Saturday, February 23, 2019

ရခိုင်ပြည်နယ်မှာ တာဝန်သိရင်းနှီးမြှုပ်နှံဖို့ အတိုင်ပင်ခံ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
မခင်ဖြူထွေး 
22 ဖေဖော်ဝါရီ၊ 2019
ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ 

လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် သိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက အခြေအနေ တွေကို အမြင်ကျဉ်းကျဉ်းနဲ့ အဆိုးဘက်ကပဲ ကြည့်မနေကြဖို့ ဒီကနေ့ ငပလီကမ်းခြေမှာ ကျင်းပတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ပွဲတော်မှာ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်း သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တချို့နဲ့အတူ ဒေသခံ တချို့ရဲ့ အမြင်တွေကို ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

လက်နက်ကိုင် အကြမ်းဖက် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေး ရတဲ့အထိ အခြေအနေတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်ဖွံ့ဖြိုး တိုး တက်အောင် ဆောင် ရွက်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း ကောင်းတွေ ရှိနေတာကိုလည်း မြင်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

"စီးပွားရေး လမ်းပွင့်လာမှုတွေကနေ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်တွေ အများအပြား ရလာတာရှိပေမဲ့ ရခိုင် ပြည်နယ်ရဲ့ စီးပွားရေး အလား အလာကောင်းတွေကိုတော့ ဘယ်သူမှ ရှာဖွေလုပ်ဆောင်တာ မရှိသေး ပါဘူး။ နိုင်ငံတကာအသိုက်အဝိုင်း အနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီး သာယာဝပြောရေး ဆောင်ရွက်နိုင်တဲ့ အလားအလာကောင်းတွေ အများကြီးရှိ နေတာကို ဖြန့်ကျက် ကြည့်ရမယ့်အစား ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေနဲ့ ဆက်စပ်ပြီး အမြင်ကျဉ်းကျဉ်းနဲ့ အဆိုးမြင်နေတာ ကြာပါပြီ။”

ရခိုင်ပြည်နယ်တွင်း စီးပွားရေး အလားအလာ ကောင်းတွေကို လျစ်လျူရှုပြီး ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ ပြဿနာတွေကိုပဲ အာရုံစိုက် မနေကြဖို့၊ တာဝန်သိ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ဆောင်ပြီး ဒေသတွင်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားတာပါ။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေတယ်လို့လည်း ဒီကနေ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားပါ တယ်။

"ဒီပြည်နယ်တွင်း နေထိုင်ကြတဲ့သူအားလုံး… ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ဆိုတဲ့ အမြင် တခုနဲ့ ပြည်နယ်တွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်၊ ခုချိန် မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ ကိုယူပြီး ကျမတို့ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။”

ရခိုင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ဆောင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ခုလို တိုက် တွန်း ပြောနေပေမဲ့လည်း လက်ရှိ ဒေသတွင်း အခြေအနေက တည်ငြိမ်မှု မရှိသေးဘူးဆိုတာကို ဒေသ ခံတချို့က ထောက်ပြကြပါတယ်။ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာချင်အောင်ငြိမ်းချမ်းရေးနဲ့ အခြေခံ အဆောက်အအုံ ဆိုင်ရာ လိုအပ်ချက်တွေကို အာမခံပေးနိုင်ဖို့ အစိုးရက အရင် လုပ်ဆောင်ရ လိမ့်မယ်လို့ ဒေသခံ ကမန် တိုင်းရင်း သား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဆောင်းနိုင်မြင့်က ပြောပါတယ်။

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နံပါတ်တစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Direct Investment ပေါ့။ FDI လိုအပ်ပါတယ်။ အဲဒီ FDI ဝင်လာဖို့အတွက်က FDI ဝင်လာချင်လောက်အောင် ရှိနေတဲ့မက် လုံး မျိုး ပေးနိုင်ရမယ်။ မက်လုံးက ဘာလဲဆိုရင် ငြိမ်းချမ်းရေး၊ ပြီးရင် နောက်ပိုင်းက infrastructure (အခြေခံ အဆောက်အအုံ လိုအပ်ချက်) ပေါ့။ ဒါတွေကတော့ နိုင်ငံတော်အစိုးရ လုပ်ပေးရမယ့်အပိုင်းတွေပေါ့။”

လက်ရှိ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် မြောက်ပိုင်းဒေသတွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ် တပ်ကြား တိုက်ပွဲတွေ နေ့စဉ် ဆိုသလို ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာပါ။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ထောင်နဲ့ချီ အိုးအိမ်တွေကနေ ထွက်ပြေးရသလို ဒီ့မတိုင်ခင် ၂ဝ၁၇ ခုနှစ်ကစလို့လည်း ARSA လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ ဒုက္ခသည် သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့တာပါ။ ဒီလိုအခြေအနေတွေက ဒေသတွင်း စီးပွားရေးကို သိသိသာသာ ကျဆင်းစေခဲ့တာဖြစ်လို့ ဒီလိုပြဿနာတွေကို ငြိမ်းချမ်းအောင် အရင်ဖြေရှင်းနိုင် မှသာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်မှာဖြစ်တယ်လို့ ဒေသခံစီးပွားရေးသမား ဦးသန်းဝင်းကလည်း ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ပထမတခါ ပြဿနာဖြစ်တဲ့အခါ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး ၅ဝ % လောက်ကျသွားပြီးတော့ အခုတခါ ထပ်ပြီးတော့ AA ရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော် ပြဿနာဖြစ် တဲ့ အခါမှာဆိုရင် ကျနော်တို့ သံတွဲမှာတောင်မှပဲ ကျနော်တို့ နိုင်ငံတကာက လာမယ့် ဟိုတယ်တွေမှာ ဘိုကင် ယူထားတာတွေတောင်မှ ဖျက်တယ်လို့ သိရတယ်။ တတ်နိုင်ရင် အကောင်းဆုံးကတော့ ဒီပြဿနာတွေ အ လျင် အမြန် ငြိမ်း ချမ်း သွားမှသာလျင် ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့စီးပွားရေးဟာ ပြန်ပြီးတော့ ဦးမော့ လာနိုင်မှာပါ။”

နိုင်ငံတကာရဲ့အမြင်မှာလည်း ရခိုင်ပြည်နယ်ဟာ တည်ငြိမ်မှုမရှိတဲ့ ဒေသတခု၊ မြန်မာ စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက် ပြေးခဲ့ရပြီး ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ် သက်လို့ အစိုးရက ထိထိရောက်ရောက် ထိန်းချုပ် ကိုင် တွယ်နိုင်စွမ်း မရှိဘူး၊ တာဝန် ခံမှုမရှိဘူး ဆိုပြီး ဝေဖန်ပြောဆိုနေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရခိုင်ပြည်နယ်တွင်း မဖြစ်ခဲ့ဘူးလို့ ပြောဆိုထားသလို အကြမ်းဖက် မှုတွေကြောင့် တိမ်းရှောင်ထွက်ပြေး ခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့အကြောင်း ပြောဆိုထားပါတယ်။

ပဋိပက္ခတွေ ငြိမ်သက်သွားတာမရှိသေးတဲ့ ရခိုင်ပြည်နယ်မှာ ခုလို ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ဆောင် ကြဖို့ ဖိတ်ခေါ်တဲ့ ပထမဆုံး အကြိမ် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပွဲကိုတော့ ရခိုင်ပြည်နယ်အစိုးရက ဦးဆောင်လုပ်တာဖြစ်ပြီး နိုင်ငံတကာဘက် ကတော့ ဂျပန် နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက် ရေးအေဂျင်စီ (JICA) နဲ့ ဂျပန်နိုင်ငံ၊ ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) တို့က ပံ့ပိုးကူညီကြတာ ဖြစ်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */