Wednesday, March 13, 2019

ရိုဟင်ဂျာအထိမ်းအမှတ်နေ့ လှုပ်ရှားသူတွေကန်လွှတ် တော်တွင်း စုဝေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ဦးသိန်းထိုက်ဦး၊
13 မတ်၊ 201
 Rohingya advocacy day
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းမှုတွေကို "Genocide" လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အထက်လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပေးဖို့နဲ့၊ မြန်မာနိုင်ငံ အ ပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေနဲ့ တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေပါတယ်။

ရိုဟင်ဂျာအရေး ထောက်ခံမှု ပြသတဲ့နေ့အဖြစ် အမေရိကန် လွှတ်တော်အတွင်းမှာ အဖွဲ့အစည်းအသီးသီးက တက်ကြွလှုပ်ရှားသူတွေ မနေ့ အင်္ဂါနေ့က တွေ့ဆုံပြီး စည်းရှုံးလှုပ်ရှားနေကြတာ ကိုယ်တိုင်သတင်းသွား ယူ တဲ့ ကိုသိန်းထိုက်ဦး က ဆက်ပြီး ပြောပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် စစ်တပ် က နှိပ်စက်ညှဉ်းပန်းမှုတွေကို "Genocide" လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ခေါ်ဆိုဖို့ အမေရိကန်အောက် လွှတ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သတ်မှတ် မဲခွဲအတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း အထက်လွှတ်တော် မှာ ဒီကိစ္စကို မဲခွဲဆုံး ဖြတ်နိုင်ခြင်း၊ အတည်ပြုနိုင်ခြင်း မရှိတဲ့အတွက် အထက်လွှတ်တော်အမတ်တွေကို တွေ့ဆုံပြီး တိုက်တွန်းသွားမယ့်အကြောင်း ရိုဟင်ဂျာအရေး ထောက်ခံမှု ပြသတဲ့ လှုပ်ရှားမှုနေ့အဖြစ် ဦး ဆောင်လှုပ်ရှားနေတဲ့ အဖွဲ့တခုဖြစ်တဲ့ Faith Coalition အဖွဲ့ရဲ့ အကြီးအကဲ Immam Malik Mujahid က ပြောပါတယ်။

“လူသားချင်းစာနာမှုဆိုင်ရာ သတင်းစကားတခုကို ကျနော်တို့နဲ့ တွေ့ဆုံတဲ့ အထက်လွှတ်တော် အမတ် တိုင်း၊ ကွန်ဂရက်စ် လွှတ်တော်က တာဝန်ရှိသူတိုင်းကို ကျနော်တို့ ပြောဆို တိုက်တွန်းသွားမှာပါ။ ကမ္ဘာမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်လမ်းပြ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအတွင်းက အ ဖိနှိပ်ခံ ပြည်သူတိုင်းရဲ့ အရေးကို ဒီထက်ပိုပြီး ထောက်ခံပေးဖို့ ကျနော်တို့ တိုက်တွန်းသွားမှာပါ။”

မြန်မာ အစိုး ရဘက်ကတော့ ရခိုင်ဒေသ ပဋိပက္ခအတွင်း လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ် သက်လို့ မဟုတ်မမှန်တဲ့အကြောင်း ငြင်းဆိုထားပြီး ခိုင်လုံတဲ့ အထောက်အထားပြဖို့လည်း တောင်းဆို ထား ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို လက်မခံလို လူ့အခွင့်အရေးချိုးဖေါက်မှု ကျုးလွန်သူတွေကို အရေး ယူဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစိုးရအနေနဲ့လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ အမေရိကန်အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သုံးနှုံးခြင်း မရှိတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက သုံးဖို့ ဖိအားပေးနေ ကြပါတယ်။ Faith Colaition အဖွဲ့ရဲ့ အကြီးအကဲ Immam Malik Mujahid ကတော့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နိုင်ခြင်း မရှိတာက အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဗလစ်ကန် အမတ် Mitch McConnell ကြောင့်လို့ ပြောဆိုပါတယ်။

“ပါတီနှစ်ရပ်စလုံးက ကော်မတီတွေ၊ အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီနဲ့ အောက်လွှတ်တော် နိုင်ငံ ခြားရေး ကော်မတီက အလားတူ ဆုံးဖြတ်ချက်တွေ ချထားပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နိုင်ခြင်းမရှိပါဘူး။ အဓိကကတော့ အထက်လွှတ်တော် အမတ် Mitch McConnell ကြောင့်ပါ။ အထက်လွှတ်တော်အမတ် Mitch McConnell အနေနဲ့ ဒါကို အလေးအနက်ထားဖို့လိုပါတယ်။ အထက် လွှတ်တော်အတွင်းမှာ ရီပတ်ဗလစ်ကန်ရော ဒီမိုကရက်ရော အားလုံးက အတည်ပြုဖို့ တောင်းဆိုနေပါတယ်။ ဒါကို မဲခွဲဆုံးဖြတ်ဖို့လိုပါတယ်။”

ရိုဟင်ဂျာ အရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသတဲ့နေ့ဆိုပေမယ့် ဒီနေ့ အခမ်းအနားမှာ ကချင်၊ က ရင်၊ ချင်း စတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်ပါတယ်။ လွှတ်တော်အမတ်ဟောင်းတဦးလည်းဖြစ်၊ Arakan Institute for Peace and Development အဖွဲ့ ရဲ့ ဥက္ကဋ္ဌ၊ ဦးရွှေမောင်က တခြားတိုင်းရင်းသား လူမျိုး စုတွေရဲ့ နစ်နာချက်တွေကိုလည်း အထက်လွှတ်တော်အမတ်တွေကို တင်ပြသွားမယ်လို့ ပြောပါတယ်။

“အဓိက ကျနော်တို့ ဒီကနေ့ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ကချင်လူမျိုး အပေါ်၊ ရိုဟင်ဂျာတွေအပေါ်၊ ချင်းလူမျိုးအပေါ်၊ ကရင်လူမျိုးအပေါ် အားလုံးအပေါ် ကျူးလွန်နေတဲ့ လူသား မျိုးနွယ်စုအပေါ် ကျူးလွန်မှုတွေ၊ ဘာသာရေး၊ လူမျိုးရေး နှိပ်ကွပ်မှုတွေရပ်တန့်ပြီးတော့ အကုန်လုံး အေး ချမ်း စွာ အတူနေထိုင်ရေး ကျနော်တို့ ပူးပေါင်းအဖြေရှာဖို့ အတွက် လာတာဖြစ်ပါတယ်။”

လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမယ့် အမေရိကန်ပြည်ထောင်စု ကချင်အမျိုးသား အစည်းအရုံးရဲ့ Kachin National Organization ရဲ့ ဥက္ကဋ္ဌ Sut Nau Ndayu ကတော့ ကချင်တိုင်းရင်းသားအရေး ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ၊ အထူးသဖြင့် လူငယ်တွေ ပိုပြီး ပါဝင်လာဖို့ကို ရည်ရွယ်ပြီး အခုလို ပါဝင်လာတာလို့ ပြောပါတယ်။
အခုလို အထက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမယ့် လှုပ်ရှားမှုကို ဦးဆောင် စီစဉ်တဲ့ အဖွဲ့အစည်းက အမေရိကန်ပြည်ထောင်စု အခြေစိုက် Burma Task Force ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။

 အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ ရှိတဲ့ မူဆလင်အဖွဲ့အစည်း ၁၉ ဖွဲ့ကို ပေါင်းစည်းထားတဲ့ ညွှန့်ပေါင်း အဖွဲ့ဖြစ်ပါတယ်။ အခုလို Rohingya Advocacy Day ဆိုပြီးတော့ ရိုဟင်ဂျာ အရေး ထောက်ခံ လှုပ်ရှားတဲ့ နေ့ သတ်မှတ်လှုပ်ရှားတာဟာ ဒီနှစ်ပိုင်းတွေအတွင်း ဒုတိယမြောက်ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */