Monday, February 4, 2019

ဒုက္ခသည် ၂၄ ဦးကို ဖမ်းဆီးအမှုဖွင့်

RFA
2019.02.04
ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်

ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ထွက်ပြေး တိမ်းရှောင် လာသူ ၂၄ ဦး အပါအဝင် သူတို့ကို တည်းခိုခွင့်ပြုခဲ့သူ ကျောက်တော်ဒေသခံ ၂ ဦး ကို ဒီနေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။


ကျောက်တော်မြို့ အခြေစိုက် အစိုးရတပ်ရင်း ၃၇၅ ရဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ဖမ်းဆီးတာလို့ သိရပြီး ဖမ်းဆီးခံရသူတွေကို ကျောက်တော်မြို့မရဲစခန်းမှာ စစ်ဆေးပြီးနောက် ဒီနေ့မနက် ၁၀ နာရီခန့်မှာ စစ်တွေကို ပို့ ဆောင်လိုက်တယ်လို့ ကျောက်တော်မြို့နယ် စည်ပင် ဥက္ကဋ္ဌ ဦးမောင်ဝင်း က RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂၆ ဦးအနက် ၂၅ ဦးကိုသာ စစ်တွေကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး တစ်ဦးကို ဘယ်လို ဆောင် ရွက်ထားတယ်ဆိုတာ မသိရသေးကြောင်းနဲ့ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်တာ ဟုတ်၊ မဟုတ်ဆိုတာလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလူ ၂၆ ဦးကို ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာသိနိုင်ဖို့ ကျောက် တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး စောလွင်ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကြည်လင်းကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့သာ ပြောနိုင်ကြောင်းနဲ့ ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာ မပြောနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

ကျောက်တော်မြို့နယ် တရားရုံးက တရားသူကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကျောက်တော်မြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးခံရသူတွေကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) နဲ့ အမှုဖွင့်ထားကြောင်း တရားသူကြီးရဲ့ ပြောပြချက် အရ သိခဲ့ရတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီးနောက်ပိုင်း အစိုးရတပ်တွေ က တိုက်ပွဲဖြစ်ပွားရာဒေသတွေက ကျေးရွာတွေမှာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေ ပုန်းအောင်းခိုလှုံမှုရှိ၊ မရှိ ဝင်ရောက်ရှာဖွေမှုတွေ ရှိခဲ့ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင်က ရခိုင်ပြည်နယ်အတွင်းက ကျောက်တော် ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်က ကျေးရွာတွေမှာ ရက္ခိုင့်တပ်မတော် AA က တပ်ဖွဲ့ဝင်တွေ ရောနှောနေထိုင်မှု ရှိ၊ မရှိ စစ်ဆေးဖို့ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန် လိုက် ပါတယ်။

ရဲတပ်ဖွဲ့၊ လဝက၊ ထွေအုပ်၊ မီးသတ် အပြင် တပ်မတော်စုပေါင်းအဖွဲ့တွေနဲ့ မသင်္ကာတဲ့ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးပြီး လူဦးရေ မှန်၊ မမှန် အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အစိုးရအဖွဲ့ကဆုံး ဖြတ် ထားတယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

မနေ့က မနက် ၆ နာရီခန့်မှာတော့ ရသေ့တောင်မြို့နယ်အတွင်းက ရေကောင်းချောင်းကျေးရွာကို တပ်မ
တော် သား အင်အား ၁၀၀ လောက်က ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်သားတွေဟာ ရွာထဲက နေအိမ်တွေထဲကို မဝင်ခင် ဘုန်းကြီးကျောင်းမှာ ရဲဝတ်စုံတွေ ပြောင်းလဲ ဝတ်ဆင်ပြီးနောက် ရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမည် မဖော်လို့တဲ့ ရေကောင်းချောင်း ရွာသားတစ်ဦးက ပြောပါတယ်။

"ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ဟိုဘက်မှာ နည်းနည်း ဒီဘက်မှာ နည်းနည်း ခွဲနေကြတာပေါ့။ ဘုန်းကြီးကျောင်းကထွက်ပြီး ရွာတွေမဝင်ခင် စစ်ဝတ်စုံကနေ ရဲဝတ်စုံကိုလဲပြီး အိမ်တွေကို တစ်အိမ် ထွက် တစ်အိမ်ဝင် ရှာသွားတာပေါ့။ လက်မှတ်ထိုးခိုင်းသွားတယ်။ အဲ့စာရွက်မှာ ဘာတစ်ခုမှ ရေးထား တာ မတွေ့ဘူး။ စာရွက်ပေါ်မှာ လက်မှတ်ပဲထိုးခိုင်းတယ်။ ဘာတစ်ခုမှ မေးခွင့်မရှိဘူး"

ရေကောင်းချောင်းရွာအတွင်း အိမ်ခြေ ၃၀၀ ခန့်ရှိပြီး အဲ့ဒီရွာက အမျိုးသားတွေဟာ ရွာအတွင်း တပ်မတော် က အဝင်အထွက်ရှိလို့ မနေထိုင်ရဲဘဲ နီးစပ်ရာ တခြားကျေးရွာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရေကောင်းချောင်းရွာမှာ ဆေးမှူးအဖြစ် လုပ်နေတဲ့ ဦးကျော်ထွန်း ဆိုသူနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် တို့ကို နယ်မြေခံတပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

မနေ့က တပ်မတော်က ဝင်ရောက်ရှာဖွေခဲ့ရာမှာတော့ နေအိမ်တွေထဲက ပစ္စည်းတစ်စုံတရာ ယူဆောင် သွားတာမရှိပေမယ့် ရွာသားတွေက ပုန်းအောင်းနေရတဲ့အတွက် နေ့စဉ်လုပ်ငန်းတွေဖြစ်တဲ့ တောင် ယာခုတ်၊ ငါးဖမ်းနဲ့ ကျပန်း အလုပ်တွေကို မလုပ်နိုင်ဘဲ အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

ကျေးရွာတွေအတွင်း တပ်မတော်က ဝင်ရောက်ရှာဖွေမှုတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတာက…

"အဓိကကတော့ အဲဒါတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တခြားအဖွဲ့တွေက ဦးစီးပြီး ဆောင်ရွက်သွားမှာပဲ။ တပ်မတော်က လိုအပ်လာလို့ရှိရင် အပြင်ဘက်ကနေ ဝင်ရောက်ရှာဖွေတယ်ဆိုတာထက် လုံခြုံရေးအရ ဆောင်ရွက်ပေးတာပဲရှိမယ်"

ဒါ့အပြင် ဒီနေ့မနက် ၁ နာရီခန့်ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျောက်တော်ကို ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသား ၂၄ ဦးနဲ့ သူတို့ကို လက်ခံခဲ့သူ အိမ်ရှင်အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာနဲ့ပတ်သက်လို့ ကျောက်တော်မြို့ခံ ဦးကျော်လှမြင့် က အခုလို ပြော ပါတယ်။

"ကျနော့်ကို သူတို့လှမ်းပြောတာတော့ ရှင်းလက်ဝက သူတို့အိမ်ကိုရောက်တာနဲ့တင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ထူးခြားဖြစ်စဉ်အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပါတယ်။ အိမ်ရှင်တွေကော ခေါ်သွားတယ်။ ကျနော်က ရဲစခန်းကို ခေါ်သွားတာလောက်ပဲသိတယ်။ ထိန်းသိမ်းထားတာကို ရဲစခန်းကိုဆက် မေးရမှာပါ"

သူတို့တွေဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်၊ အလယ်စု က ဦးသိန်းစိုး အိမ်မှာ ခိုလှုံ
နေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး စောလွင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း ပြောတာက….

"သူတို့ပြောတဲ့အတိုင်းဖြစ်မှာပါ။ ပြောလို့မရသေးပါဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ထားတယ်လို့ပဲ ပြောလို့ရဦးမှာပါ"

အစိုးရနဲ့ ရက္ခိုင့်တပ်မတော်တိုက်ပွဲတွေကြောင့် သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ ဘူးသီးတောင်မြို့နယ်ထဲက သရက်ပြင်နဲ့ အလယ်ချောင်းရွာက ၄ ဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂) ဖမ်းဆီးထားသလို ကြာညိုပြင်က ဒေသခံ၂ဦးနဲ့ ခုံညိုလိတ်က ဒေသခံ  ၂ ဦး ကိုလည်း တရားခံပြေး အဖြစ် သတ်မှတ်ထားတာရှိပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်က ရေကောင်းချောင်းကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆေးမှူး ၂ ဦး၊ ကြိမ်သာ ကျေးရွာက ဒေသခံ၂ ဦးကို မတရားအသင်း ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားတာလည်း ရှိပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းက ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခြေအနေ တွေကို ဒေသခံတရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်အေးနုစိန်က အခုလို ပြောပြပါတယ်။

"ရွာသားတွေရဲ့ အနေအထားကတော့ ကျီးလန့်စာ စားပုံမျိုးလေ။ အပြင်မှာ တိုက်ပွဲတွေဖြစ်ပေမယ့် ဒီရွာရဲ့ လက်ချက်တွေပါတယ်။ ဒီရွာသားတွေ ပါတယ်ဆိုတာမျိုးနဲ့ ရွာကို အရမ်းကာရော သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ တစ်နေရာမှာစုထားတာ၊ သမီးလှကိစ္စမှာဆိုရင် တော်တော် ရုပ်ပျက်ဆင်းပျက် ဖြစ်တာပေါ့လေ"

ရခိုင်ပြည်နယ်အတွင်းက ဒေသခံ နိုင်ငံရေးသမားတွေကတော့ ပြည်နယ်အစိုးရက ရခိုင်ပြည်နယ် မြောက် ပိုင်းအတွင်း ကျေးရွာတွေကို တပ်မတော်စုပေါင်းအဖွဲ့တွေနဲ့ ဝင်ရောက် ရှာဖွေစစ်ဆေး ခွင့်ပြုလိုက်တာဟာ ဒေသခံတွေအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ပိုတိုးလာစေပြီး အခြေအနေတွေ ပိုရှုပ်ထွေးလာစေနိုင်တယ်လို့ ပြောကြပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */