Saturday, March 2, 2019

ရခိုင်ဖမ်းဆီးမှုများ ဥပဒေကင်းမဲ့မှုကို ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊ 02 မတ်၊ 2019
 
 
မြောက်ဦးမြို့နယ် နေပူခံကျေးရွာက မြိူ၊ ခမီတိုင်းရင်းသားများ အောက်သကန်ကျေးရွာဆီ စစ်ဘေးရှောင်ရောက်ရှိ (သတင်းဓာတ်ပုံခရက်ဒစ်- ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်း ထန်လို့ အသက်ဘေး လုပြေးနေရတဲ့ ကြားက တရားမဝင်လက်နက်ကိုင်တပ်နဲ့ ဆက် သွယ် တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို လိုက်လံဖမ်းဆီး တရားစွဲဆို အရေးယူနေတာက နယ်မြေတွင်း မတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာကို ပြသရာရောက်နေတယ်လို့ ဒေသခံ ရခိုင် နိုင်ငံရေးပါတီတာ ဝန် ရှိသူက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် ရခိုင်၊ မြို၊ ခမီစတဲ့ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုတွေ စစ်ဘေး ရှာင်နေကြရတာ ၇ ထောင်ကျော် ၈ထောင် အထိ ရှိလာနေပြီဖြစ်ပြီး သူတို့အတွက် အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ် ပေးနေသူတွေကပြောပါ တယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
တပ်မတော်ဘက်ကနေ တိုင်းရင်းသားဒေသတွေမှာ ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ လေးလတာ တဘက်သတ်အပစ်ရပ်ဆိုင်းပေးမယ်ဆိုတဲ့ ကြေညာထားပေမဲ့လို့ ဒီကြေညာချက်ထဲ အကျုံးမဝင်တဲ့ စစ်တိုင်းဒေသတွေထဲက အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာ မှုတွေဖြစ်ခဲ့တာပါ။

လူသေဆုံး ဒဏ်ရာရမှုတွေရှိပြီး တိုက်ပွဲတွေပြင်းထန်နေချိန် အသက်လုပြေးနေကြရချိန်မှာပဲ ရခိုင်တပ်မ တော် AA နဲ့ ဆက်သွယ်မှုရှိတယ် သတင်းပေါက်ကြားမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အုပ်ချုပ်ရေး မှူး တချို့အပါ အဝင် ရခိုင်ဒေသခံ ကျေးရွာသားတချို့ကိုပါ ဖမ်းဆီးအရေးယူမှုတွေရှိနေတဲ့အနေ အထား ဖြစ်တဲ့အတွက် မတ်လ ၁ရက်နေ့သောကြာနေ့ကပဲ မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး ၉၀နီးပါး ရာထူးက နှုတ်ထွက်ခဲ့ကြပါတယ်။

အခုလို စစ်ဘေးက ပြေးရတာ ဖမ်းဆီးအရေးယူမှုတွေရှိလာတာ အုပ်ချုပ်ရေးပျက်ယွင်းလာနေတဲ့ ဒေသ တွင်း မတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာနေတဲ့ အနေအထားဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်က သုံးသပ်ပါတယ်။

“တိုက်ပွဲတွေ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AAတို့ ဖြစ်နေတဲ့ပိုင်းမှာ တပ် အချင်းချင်းဖြစ်တဲ့ကြားမှာ ဒီ ဘက် ပြည်သူတွေကိုပဲ အကြောင်းမဲ့ လိုက်ပြီး ဟိုလို ဖမ်းဆီး၊ ဒီလိုဖမ်းဆီး အဲ့လိုမျိုးဖမ်းနေတဲ့ အပိုင်းကတော့ ကျနော် တို့အနေနဲ့ အဲ့ဒါက တရားဥပဒေ စိုးမိုးရေးပိုင်းအနေနဲ့ ပြောရရင် ဥပဒေမဲ့ ဖမ်းဆီးမှုတွေဖြစ်တဲ့ ပိုင်း တော်တော်များများဖြစ်လာတဲ့အတွက်ကြောင့်နဲ့ ဒီအုပ်ချုပ်ရေးမှူးတွေကလည်း ပြောမယ်ဆို…တပြိုင် တည်း နှုတ်ထွက်တဲ့သဘောမျိုး အဲ့လိုမျိုးကို ကျနော်တို့ သုံးသပ်လို့ရနိုင်တာပေါ့။ ဒီဘက်မှာ ပြောမယ်ဆို ကျနော်တို့ အစိုးရပိုင်းက ကျနော်တို့ ဒီမှာရှိတဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ တခြားပိုင်းက ပြောမယ်ဆိုရင် အဲ့ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ထဲထဲဝင်ဝင် အစိုးရအဖွဲ့နေနဲ့ ထဲထဲဝင်ဝင် ဝင်ရောက်ပြီး လုပ်ဆောင်မှုပိုင်း အားနည်းတယ်လို့ပဲ ကျနော်တို့ကမြင်တာပေါ့။”

ဒီလိုအနေအထားအပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ရခိုင်ပြည်နယ်အစိုးရဘက်ကလည်း တည်ငြိမ် အောင် မထိန်းသိမ်းနိုင်တဲ့အတွက် ဒီစစ်ရေးတင်းမာပဋိပက္ခတွေ အမြန်ဆုံးပြေလည်နိုင်ရေးအတွက်ကတော့ စစ်ရေးနဲ့မဖြေရှင်းပဲ စားပွဲဝိုင်းထိုင် နိုင်ငံရေးအရ မျက်နှာခြင်းဆိုင် ဆွေးနွေးကြဖို့ အရေးကြီးလိုအပ်နေပြီ လည်း ဦးအောင်မြတ်ကျော်က အကြံပြုပါတယ်။

“ပြောမယ်ဆိုရင်…အကောင်းဆုံးကတော့ ကျနော်တို့အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အချင်းချင်း အဲ့လိုမျိုး စားပွဲဝိုင်းမှာထိုင်ပြီးရင် အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းတဲ့ လမ်းကြောင်းတခုကို ဘယ်လိုမျိုး ကျနော်တို့ ဆွေးနွေးပြီးရင် ကျနော်တို့ ဟိုဘက်ဒီဘက်နှစ်ဖက်လုံး တည်ငြိမ်အေးချမ်းအောင် အဲ့လိုမျိုးစားပွဲဝိုင်း မှာ ထိုင်ပြီးရင် ကျနော်တို့ဆွေးနွေးနိုင်တယ်ဆိုရင်တော့ ကျနော်တို့ပြည်သူတွေ နစ်နာနေတဲ့အပိုင်းက နည်း နည်းလောက်လျော့ကျသွားနိုင်မဲ့ အတိုင်းအတာတော့ရှိမယ်လို့ သုံးသပ်တာပေါ့။ အကုန်လုံးကိုရမ်းပြီး အဲ့ လိုမျိုးဖမ်းဆီးပြီး၊ ထောင်ချမဲ့အလုပ်တွေ အဲ့လိုမျိုးလုပ်နေတာတော့ လုံးဝကျနော်တို့ အဲ့ဒါက မတရားဘူး လို့တော့ သုံးသပ်မိတာပေါ့။”

အခုလတ်တလောအခြေအနေမှာတော့ ဒေသတွင်း တိုက်ပွ ဲတွေ ဆက်ဖြစ်နေဆဲဖြစ်ပြီး ဒေသခံရခိုင် မျိုးနွယ်စုတွေဖြစ်တဲ့ မြို၊ ခမီ စတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှစ်ထောင်လောက်အထိ ထွက်ပြေး တိမ်း ရှောင်နေကြရတဲ့ အနေအထားဖြစ် နေတယ်လို့ ကူညီကယ်ဆယ်ပေးနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက ပြောပါ တယ်။

“အခုလောလောဆယ် ကျနော်တို့ သတင်းအရဆိုရင်တော့ ၈၀၀၀နဲ့ ၄၀၀ ကျော်ကျော်လောက်တော့ ရှိပြီ အမရေ။ အများဆုံးကတော့ မြိုနဲ့ ခမီများ ပါတယ်။ မြို၊ ခမီ၊ ရခိုင်ပေါ့နော်။ အဲ့ ၃ မျိုးက များပါတယ်။ လက်တလော ဒုက္ခသည် တွေရဲ့ အခြေအနေကလည်း အခုက ဒီမြောက်ဦးဘက်မှာဆိုလို့ရှိရင် နောက်ထပ်အိမ်ထောင် စု ၁၀၀ ကျော်လောက်တိုးလာတယ်ပြောတယ်။ လူဦးရေအရကြည့်ရင်တော့ ၃၀၀၊ ၄၀၀ လောက်တိုးလာတယ်ပေါ့။ နောက်တခုကကျတော့ အဲ့ဒီဒေသမှာ လူတွေအဖမ်းဆီးခံရတဲ့ မိသားစုတွေ၊ ပျောက်ဆုံးတဲ့မိသားစုတွေ၊ နောက်ပြီးတော့မှကျန်း မာရေးချို့ယွင်းပြီးတော့မှ ဆေးရုံတင်ဖို့လို တဲ့မိသားစု တွေကို ကျနော်တို့က ငွေကြေးအထောက်အကူတွေပေးတယ်။”

စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် သောက်သုံးရေ၊အများသုံးသန့်စင်ခန်း၊ တကိုယ်ရေသန့် ရှင်းရေးနဲ့ ကူညီကယ်ဆယ်ရေး လူသားချင်းစာနာမှုဆိုင်ရာပစ္စည်းတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေး ပေါ် လိုအပ်နေတယ်လို့လည်း သူ အခုလိုပြောပါတယ်။

“အဲ့ဒီ့ဧရိယာက လောလောလတ်လတ်မှာ လုံခြုံမှုမရှိသေးတဲ့ အခြေအနေတွေရှိတဲ့အခါကျတော့ ဒီကူညီ ထောက် ပံ့တဲ့ အဖွဲ့အစည်းတွေ လာရောက်မှုက အကန့်အသတ်နဲ့ အရမ်းနည်းပါးတယ်။ အဲ့တော့ ကျနော် ပြောချင်တာက တော့ သူတို့ရဲ့စားဝတ်နေရေးကို ကြုံရင်ကြုံသလို ဒီအဖွဲ့အစည်းတချို့ကပေးတာရယ်၊ နောက်ပြီးတော့မှ ဒီဒေသခံတွေက ပေးတာရယ်နဲ့ပဲ သူတို့ဖြစ်သလိုနဲ့ပဲ စားနေရပါတယ် အမ။ နေတဲ့ အခါ မှာလည်း ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ စုပြီးတော့နေရပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာတော့ မူဆလင်တွေနဲ့ ရခိုင်တွေကြား လူမျိုးရေး-ဘာသာရေးဆန်တဲ့ အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို မူဆလင်သိန်းချီ ထွက်ပြေးအခုလို တိုင်းရင်း သား လက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်နယ်အတွင်း ပြည် သူ တွေပိုပြီး အတိဒုက္ခရောက်ရုံ သာမက လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီး ဖမ်းဆီး အရေးယူမှုတွေ ရှိလာနေတဲ့အတွက် နယ်မြေတည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှုတို့ ကင်းမဲ့ လာတဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */