Thursday, April 11, 2019

ရခိုင်မှာ ထောက်ပံ့မှုတွေကို ပြည်နယ်အစိုးရ ခွင့်ပြု ချက်ယူဖို့ ညွှန်ကြား

RFA
လွတ်လပ်တဲ့ အာရှအသံ
မသီရိမင်းဇင်
2019-04-11
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

 ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ဟာ တစ်ဖြည်းဖြည်းနဲ့ များပြားလာနေပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃ သောင်းနီးပါးကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ တိုက်ပွဲလွတ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေအပြင် နီးစပ် ရာဆွေမျိုးအိမ်တွေမှာ ယာယီသွားရောက်ခိုလှုံနေကြရတာပါ။

ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားစာတစ်စောင် ထုတ်ပြန် ရာမှာ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့တဲ့အခါ မသမာသူတွေဆီ မရောက်စေဖို့အတွက် ဌာနဆိုင်ရာတွေအနေနဲ့ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်မရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေကောက်ခံ ထောက်ပံ့တာ တွေ မလုပ်ကြဖို့ ရေးသား ထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာပြည် နယ်အစိုးရရဲ့ ညွှန်ကြားချက်ကို တဆင့်ပြန်ထုတ်တာလို့ ဖြေကြားခဲ့ပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်အစိုးရကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ညွှန်ကြားထားတာ မှန်ကန် ကြောင်း အမည်မဖော်လိုတဲ့ ပြည်နယ်အစိုးရ အရာရှိတစ်ဦးက အခုလို ပြောပါတယ်။

"ကျနော်တို့ သတင်းသိရတာပေါ့နော်၊ အဲလိုဌာနတွေမှာ ကောက်ခံပြီးတော့ AA ကိုထောက်ပံ့နေတယ်ဆိုတဲ့ သ တင်း အချက်အလက်တွေ ရရှိနေပြန်တယ်၊ အဲဒီပေါ်မှာ မူတည်ပြီးတော့ ကြားနေရတဲ့ သတင်း တွေအရ ထိန်းချုပ်ရတာဖြစ်တယ်"

ရခိုင်ပြည်နယ်အစိုးရဘက်က ဌာနဆိုင်ရာတွေကိုသာ ညွှန်ကြားလိုက်တာဖြစ်ပေမဲ့ ဧပြီလ ၆ ရက်နေ့က စစ်တွေမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံတဲ့ အရပ်ဖက်အဖွဲ့တစ်ဖွဲ့ကို ရဲတပ်ဖွဲ့က လာရောက် တားမြစ်တာခံခဲ့ရတယ်လို့ သိရပါတယ်။

အဲလိုတားမြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်း များ ကိုယ်စားပြုကော်မတီက ဧပြီလ ၆ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ နာယက ဦးသာပွင့် က အခု လို ပြောပါတယ်။

" AA ကိုရောက်မှာစိုးလို့ တကယ်ဒုက္ခရောက်နေသူတွေလည်း ရောပြီးတော့ ဒုက္ခခံရမယ်ဆိုတာကတော့ မဟုတ်သေးဘူးလေ၊ သူတို့ဘာသာ AA ကို မရောက်အောင်တော့တားပေါ့"

တဖက်မှာလည်း စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ခွင့်ပြုချက် ရှိမှသာ ဆောင်ရွက်ကြဖို့နဲ့ ခွင့်ပြုချက်မရှိဘဲဆောင်ရွက်ရင် ဥပဒေအတိုင်းအရေးယူဖို့ စစ်တွေမြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီဘက်က မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို ဒီဧပြီလဆန်းပိုင်းက ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ငြင်းဆိုခြင်းမရှိပေမဲ့ အတည်ပြုမပြောကြားလိုကြောင်းသာ ပြန်လည်ဖြေကြားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ပြည်နယ်အထွေအုပ်ချုပ်ရေးဘက်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲဒီစာမှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဖုန်းနဲ့ညွှန်ကြားချက်အရဆိုပြီး ပါရှိတာကြောင့် ပြည်နယ်အစိုးရအရာရှိကို မေးမြန်းရာမှာ လုံခြုံရေးအရ လိုအပ်လာလို့ ထုတ်ပြန်ရတာတွေ လည်း ရှိနိုင်ပြီးအစိုးရ အဖွဲ့အစည်းအဝေးကနေ ဆုံးဖြတ်ဆောင်ရွက်တာမျိုးတွေမဟုတ်ရင် မသိနိုင်ကြောင်း ပြန် လည်ဖြေကြားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ဝင်တွေဟာ အရပ်သားတွေကြားမှာ ရောနှောနေတာမျိုးတွေ ရှိနေတါကြောင့် ကြားထဲက အရပ်သားစစ်စစ်ဒုက္ခသည်တွေ ကြားညှပ်ပြီး အထင်လွဲခံရတာ၊ အမြင်မှားခံရ တာမျိုး တွေ ရှိနေတယ်လို့ ဝေဖန်ကြသူတွေလည်းရှိနေပါတယ်။

တချို့ရွာတွေမှာ လာရောက်ခိုလှုံသူတွေ အရေအတွက်အတိုင်း ထောက်ပံ့ပေးပေမဲ့ ပစ္စည်းတွေမလောက်တာ၊ ပျောက်နေတာတွေရှိနေတယ်ဆိုတာဟာ သံသယဝင်စရာမဟုတ်တဲ့အကြောင်း ဒုက္ခသည်တွေအရေး ကူညီပေးနေသူ တစ်ယောက်က အခုလို ရှင်းပြပါတယ်။

"တချို့နေရာမှာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ရွာမှာ အိမ်ခြေတစ်ရာလောက်ပဲရှိတယ်၊ ရောက်လာ တာက အိမ်ခြေ ၃ ရာစာလောက်ရောက်လာတယ်၊ ၃ ရာစာလောက်ကို ၁ ရာလောက်က ပထမသူတို့ရှိ တဲ့ဟာနဲ့ ထုတ်ကျွေးလိုက်ပြီးတော့၊ ပစ္စည်းတွေရောက်တော့ သူတို့ကလည်း မျှဝေပြီးယူစားကြတာပေါ့၊ ဒုက္ခ သည်ရောက်နေတဲ့ရွာမှာ အိမ်ခြေ ၃ ရာ စားဖို့အတွက် အိမ်ခြေ ၁ ရာက လူတွေက တာဝန်ယူနေရ တယ်ဆိုတော့ အဲဒီရွာခံတွေက လည်း ရေရှည်မှာ အခက်အခဲဖြစ်လာတယ်၊ ရွာခံတွေက ဘာမှအလုပ် အကိုင်လုပ်လို့ မရတော့ဘူးလေ၊ အဲဒီလူတွေကလည်း ဝင်စားကြတာဆိုတော့၊ တချို့ပစ္စည်းတွေ ပျောက် နေတယ်ဆိုတာက အမှန်က အိမ်ခြေ ၄ ရာ စာနဲ့တွက်ရမှာ၊ ထောက်ပံ့တွေ လူတွေကတော့ ပြဿနာမရှိ ဘူး သိပါတယ်၊ အစိုးရက ဖြစ်နေတာလေ၊ အဲဒါကို ထည့်မတွက်တော့ သံသယဝင်တာပေါ့"

ဒါ့အပြင် စစ်တွေမြို့နယ် ရခိုင်တမျိုးသားလုံးညီညွတ်ရေး ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီက ရခိုင်ပြည် နယ် အတွင်းက စစ်ဘေးအပါအဝင် အမျိုးမျိုးသောဘေးတွေ ကြုံလာတဲ့အခါ ဒေသခံပြည်သူတွေကို ကူညီ ပေးနိုင်ဖို့အတွက် တစ်အိမ်ထောင်ကို တစ်လ ၂ ထောင်နှုန်းနဲ့ ကောက်ခံသွားမယ့်အကြောင်း ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

အဲလိုကောက်ခံမှာကို စစ်တွေမြို့ပေါ်ရပ်ကွက် ၃၂ ရပ်ကွက်ထဲက ရပ်ကွက် ၁၆ ခုလောက်က သဘောတူ ထားကြောင်း ဦးဆောင်ကော်မတီက ပြောပါတယ်။

ပြည်သူလူထုဘက်ကလည်း ဘေးဒုက္ခရောက်နေသူတွေကို ထောက်ပံ့ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားဖို့ အခွင့် အရေးရှိကြောင်း စစ်တွေမြို့နယ် ရခိုင်တမျိုးသားလုံးညီညွတ်ရေး ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ က ဦးခင်မောင်ကြီး က ပြောပါတယ်။

"မသမာသူတွေလက်ထဲ ရောက်သွားမှာ စိုးရိမ်တယ်ဆိုရင် မရောက်သွားအောင် အစီအစဉ်တော့ အစိုးရမှာ ရှိရမှာပေါ့၊ အခြေအနေတွေက အများကြီးဆိုးနေတဲ့အချိန်မှာ စစ်ပွဲရှောင်ရယ်လို့မဟုတ်ဘူး၊ တစ်ခြား ကိစ္စတွကအများ ကြီးဖြစ်လာလိမ့်ဦးမယ်၊ လူတွေက ကိုယ့်ဒေသမဟုတ်ဘဲ ရွှေ့ပြောင်းနေတာဆိုတော့ အခက်အခဲတွေက အချိန်မရွေးပေါ်လာနိုင်တယ်လေ၊ ရာသီဥတုနဲ့လည်း ပေါ်လာနိုင်တယ်၊ လက်ရှိဖြစ်နေတဲ့ စစ်ဘေးကြောင့်လည်း ပြ ဿနာပေါ်လာနိုင်တယ်၊ လူထုကတော့ လူထုနည်း လူထုဟန်နဲ့ ကိုယ့် ဟာကိုယ် ထောက်ပံ့ဖို့ ကြိုးစားဖို့ အခွင့် အရေးတော့ ရှိတာပေါ့လေ"

အစိုးရဘက်ကလည်း နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည်တွေကို လက်ရှိအချိန်ထိ ငွေကျပ်သိန်းပေါင်း ၅ ထောင်ဝန်းကျင်ဖိုးလောက် ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာ န ဦးစီးအရာရှိ ဦးရဲမင်းဦး က ပြောပါတယ်။

"ရှိနေသေးတဲ့လူတွေကိုတော့ ဆက်လက်ထောက်ပံ့တယ်၊ ဆန်ရိက္ခာတွေပါတယ်၊ ကယ်ဆယ်ရေးပစ္စည်း တွေ ပါတယ်၊ သိန်းပေါင်းကတော့ ၅ ထောင်ဝန်းကျင်လောက်တော့ရှိပြီ၊ ဒီနေ့လည်း အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ရယ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တို့ဦးဆောင်တဲ့အဖွဲ့နဲ့ ကျောက်တော်နဲ့ မြောက်ဦးက တိုက်ပွဲရှောင်ပြည်သူတွေကို ထပ်မံထောက်ပံ့ခဲ့တာရှိတယ် "

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၄၃ ယောက်နဲ့ ထိခိုက်ဒဏ် ရာ ရသူ ၆၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်း တွေအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */