Tuesday, March 12, 2019

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းမယ့် ICC အစီအစဉ် မြန်မာအစိုးရ ထပ်မံပယ်ချ

VOA
မဆုမွန်၊
12 မတ်၊ 2019 

Dhaka မှာ ကျင်းပတဲ့ International Criminal Court (ICC) သတင်းစာ ရှင်းလင်းပွဲ (မတ်၊ ၁၁၊ ၂၀၁၉)
 
ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို စုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က ကြိုးပမ်းမှုတွေကို မြန် မာအစိုးရက ထပ်မံ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာ အစိုးရအနေနဲ့ ICC ရဲ့ စုံစမ်းမှုတွေကို သဘောမတူဘူး ဆိုရင်တောင် နိုင်ငံတကာ အသိုင်းအဝန်းက လက် ခံနို င်မယ့် အစီအစဉ်တွေ လို အပ်လိမ့်မယ်လို့ ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ICC ကို ဖွဲ့စည်းပေးထားတဲ့ ရောမစာချုပ်ကို လက်မှတ်ရေးထိုး မထားတဲ့ နိုင်ငံတခု ဖြစ်တဲ့ အတွက် ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်အဖြစ် လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန် လိုက်တာပါ။ မြန် မာ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ICC က စုံစမ်းဖို့ ကြိုးပမ်းမှုဟာ ဥပဒေနဲ့ မညီပဲ နိုင်ငံရေးအရ ဖိအားပေးတဲ့ လုပ်ရပ်သာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီဟာကို လက်မခံဘူးဆိုတာက အဲ့ဒီတုန်းက ICC ကနေပြီး ဒီကိစ္စကို လေ့လာသင့်မသင့် အခုလိုမျိုး မစ် ရှင်ဖွဲ့ ပြီးတော့ လွှတ်တာနဲ့ ပတ်သက်ပြီးကတည်းက ကျနော်တို့က ဒီဟာက ဥပဒေကြောင်းအရ ဒီဟာက တရားမဝင်ဘူးဆိုပြီး ကျနော်တို့ ပယ်ချထားတယ်။ ဘာလို့လက်မခံလည်းဆိုတာ Principle အရ လက်မခံ တာ။ နံပါတ် ၁ ကတော့၊ Principle အရ နိုင်ငံတခု အပေါ်မှာ မတရားလုပ်တယ်။ ဥပဒေကြောင်းအရလည်း ကျနော်တို့က ဒါက မဆိုင်ဘူး။ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကို ဒီလိုမျိုး လုပ်မယ်ဆိုတာ ဒါပထမဆုံးပဲ သူတို့ ကြိုးစားတာလေ။

ဘာကြောင့်လုပ်ရလည်းဆိုတာကို ခုနတုန်းက အားလုံး သိထားပြီးသား အတိုင်းပဲ။ လုံခြုံရေးကောင်စီမှာလည်း လုပ်လို့မရဘူး။ အဲ့ဒါကြောင့်မို့ သူတို့ ရတဲ့ နေရာကနေ လုပ်မယ်ဆိုပြီးတော့ ဖြစ် တာလေ။ ဆိုတော့ ICC နဲ့ ပတ်သက်ပြီးတော့ သူတို့ သက်မှတ်ပြီးသားပဲ။ သူတို့ အဖွဲ့ဝင် ဖြစ်ရမယ်။ မဖြစ် လို့ရှိရင် လုံခြုံရေးကောင်စီကနေပြီးတော့ လွဲှပြောင်းပေးမှရမယ်ဆိုတာ ရှိတယ်လေ။ အဲ့ဒီဟာတွေကို ကျော် လွှားလို့ မရတာနဲ့ ခုနတုန်းက ဒီလိုမျိုး ဥပဒကြောင်း အရ ကျနော်တို့ တရားမဝင်တဲ့ လုပ်ရပ် ဆုံးဖြတ် ချက် မျိုး အဲ့ဒါကြောင့် ကျနော်တို့က လက်မခံတာ။”

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ICC ကိုယ်စားလှယ် အဖွဲ့ရဲ့ မနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်နယ်က မူဆလင် ထောင်ပေါင်း များစွာ အိုးအိမ်စွန့် ထွက်ပြေးရတဲ့အထိ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေကို ဖော် ထုတ်ဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံ အနေနဲ့ ရောမစာချုပ်ကို လက်မှတ်ရေးထိုး မထား တဲ့အတွက် စုံစမ်းဖော်ထုတ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပေမဲ့လည်း ICC အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ကနဦး အကဲခတ်ခရီးစဉ် အဆုံးသတ် သတင်းစာ ရှင်းလင်းပွဲမှာ က တိပြုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာလည်း နိုင်ငံတကာက စွပ်စွဲနေသလောက် ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ အစိုးရက စုံစမ်း ဖော်ထုတ်မှုတွေနဲ့ ကျုးလွန်သူတချို့ကို အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆို ထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကတော့ စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်ဖို့ လိုတယ်လို့ အကြံပြုပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက စုံစမ်း စစ်ဆေးဖို့ လိုအပ်တယ်ဆိုတာ ဘယ်သူမှ အ ငြင်း မပွားပါဘူး။ ဘယ်လိုနည်းနဲ့ ဘယ်သူက စုံစမ်းမယ်ဆိုတဲ့ ကိစ္စမှာသာလျှင် နည်းနည်း ရှုထောင့်ချင်း မ တူကြတဲ့ သဘောပါ။ ဒါကြောင့် မြန်မာနိုင်ငံ အစိုးရကလည်း စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်ဆိုတာကို လက် ခံ သဘောတူတဲ့အတွက် သူ့ဟာသူ လွတ်လပ်သော စုံစမ်းရေး အဖွဲ့တခုဆိုတာကို ဖွဲ့ထားတယ် ပေါ့နော်။ အဲ့တော့ အပြည်ပြည်ဆိုင်ရာကလက်ခံ နိုင်လောက်သော စုံစမ်းစစ်ဆေးရေးနဲ့ အပြစ်တွေ့ရှိတဲ့ သူများကို လည်း ထိထိရောက်ရောက် အရေးယူ ပြနိုင်တယ်ဆိုလို့ရှိရင် အပြည်ပြည်ဆိုင်ရာကလည်း သယ်သူ စစ်မှ၊ ဘယ်နိုင်ငံက လာစစ်မှ၊ ဘယ်အဖွဲ့အစည်းက လာစစ်မှ လို့ ပြောတာ မဟုတ်ဘူးလေ။ impunity လို့ခေါ်တဲ့ အဂတိ ဒါမှမဟုတ် ဒီရာဇဝတ်မှု ကျူး လွန်ထားသော သူဟာအပြစ် ပေးခြင်း မခံရဘဲ ကင်းလွတ်နေတာ မဖြစ်ဘူးဆိုတာကို သူတို့ သိရင် သူတို့ လက်ခံမှာပဲလေ။”

၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်း အ ဝန်းက စွပ်စွဲထားပြီး၊ ကျုး လွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖိအားပေးနေတာပါ။

လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန် မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရ အနေနဲ့ ငြင်းပယ်နေရုံနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

“နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးနေပါပြီ။ နိုင်ငံတကာကနေ လက်ခံထားပြီးတော့ သမာသ မတ်ကျတယ်ဆိုတဲ့ အချက်တွေနဲ့၊ အချက်အလက် ခိုင်ခိုင်လှုံလှုံနဲ့ ပြန်ပြီးတော့ ဒါကို ခုခံတာ ဒါနဲ့ ပတ် သက် ပြီးတော့ ကျနော်တို့ အမှန်အတိုင်းကို တင်ပြတာ။ အဲ့ဒါလုပ်နိုင်မှ နိုင်ငံတကာရဲ့တရားစီရင်မှု အပိုင်းကို ပြန် လည်ပြီးတော့ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ဝါးလုံးခါင်းထဲမှာ ကိုယ် လသာပြီးတော့ အပြစ် မရှိ ဘူး၊ မလုပ်ပါဘူး ပြောနေတာမျိုး မဟုတ်ဘဲနဲ့ ဖြစ်နေတဲ့ ကိစ္စတွေကို လာရောက် စုံစမ်းတဲ့ ယန္တရားတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ အချိန်ရှိပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်လည်းလုပ်သင့်ပါတယ်။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မြန်မာနိုင် ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ICC က စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ လည်း မနေ့တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်ကို မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ရာမှာတော့ မြန်မာနိုင်ငံကို ICC မှာ အရေးယူဖို့ ကြိုး ပမ်းမှုတွေနဲ့ တောင်းဆိုမှုတွေကို လက်မခံကြောင်း ပြောဆိုခဲ့တာပါ၊ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု စွပ်စွဲချကတွေအတွက် ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ တင်ပြဖို့ တိုက်တွန်းခဲ့သလို မြန်မာအစိုးရ အနေနဲ့လည်း စုံစမ်းဖော်ထုတ်မှုတွေ ရှိတဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */