတ် ကြသည်။ ဥပမာအနေဖြင့် အိန္ဒိယနိုင်င်ငံသည် တရားဝင်ရုံးသုံးဘာသာ ၁၉ ခုရှိပြီး၊ တောင်အာဖရိကတွင် ၁၁ ခုရှိသည်။ ဘာသာစကားတစ်ခုသည် တရားဝင်ရုံးသုံးဘာသာဖြစ်ပြီ ဆိုလျှင် နိုင်ငံတစ်ခု၏ အုပ်ချုပ် ရေး၊ ပညာရေးနှင့် အခြားကဏ္ဍအသီးသီးတွင် နေ ရာရရှိလာတော့သည်။

လွတ်လပ်ရေးရပြီးစဉ်က ဗမာဘာသာစကားကို တရားဝင်ရုံးသုံးဘာသာစကားအဖြစ် ထားရှိခဲ့သော်လည်း အခြားတိုင်းရင်းသား ဘာသာစကားများကို ကျောင်းတွင်သင်ကြားပေးပြီး ပညာရေး ကဏ္ဍတွင် အသုံးပြုခဲ့သည်။ သို့ရာတွင် ထိုအခွင့်အရေးမှာ ၁၉၆၂ အထိသာရရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်တပ်မှနိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်၊ တိုင်းရင်းသား ဘာသာစကားများကို ကျောင်း၌သင်ကြားခွင့်ကို တားမြစ်ခဲ့သည်။ ထိုတားမြစ်မှုသည် ယနေ့ထက်တိုင်ပင် ဖြစ်သည်။

တိုင်းရင်းသားလူနည်းစုများ၏ ဘာသာစကားရပ်တည်မှုကို ထောက်ထား၍ မြန်မာနိုင်ငံ ၏ ပညာရေး မူဝါဒကို ပြန်လည်စဉ်းစားရန် လိုအပ်လာပါသည်။ ဤနေရာ၌ လူနည်းစုဟူသည့် အသုံးအနှုန်းမှာ ဘာသာစကားတစ်ခုကို ပြောဆိုသည့် လူဦးရေအနည်းအများကို နှိုင်းယှဉ်ချက်အရ ဖေါ်ပြခြင်းဖြစ်ပါ သည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံ၌ ကချင်ဘာသာစကားသည် လူနည်းစု ဘာသာစကားဖြစ်ပြီး၊ ကချင်ပြည်တွင် ဗမာစကားသည် နှိုင်းယဉ်ချက်အရ လူနည်းစုဘာသာစကား ဖြစ်သည်။ ဤမှတ်တမ်းမှ လူနည်းစု တိုင်းရင်းသားဘာသာစကားများကို ကျောင်းတွင်သင်ကြားရန် အဆိုပြုသော်လည်း၊ ဤတာဝန်သည် ပညာရေးလုပ်သားများအတွက် သေးငယ်သော တာဝန်မဟုတ်ကြောင်း နားလည်ပါ သည်။

ဥပမာအနေဖြင့် ချင်းဘာသာစကားသည် မျိုးကွဲ ၂၀ ကျော်ရှိရာ၊ မည်သည့်မျိုးကွဲ ဘာသာစကားကို ကျောင်းသုံးအဖြစ်ရွေးချယ်မည်ဆိုသည့် ကိစ္စမှာ အလွယ်တကူမဖြစ်နိုင်ပါ။ ရွေးချယ်မှုတိုင်းအတွက် တရားမျှတမှုရှိရန်နှင့် လုံလောက်သော ကျိုးကြောင်းဆင်ခြင်မှုရှိရန် လိုအပ်သည်။ ဘာသာစကား တစ်ခုကို ကျောင်းသုံးအဖြစ်ရွေးချယ်ပြီးပါက အခြားဘာသာ စကားများကို ထိန်းသိမ်းရန်အတွက်လည်း ဆောင်ရွက်ရပါသည်။

ကချင်လူမျိုးတို့သည် ဂျင်းဖေါဘာသာစကားကို အုပ်ချုပ်ရေးနှင့် ပညာရေးအတွက် ရွေးချယ်ထားပြီး ဖြစ်သည်။ ဂျင်းဖေါဘာသာစကားသည် ကချင်လူမျိုးနွယ်စုများအတွင်း အများသုံးဘာသာစကားများ ဖြစ်သည်။ အခြားဘာ သာစကားများဖြစ်သော လချိတ်၊ လဝေါ်၊ လီစူး၊ ရဝမ် နှင့် ဇိုင်ဝါးတို့မှာလည်း ဘာသာရေးနှင့် လူမှုရေးနယ်တွင် အ သုံးပြုနေဆဲဖြစ်သည်။

ကရင်ဘာသာစကားမျိုးကွဲနှစ်ခုဖြစ်သော စကောနှင့်ပိုးဘာသာစကားများသည် ဘာသာရေး၊ နိုင်ငံရေးတို့နှင့်လည်း ယှက်နွယ်လျှက်ရှိသည်။ စကောအများစုမှာ ခရစ်ယာန်ဘာသာ ဝင်များဖြစ်ပြီး ပိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ဘာသာရေးအုပ်စုနှစ်ခုအတွင်း နိုင်ငံရေးပဋိပက္ခလည်း ရှိနေသည်။ ဥပမာအားဖြင့် ကရင်အမျိုးသားအစည်းအရုံး (KUN) သည် ခရစ်ယာန်စကောကရင်များ ကြီးစိုးသည်ဟု ယူဆလျက် ဗုဒ္ဓဘာသာဝင် ကရင်များခွဲထွက်ကာ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) ကို တည်ထောင်ခဲ့ကြသည်။ ကရင်လူမျိုးများအတွက် ဘာသာစကားတစ်ခုကို ကျောင်းသုံးအဖြစ် ရွေးချယ်ရမည့် ကိစ္စမှာလည်း လွယ်ကူမည့်ကိစ္စမဖြစ်နိုင်ပါ။

ကရင်နီလူမျိုးများတွင်လည်း ဘာသာစကားမျိုးကွဲများစွာရှိပြီး၊ စာအရေးအသားမှာလည်း မူကွဲသုံးမျိုးရှိ နေသဖြင့် ကျောင်းသုံးဘာသာစကားတစ်ခုနှင့် စာအရေးအသားတစ်မျိုးကို အများသဘောကျ ရွေးချယ်ရန်လိုအပ်ပါသည်။ ဘာသာစကားမျိုးကွဲအားလုံးကို ထိန်းသိမ်းရန်အတွက်လည်း ဆောင်ရွက်ရ ပါမည်။ ကရင်နီလူမျိုးများ၏ သမိုင်းတွင် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပြီး၊ ထိုသမိုင်း အချက်အလက်များ ကို ဘာသာစကားမှတဆင့် ရှာဖွေနိုင်ရန်အတွက် ဘာသာစကားမျိုးကွဲအားလုံး ရှင်သန်နေရန် လိုအပ်ပါသည်။

ဥပမာအနေဖြင့် ကယားလူမျိုးနွယ်စုတို့သည် ယနေ့တွင် ခရစ်ယာန် အများစုဖြစ်သော် လည်း တချိန်က ဟိန္ဒူဘာသာနှင့် အဆက်အစပ် ရှိကောင်းရှိနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကရင်နီ/ကယားတို့၏ ဒဏ္ဍာရီတွင်ပါဝင်သော ကိန္နရီနှင့် ကိန္နရာတို့ကို ဟိန္ဒူယဉ်ကျေးမှုတွင်လည်း တွေ့ရှိရသောကြောင့် ဖြစ်သည်။

မွန်ထီးနန်းသည် ဗမာဘုရင်တို့၏ တိုက်ခိုက်သိမ်းပိုက်မှုကို ခံရပြီးကတည်းက မွန်ဘာသာစကားသည်တဖြည်းဖြည်း မှေးမှိန်လာနေသဖြင့် မွန်ဘာသာစကားကို ထိန်းသိမ်းကာကွယ်ရန် ကိစ္စသည် မွန်လူမျိုး များအတွက် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တချိန်က မွန်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး ဗမာလူမျိုးများကိုယ်တိုင် ဗမာစာပေ အရေးအသားနှင့် ယဉ်ကျေးမှုများကို မွန်တို့ထံမှ သင်ယူခဲ့ကြရသည်။ ရှေးဗမာများသည်လည်း မွန်စကားပြော၍ မှတ်တမ်းများရေးထိုးရာတွင်လည်း မွန်စာဖြင့်ပင် ရေးကြသည်။

ဥပမာအားဖြင့် ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃) သည် သူ၏ ဆရာ ရှင်အရဟံနှင့် ဗုဒ္ဓဘာသာအကြောင်း၊ ပုဂံနိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုအကြောင်း၊ သူ၏အောင်မြင်ခဲ့သော တိုက်ပွဲများအကြောင်းနှင့်တကွ သူ၏မိဖုရားများအကြောင်းကို ကျောက်စာရေး ထိုးရာတွင် မွန်ဘာသာဖြင့်ရေးထိုးခဲ့သည်။ မွန်သုတေသနပညာရှင်နိုင်ပန်းလှက ကျန်စစ်သား ရေးထိုးထားသော ကျောက်စာများ တစ်ဒါဇင်မျှမက တွေ့ရှိခဲ့ကြောင်း သူ၏စာတမ်းတွင် ရေးသားထားခဲ့သည်။ နိုင်ပန်းလှ၏ အဆိုအရ ဗမာစာဖြင့် ပထမဦးဆုံးကျောက်စာရေးထိုးသူမှာ ကျန်စစ်သား၏ သားတော် ရာဇကုမာရ မင်းသားဖြစ်ကြောင်း သိရသည်။ ရာဇကုမာရရေးထိုးသော ဗမာစာကို မြစေတီ ကျောက်စာ (အေဒီ ၁၁၁၃) တွင် ပါဠိ၊ ပျု၊ မွန်စာတို့နှင့်အတူတွေ့ရှိရသည်။

ရခိုင်ယဉ်ကျေးမှုသည် အခိုင်အမာထွန်းကားခဲ့သည်။ ဗမာများသည်လည်း ရခိုင်တို့ထံမှ သင်ယူခဲ့ကြ သည်။ ဗမာစကားပုံတွင် 'သဒ္ဒါမနိုင် ရခိုင်ကိုမေး' ဟုအဆိုရှိသည်။ ရခိုင်လူမျိုးများက ဗမာလူမျိုးများထက် စာပေအရေးအသားနှင့် သဒ္ဒါပိုမိုကျွမ်းကျင်ကြသည်ဟု ယူဆနိုင်သည်။ ဗမာစာနှင့် ဗမာစကားသည် ရခိုင်စာရခိုင်စကားနှင့် ဝေါဟာရ အနည်းငယ်ကွဲပြား သည်မှအပ တူညီမှုရှိသည်။ ရခိုင်လူမျိုးအကြောင်း ပြောလျှင် 'ရိုဟင်ဂျာ' ကိစ္စမှာချန်ထား၍ မရသောကိစ္စဖြစ်သည်။ ရိုဟင်ဂျာတို့က သူတို့သည် သမိုင်းအရ ရခိုင်သားဖြစ်သည်ဟုဆိုကြသည်။ မူဆလင်ဘုရင်များက ရခိုင်ပြည်ကို ၁၄၃၀ မှ ၁၅၃၁ အထိနှစ်ပေါင်း တစ်ရာအုပ်ချုပ်ခဲ့သည်ဟု အကြောင်းပြသည်။

ဤအကြောင်းပြချက်ကို ရခိုင်လူမျိုးများက လက်မခံကြပါ။ ရခိုင်ပြည်သည် ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့၏ မူရင်းဒေ သသာ ဖြစ်ကြောင်း ပြောဆိုကြသည်။ ရခိုင်လူမျိုးများအတွက် လူမျိုးဆိုင်ရာဖေါ်ပြချက်သည် ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကားကို အထူးအလေးပေးဖေါ်ပြသည်။ ရိုဟင်ဂျာတို့သည် မူဆလင်ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်ကြပြီး၊ ပြောဆိုသော ဘာသာစကားမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံတောင်ပိုင်း စစ်တကောင်းဒေသတွင် ပြောဆိုသော ဘာသာစကားနှင့် ဆင်တူသည်။

တိုင်အနွယ်ဝင်ရှမ်းလူမျိုးတို့သည် မြန်မာနိုင်၏ရှေးဦးသမိုင်းကာလကတည်းက အခြေချနေထိုင်ခဲ့ကြပြီး ဖြစ်သည်။ သို့ရာတွင် ရှမ်းလူမျိုးများသည် တိဗက်တို့ဘားမင်းအနွယ်ဝင် ဗမာလူမျိုးတို့နှင့် ဘာသာစကား နှင့်ယဉ်ကျေးမှုကွဲ ပြားခြားနားမှုရှိသည်။ ရှမ်းဘာသာစကားသည် မြန်မာအစိုးရဖွင့်လှစ်သည့် ကျောင်းများ တွင် သင်ကြားခွင့်မရ သော်လည်း ရှမ်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ရှမ်းပညာရှင်များနှင့် နိုင်ငံရေး သမားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် တိမ်ကောပပျောက်ခြင်းမရှိဘဲ တိုးတက်အောင် ဆောင်ရွက် နိုင်ကြသည်။ ရှမ်းဘာသာစကားသည် ရှမ်းလူမျိုးများနေထိုင်ရာဒေသရှိကျောင်းများတွင် ကျောင်းသုံး ဘာသာစကားဖြစ်သင့်ပါသည်။ ရှမ်းပြည်တွင် နေထိုင်ကြသည့် တိုင်အနွယ်ဝင်မဟုတ်သော လူမျိုးစုငယ် များဖြစ်ကြသည့် အာခါ လားဟူ၊ ပအို့၊ ပလောင်၊ ဝနှင့် အခြားဘာသာစကားများကိုလည်း ထိန်းသိမ်း ကာကွယ်ကြရပါမည်။

မြန်မာနိုင်ငံသို့ ရှေးယခင်ကတည်းက အခြေချနေထိုင်ကြသူများအပြင်၊ အိမ်နီးချင်းနိုင်ငံများမှ ရောက်ရှိလာကြသော တရုတ်လူမျိုးနှင့် အိန္ဒိယနိုင်ငံသားများမှာလည်း နေထိုင်လျက်ရှိကြသည်။ တရုတ် လူမျိုး ၃%နှင့် အိန္ဒိယနိုင်ငံသား ၂%ခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ ထိုလူမျိုးများသည် တရုတ် ဘုံကျောင်း၊ ဟိန္ဒူဘုရားကျောင်းနှင့် မူဆလင်ဘုရားရှိခိုးကျောင်းများတွင် သက်ဆိုင်ရာဘာသာ စကားများကို သင်ယူကြသည်။ တရုတ်နှင့် ဟင်ဒီဘာသာစကားတို့သည် တရုတ်နိုင်ငံ၌ လည်းကောင်း၊ အိန္ဒိယနိုင်ငံ၌လည်းကောင်း၊ တကမ္ဘာလုံးတွင်လည်းကောင်း လူအများ စုဘာသာစကားများဖြစ်သော် လည်း၊ မြန်မာနိုင်ငံ၌မူ လူနည်းစုဘာသာစကားများဖြစ်ကြသည်။ အခြားလူနည်းစုတိုင်းရင်းသား လူမျိုးများ၏ ဘာသာစကားကို သင်ကြားရန် စဉ်းစားသကဲ့သို့ တရုတ်နှင့် အိန္ဒိယလူမျိုးတို့၏ ဘာသာစကားသင်ကြားရေးအတွက်လည်း ထည့်သွင်းစဉ်းစားရပါမည်။

လူနည်းစုဘာသားစကားများကို ဦးစားပေးနေကြလျှင် အခြားအရေးကြီးသည့် သင်္ချာ၊ သိပ္ပံအစရှိသည့် ဘာသာရပ်များတွင် အားနည်းသွားနိုင်သည်ဟု အကြောင်းပြလျက် လူနည်းစုများ၏ ဘာသာစကားကို ကျောင်းတွင်သင်ကြားရန် တင်ပြမှုအပေါ်ငြင်းဆိုမည့်သူများလည်း ရှိနိုင်ပါသည်။ ထိုမျှမက ကမ္ဘာလုံး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (globalization) နှင့်သတင်းနည်းပညာ ထွန်းကားလာမှုတို့ကြောင့် လူမျိုးငယ်များ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားတို့၏ ရပ်တည်မှုကိုလည်း ရိုက်ခတ်လျက်ရှိသည်။ ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာကြသည့် အနောက်တိုင်းယဉ်ကျေးမှုများ ရောက်ရှိလာသဖြင့် အာရှ ဒေသအတော်များများတွင် ရိုးရာအစဉ်အလာယဉ်ကျေးမှုများလည်းတဖြည်း ဖြည်း ကွက်ပျောက်လျက် ရှိသည်။

မြန်မာနိုင်ငံမူလတန်းနှင့် အလယ်တန်းကျောင်းများတွင် အင်္ဂလိပ်ဘာသာသည် မသင်မနေရ ဘာသာတစ်ရပ်ဖြစ်ပြီး၊ တက္ကသိုလ်တော်တော်များများတွင် တက္ကသိုလ်သုံးဘာသာစကား ဖြစ်သည်။ အင်္ဂလိပ်စာသင်ယူတတ်မြောက်ခြင်းသည် စီးပွားရေးအခွင့်အလမ်းပွင့်လင်းမှု၊ နိုင်ငံတကာနှင့် ဆက်သွယ်ရာတွင် အကူအညီရရှိမှု၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာဆည်းပူးရန် အလားအလာကောင်းများ ကောင်းမွန်မှုတို့ကို ဦးတည်ပါသည်။ သို့ရာတွင် စိုးရိမ်စရာတခုမှာ လူငယ်များသည် ယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ရိုးရာဘာသာစကားများထက် လက်တွေ့အသုံးကျ သည့် အင်္ဂလိပ်စာကို ဦးစားပေးလာခြင်းဖြင့် လူနည်းစုတိုင်းရင်းသားဘာသာစကားများ မြှင့်တင်ရာတွင် အားနည်းသွားနိုင်ပါသည်။

တိုင်းရင်းသားဘာသာစကားများကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုရာတွင် ရင်ဆိုင်ကြုံတွေ့ နိုင်သည့် အချက်များကိုလည်း ယူနက်စကိုက အောက်ပါအတိုင်းထောက်ပြထားပါသည်။

• တိုင်းရင်းသားဘာသာစကားသည် စာအရေးအသားမရှိသေးသော ဘာသာစကားဖြစ်နေခြင်း
• တခါတရံတွင် တိုင်းရင်းသားဘာသာစကားသည် အများလက်ခံသည့် တရားဝင်ဘာသာ စကားမဟုတ်ခြင်း
• ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုနိုင်ရန် လိုအပ်သည့် ဝေါဟာရများဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ခြင်း
• တိုင်းရင်းသားဘာသာစကားသင်ကြားရာတွင် လိုအပ်သော စာအုပ်စာတမ်းများနှင့် အခြား ပစ္စည်းများ မပြည့်စုံခြင်း
• တိုင်းရင်းသားဘာသာစကားများ အများအပြားရှိနေသဖြင့်၊ ဘာသာစကားအသီးသီးကို ကျောင်းသုံးဘာသာအဖြစ် အသုံးပြုရန် အခက်အခဲများရှိနေခြင်း
• သင်ကြားပေးမည့် ဆရာအလုံအလောက်မရှိခြင်း
• မိခင်ဘာသာစကားသင်ကြားမှုကို ကျောင်းသား၊ မိဘနှင့် ဆရာများကိုယ်တိုင်က မလိုလား ခြင်းစသည့်တို့ ဖြစ်ပါသည်။

၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော် အခြေခံဥပဒေ၊ နိုင်ငံ တော်အခြေခံမှုများ ပုဒ်မ ၂၂ (က) တွင် 'နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပ ညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်' ဟု ဖေါ်ပြထားသည်။ ဤအပိုဒ်သည် တိုင်းရင်းသားဘာသာစကားများဖွံ့ဖြိုးတိုးတက်စေရန် အားပေးထား သည်။ သို့ရာတွင် အထွေထွေပြ ဋ္ဌန်း ချက် ပုဒ်မ ၄၅၀ တွင် 'မြန်မာစာသည် ရုံးသုံးစာဖြစ်သည်' ဟု ထပ်မံဖေါ်ပြသည်။ ဤပုဒ်မအရ အခြေခံဥပဒေ သည် တိုင်းရင်းသားဘာ သာစကားများကို သက်ဆိုင်ရာပြည်နယ်များ၌ပင်လျှင် ရုံးသုံးစာအဖြစ် အသိအ မှတ်ပြုထားခြင်းမရှိပေ။ ဘာသာစကား တစ်ခုသည် တရားဝင်ရုံးသုံးစာအဖြစ် အသိအမှတ် ပြုထားခြင်း မရှိ လျှင် ထိုဘာသာစကားကို သုံးစွဲရန် အခွင့်အလမ်းနည်းပါးသွားပြီး၊ ဖွံ့ဖြိုးတိုးတက်ရန် မဆိုထားနှင့် ရေရှည် ရပ်တည်ရန်ပင် ခက်ခဲပေလိမ့်မည်။ လူမျိုး စုတိုင်းရင်းသားဘာသာစကားများကို ထိန်းသိမ်းရန် အတွက် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှကို ရှာဖွေရပါမည်။

ကြုံတွေ့ရမည့် အခက်အခဲများကို ရင်ဆိုင်လျက် တိုင်းရင်းသားဘာသာစကားများကို ကျောင်းများတွင် သင် ကြား သင့်ကြောင်း ဤစာတမ်းမှ အလေးအနက်အကြံပြုအပ်ပါသည်။ ကျောင်းသားများသည် မိခင်ဘာ သာ စကားဖြင့် သင်ကြားခွင့်ရလျှင် ထိုဘာသာစကားကိုကောင်းစွာ တတ်ကျွမ်းခြင်း၊ ဒုတိယဘာသာ စကား တစ် ခုကို သင်ယူရန်လွယ်ကူခြင်းနှင့် အခြားဘာသာရပ်များတွင်လည်း ကောင်းကောင်းနားလည်ခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း သုတေသနတွေ့ရှိချက်များက ဖေါ်ပြကြပါသည်။

ထို့ပြင် မိခင်ဘာသာစကားကို 'ဘာသာနှစ်မျိုးအသုံးပြုသော သင်ကြားခြင်း (bilingual approaches)' အတွက် အစ ပျိုးရန်နှင့် အထောက်အကူပြုရန် အသုံးပြုလျှင် ကျောင်းသားများသည် အကောင်းဆုံးဖြစ် အောင် သင်ယူကြကြောင်း အဆိုပါသုတေသနများက ထောက်ပြကြပါသည်။ သင်ယူမှုဆိုင်ရာစိတ်ပညာရှင် (Ellen Bialystock) ၏ သုတေသနကလည်း ကျောင်းများတွင် ဘာသာစကားတစ်မျိုးထက်မက သင်ယူခြင်း ကိုထောက်ခံထားပါသည်။

သုတေသနတွေ့ရှိချက်အရ ဘာသာစကားနှစ်မျိုးဖြင့် သင်ယူသောကျောင်းသားများ၏ ဦးနှောက် အလုပ်လုပ် ပုံ သည် သတင်း အချက်အလက်များစွာအနက် အရေးမကြီးသည့် သတင်းအချက် အလက်များ ကိုပစ် ပယ်၍ အရေး ကြီးသောအချက်အလက်များကို အာရုံစိုက်ရာတွင် ပိုမိုကောင်းမွန် ကြောင်း အဆိုပြုထားပါ သည်။ ထို့ပြင် ဘာသာစကားနှစ်မျိုး အသုံးပြုသူသည် မေ့တတ်သည့် ရောဂါ (Alzheimer's disease) ဖြစ်ရန် အခွင့်အလမ်းနည်းသည် ဟုလည်း ဆိုပါသည်။



၅။ နိဂုံးချုပ်တင်ပြချက်
 
ဘာသာစကားဆိုင်ရာအခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ပြီး ကလေးတိုင်းသည် မိမိတို့၏ မိခင် ဘာ သာစကားဖြင့် ပညာသင်ကြားခွင့်ရှိသင့်သည်။ မြန်မာနိုင်ငံသည် လူမျိုးနွယ်စု၊ ဘာသာစကားနှင့် ယဉ်ကျေး မှုအမျိုးမျိုးရှိသောနိုင်ငံဖြစ်သည့်အလျှောက် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက် ဘာသာစကားအမျိုးမျိုးဖြင့် သင်ကြား သည့်မူဝါဒ (multilingual language policy) ကို ကျင့်သုံးသင့်ကြောင်း ဤစာတမ်းက အကြံပြု ထားပါသည်။

မူလတန်းအဆင့်တွင် ဘာသာစကားသုံးမျိုးသင်ကြားသင့်ပါသည်။ မိခင်ဘာသာ စကား၊ ရုံးသုံးဘာသာ စကား (ဗမာစာ)နှင့် နိုင်ငံတကာသုံးဘာသာစကား (အင်္ဂလိပ်) တို့ ဖြစ်ပါသည်။ ကလေးတစ်ယောက်သည် မိခင်ဘာသာစကားကို ပိုင်နိုင်ကျွမ်းကျင်ပါက အခြားဘာသာ စကားများနှင့် ဘာသာရပ်များကို သင်ယူရန် ပိုမိုလွယ်ကူပါလိမ့်မည်။ မိမိဘာသာစကားကိုလည်း ကျွမ်းကျင်၊ အခြားဘာသာစကားနှင့် ဘာသာရပ် များ ကိုလည်း ကျွမ်းကျင်လျှင် ထိုကလေးသည် မိမိ၏ လူမျိုးဂုဏ်ကို ဖေါ်ပြရန် တွန်းအားဖြစ်စေပါသည်။

အကယ်၍ ကလေးတစ်ယောက်သည် ကျောင်းသုံးဘာသာစကားနှင့်သူ၏ မိခင် ဘာသာစကားတို့ တူညီနေ ပါက အခြားတိုင်းရင်သားဘာသာတစ်ခုကို ရွေးချယ်သင်ယူနိုင်ပါသည်။ ဥပမာအနေဖြင့် ဗမာကလေးတစ် ဦးသည် ကျောင်းတွင်သင်ယူနိုင်မည့် အခြားတိုင်းရင်းသား ဘာသာစကားတစ်ခုကို သင်ယူသင့်ပါသည်။ ဗမာကလေးတစ်ယောက်အဖို့ အခြားတိုင်းရင်းသားဘာသာတစ်ခုကို သင်ယူခြင်းသည် အလွန်ကောင်း သောစိတ်ကူးဖြစ်ပါသည်။

အခြားဘာသာစကား တစ်ခုကို သင်ယူခြင်း အားဖြင့် ထိုလူမျိုးတို့၏ တန်ဖိုးထားမှုများနှင့် ကမ္ဘာလောကကို ရှုမြင်ပုံများကို သိရှိနိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်နိုင်ပြီး လူမျိုးရေးမုန်း တီးမှုများကို လည်း လျော့ပါးစေနိုင်ပါသည်။ ထို့ပြင်ဗမာလူမျိုးတို့သည် မွန်ဘာသာစကားကို သင်ယူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဗမာများသည် မွန်ဘာသာဖြင့် ကျောက်စာရေးထိုးခဲ့ကြသဖြင့် မွန်စာ တတ် ကျွမ်းခြင်းအားဖြင့် မိမိလူမျိုးတို့၏ ဇာတိကို ပြန်လည်လေ့လာနိုင်ပါသည်။

လက်တွေ့တွင်ဖြစ်နိုင်မည့် အနေအထားအရ အများဆုံးအသုံးပြုနေသည့် ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်နှင့် ရှမ်းဘာသာစကားရှစ်မျိုးသာ ကျောင်းသင်ဘာသာစကား ဖြစ်နိုင်ပါလိမ့်မည်။ ဘာသာစကား တစ်ခုတွင် ဘာသာစကားမျိုးကွဲများ (dialects) ရှိနေပါက မည်သည့်မျိုးကွဲကို ရွေးချယ်ရန်ကိစ္စကို ဒေသ ဆိုင်ရာအလိုက် ရွေး ချယ်မှုပြုသင့်ပါသည်။ ဗဟိုမှ အဆုံးအဖြတ်မပေးသင့်ပါ။ တိုင်းရင်သားဘာ သာစကားနှင့် ဘာသာစကား မျိုးကွဲများစွာရှိနေသော ကြောင့် ဘာသာစကားအားလုံးကို ကျောင်းသုံးဖြစ်ရန် လက်တွေ့ တွင်ဖြစ်နိုင်မည်မဟုတ်ပါ။

သို့ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များသည် မိမိတို့ဒေသရှိ ဘာသာစကားများနှင့် ဘာသာစကားမျိုးကွဲများကို ထိမ်းသိမ်းစောင့်ရှောက်ရန် အကူအညီ ပေးသင့်ပါသည်။ ဥပမာအနေဖြင့် ကချင်ပြည် နယ်တွင် အများသုံးဖြစ်သည့် ဂျင်းဖေါဘာသာစကားကို ကျောင်းသုံးအဖြစ် ရွေးချယ်ကောင်း ရွေးချယ်ပါလိမ့်မည်။ အခြားဘာသာစကားများဖြစ်သည့် လချိတ်၊ လဝေါ်၊ လီစူး၊ ရဝမ်နှင့် ဇိုင်ဝါးတို့သည် ကျောင်းသုံးဘာ သာစ ကားများမဖြစ်နိုင်ပါ။ သို့ရာတွင် ကချင်ပြည်နယ်အစိုးရက ထိုဘာသာစကားများကို ကျောင်းပြင်ပတွင် သင် ယူနိုင်ရန်အတွက် အထောက်အပံ့ပေးရပါမည်။ ဥပမာ စနေ၊ တနင်္ဂနွေနှင့် နွေရာသီကျောင်းပိတ်ရက် များ တွင် သင်ကြားနိုင် ရန် စီစဉ်ပေးသင့်ပါ သည်။

တိုင်းရင်းသားလူနည်းစုဘာသာစကားများအသုံးပြုမှုသည် တဖြည်းဖြည်းကျဆင်းလာ နေသည့်အတွက် ထို ဘာ သာစကားများပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရပါသည်။ ထိုဘာသာစကားများကို ထိန်းသိမ်း ရန် ကိစ္စ သည် အရေးကြီးလိုအပ်ချက်ဖြစ်ပါသည်။ မူဝါဒချမှတ် သူများအနေဖြင့် အများသုံး တိုင်းရင်းသား ဘာသာကြီးများကို သက်ဆိုင်ရာဒေသတွင် တရားဝင် ရုံးသုံးဘာသာစကား သတ်မှတ် သင့်ပါသည်။

ထိုသတ်မှတ်ချက်ကို အခြေခံဥပဒေပြင်ဆင်ချက်တွင်လည်း ထည့်သွင်းသင့်ပါသည်။ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေတွင်ပါရှိသည့် ဘာသာစကားဆိုင်ရာဖေါ်ပြချက်များကိုလည်း နမူနာယူသင့်ပါသည်။ တရားဝင် ရုံး သုံး ဘာသာစကားအဖြစ်သတ်မှတ်ခြင်းအားဖြင့် ဘာသာစကားတစ်ခုကို အသုံးပြုမှု ပိုများလာနိုင်ပြီး ဘာသာ စကားကို ထိန်းသိမ်းပြန့်ပွားရန် ကြီးမားသည့် အထောက်အကူ ဖြစ်ပါလိမ့်မည်။မြန်မာနိုင်ငံ လူမျိုးစုဒေသ အ သီးသီးတွင်လည်း ဘာသာစကားဆိုင်ရာဌာနများ (language institutes) ဖွင့်လှစ်၍ ဘာသာစကားထိန်း သိမ်းဖွံ့ဖြိုးမှုကို စံနစ်တကျလုပ်ဆောင်ကြရန်လည်း ဤစာတမ်းမှ တိုက်တွန်းအပ်ပါသည်။

ဘာသာစကားနှင့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းယဉ်ကျေးမှုတို့ကို သိပ္ပံနည်းကျ သုတေသန ပြုမှုများ ကို လည်း တိုးချဲ့လုပ်ဆောင်ရပါမည်။ ဗမာလူမျိုးအပါအဝင်တိုင်းရင်းသားလူမျိုးများ၏ မူလအစနှင့်မြန် မာနိုင် ငံ အတွင်းသို့ ဝင်ရောက်လာသည့် သမိုင်းဆိုင်ရာကိစ္စများသည် အငြင်းပွားနေကြ ဆဲဖြစ်၍ ပညာရှင်များ၏ သုတေသနလေ့လာချက်များက သက်သေအထောက်အထားနှင့်တကွ တင်ပြ နိုင်ပါလိမ့်မည်။

ထပ်မံအကြံပြုလိုသည်မှာ ကျွန်တော်တို့၏ မျိုးဆက်သစ်များအား မိမိ၏မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှု ကို ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်ကို မြှင့်တင်ပေးရပါမည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးတစ်ခုနှင့်တစ်ခု ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ တန်ဖိုးထားမှုနှင့် စိတ်ကူးစိတ်သန်း များကို အပြန်အလှန်သင်ယူ မှုကို အထောက်အကူဖြစ်စေရန်အတွက် စာသင်ခန်း အသီးသီးတွင် တက်ကြွစွာသင်ယူခြင်းနှင့် ဝေဖန် ပိုင်းခြားစဉ်းစားခြင်းတို့ကိုလည်း မြှင့်တင်ရပါမည်။

ဒေါက်တာသိန်းလွင်
ကိုးကားသောစာတမ်းများ
ကိုးကားစာတမ်းများကို မူရင်းအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပါသည်။
References

  • Allott, Herbert and Okell (1989) "Burma" in "South-East Asia Languages and Literatures: a select guide", The South East Asia Library Group edited by Patricia Herbert and Anthony Milner
  • Aye Kyaw, Dr. (2002) "The Burma We Love" A Position Paper of the Arakanese Perspective Presented at the Oslo Burma Seminar on January 15-17, 2004
  • Bischoff, R. (1996-2011) "Buddhism in Myanmar: A Short History" International Meditation Center, UK, Splatts House
  • Brown, J. Marvin (1965) "From Ancient Thai to Modern Dialects and Other Writings on Historical Thai Linguistics" Bangkok: White Lotus Press, reprinted 1985
  • Curriculum Project (2010) "History of Burma: From a Multi-Ethnic Perspective" (Note: The 
  • Curriculum Project is based in Mae Sot, Thailand.)
  • Dreifus, C. (2011) "Bilingual Brains Better?" in the Bangkok Post, Features, June 8, 2011
  • Hpauje Kam Li (2011) "Perspective of Indigenious Jinghpaw (Kachin) and Their Life In the Context of Globalization" Source: http://www.jinghpawland.org/Article/
  • Irrawaddy (2004) "Pa-O: The Forgotten People" May, 2004 Volume 12, No. 5, The Irrawaddy News Magazine, Culture
  • Karen Buddhist Dhamma Dhutta Foundation (2010) "The Karen People: culture, faith and history" www.karen.org.au (22/7/2011)
  • Karenni History Research Team (2006) "Kayah (Karenni): Highlights in Karenni History to 1948" posted on the Network for Democracy and Development Website,
  • http://www.nddfreeburma.org/about-burma/ethnic-groups/kayah-karenni/ (23/7/2011)
  • Karenni Literature Committee (2011) "The Mythology of the Karenni People – Stage One to Four" The Mythology was compiled from the olden song (Ngo-ee-row)
  •  Ko Tar (2011) "Not to disrespect Burmese language" in Chindwin Magazine, No. 64, July 2011 (A Burmese language magazine published in Burma)
  • Lian H. Sakhong (2003) "In Search of Chin Identity: A Study in Religion, Politics and Ethnic Identity in Burma", Nordic Institute of Asian Studies, Monograph Series, No. 91. NIAS Press
  • Man Htoi (2007) Jingpo Historical and Culture Photo Album, Yunnan Nationalities Publishing 
  • House. Source: http://htoigintawng.over-blog.com/article-kachin-anthropology-archeological-research-57062577.html (21/7/2011)
  • Marshall, H. (1922) "The Karen People of Burma: A Study in Anthropology and Ethnology" A 
  • Project Gutenberg of Australia eBook, http://gutenberg.net.au/ebooks08/0800061h.html (22/7/2011)
  • Nai Pan Hla (1998) "Kyansittha and the Indic Words in Myanmar from Mon" Meio University, published in Mon-Khmer Studies 28:19-30 http://www.mksjournal.org/ (24/7/2011)
  • Nayaka, A. S. Dr. (2008) "Arakan: A Promised Land" http://www.rakhapura.com/scholars-column/arakan-a-promised-land.asp (25/7/2011)
  • Pascal Khoo Thwe (2002) "From the Land of Green Ghosts: A Burmese Odyssey" Harper Perennial
  • Pon Nya Mon (2007) "Mon National Identity: A Demographic Study" International Mon Study Conference, Chulalongkorn University, Bangkok, Thailand
  • Rajah, A. (2008) "Remaining Karen: A Study of Cultural Reproduction and the Maintenance of Identity" Monographa in Anthropology Series, The Australian National University E Press http://epress.anu.edu.au/anthropology/karen/mobile_devices/ch07s02.html (22/7/2011)
  • Sai Aung Tun (2005) "A Brief History of Shan State from the Earliest Times to the 1960s", Yangon University, submitted to the Toyota Foundation
  • Sao Noan Oo (2005) The Tai of the Shan State by Nel Adams alias Sao Noan Oo published at www.shanland.org (27/72011)
  • Saw Paw (2011) "The Root of Karen" A Research Paper, Rangoon University, Burma posted at http://www.zwekabin.org/?cat=66 (22/7/2011)
  • Simpson, A. (2007) "Thematic Introduction" in the "Language and National Identity in Asia" Oxford University Press Edited by Andrew Simpson
  • Tharchabaw, David (2003) "The Karen People of Burma and the Karen National Union)" Roland Watson, November 2003. Source: http://www.dictatorwatch.org/articles/karenintro.html (22/7/2011)
  • Thein Lwin (2000a) "Educational Cost of Army Rule", paper presented at the seminar 'Burma Days in Oslo' (September 24-28), University of Oslo, Norway www.thinkingclassroom.org (13/7/2011)
  • Thein Lwin (2000b) "Education in Burma (1945-2000)", part of doctoral thesis at the University of Newcastle upon Tyne, UK (www.ncl.ac.uk), www.thinkingclassroom.org (2/8/2011)
  • Thein Lwin (2007) "Education and Democracy in Burma: Decentralization and Classroom-Level Educational Reform" – Public Presentation at the International Forum for Democratic Studies, National Endowment for Democracy, Washington DC (www.ned.org) on July 10, 
  • 2007 http://www.ned.org/events/education-and-democracy-in-burma-decentralization-and-classroom-level-educational-reform (2/8/2011)
  • UNESCO (2003) "Education in a Multilingual World" UNESCO Education Position Paper
  • Watkins, J. (2007) "Burma/Myanmar" in the "Language and National Identity in Asia" Oxford University Press Edited by Andrew Simpson
  • Wunna Ko Ko and Yoshiki Mikami (2005) "Languages of Myanmar in Cyberspace", Nagaoka University of Technology, Department of Management and Information Systems Science

http://www.maukkha.org/index.php?option=com_content&view=article&id=1967%3A2011-11-13-01-16-36&catid=library-&Itemid=272

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */