" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 5, 2019

မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှု လုံခြုံရေး ကောင်စီပြန်သုံးသပ်

VOA
၀၅ ဖေဖော်ဝါရီ၊ ၂၀၁၉
လုံခြုံရေးကောင်စီ စည်းဝေးပွဲ

ရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးမှာ နိုင်ငံသားဖြစ်ရေးကိစ္စအပါအဝင် ကိုဖီအာနန်ကော်မရှင်ရဲ့ အကြုံပြု ချက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ရေး မြန်မာကို ဖိအားပေးဖို့ လိုနေကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်ဟောင်းနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအဖြစ်ကနေ သက်တမ်းပြည့်လို့ ထွက်ခွာသွားတဲ့ နိုင်ငံတွေရဲ့ အတွေ့အကြုံရှင်းလင်းပွဲအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးသွားတာတွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

လုံခြုံရေးကောင်စီမှာ နှစ်နှစ်သက်တမ်းပြည့်လို့ အဖွဲ့ဝင်အဖြစ်ကနေ ထွက်ခွာသွားတဲ့ နိုင်ငံတွေက သူတို့ ဆောင် ရွက်ခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲနဲ့ အခြေအနေတွေကို ဖေဖေါ်ဝါရီလ ၄ရက် တနင်္လာနေ့က ဆွေးနွေးတင်ပြခဲ့ရာမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့လုပ်ဆောင်ခဲ့တာတွေကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြပါတယ်။

Kazakhstan နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Kairat Umarov ကတော့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်ဖြစ်နေချိန်ကာလ မြန်မာ့အရေးကိစ္စဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

"မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် တကယ့်ကို အလွန်ကိုကြီးမားတဲ့ လူသားချင်းစာနာ မှုဆိုင်ရာ ဘေးဒုက္ခကြီးဖြစ်ပါတယ်။ ဒီကိစ္စကို ဆက်ပြီး အရေးယူဆောင်ရွက်ဖို့အတွက်လည်း လုံခြုံရေး ကောင်စီအနေနဲ့ တညီတညွတ်တည်း ရှိကြပါတယ်။ မူရင်းဇစ်မြစ် ပြဿနာဖြစ်တဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ရဲ့ အခြေခံ လူ့အခွင့် အရေးနဲ့ လွတ်လပ်စွာသွားလာခွင့်တွေ ပြန်ပြီးရရှိဖို့အတွက် နိုင်ငံသားဖြစ်ရေးကိစ္စကို အဓိကထား ဖြေရှင်းသင့်တယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည်ထားပါတယ်။ ဒီလို ခက်ခဲရှုပ်ထွေးပြီး အချိန် ကြာလာပြီးဖြစ်တဲ့ ပဋိပက္ခအ တွက် ဂုဏ်သိက္ခာရှိပြီး ခိုင်မာတဲ့ဖြေရှင်းမှုမျိုး လိုအပ်နေပါတယ်။

ဆက်လက်ပြီးတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်သစ်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေး ဆက်လက်ကိုင်တွယ် သင့်တဲ့နည်းလမ်းနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီး Kairat Umarov ကအခုလို ပြောပါတယ်။

"ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကိုဖီအာနန်အကြံပေးကော်မရှင်က ချမှတ်ထားတဲ့ အကြံပြုချက်တွေအတိုင်း ဆက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖေါ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီအတွက်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ် ကျန်ခဲ့မယ့် နိုင်ငံတွေအနေနဲ့ မြန်မာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်သလို တချိန်တည်းမှာပဲ ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ အခြေအနေတွေ ပိုပြီးခက်ခဲအောင် မ လုပ်ဖို့ မြန်မာအစိုးရကို လုံခြုံရေးကောင်စီအနေနဲ့ ဖိအားပေးသင့်ပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခကို ဖြေရှင်းရမှာ အလွန်ပဲ မျှမျှတတဖြစ်သင့်ပါတယ်။"

လုံခြုံရေးကောင်စီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Task force ကိုယ်စားလှယ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း လုံလုံ ခြုံခြုံပြန်နိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့ ဆောင်ရွက်နေသလဲဆို တာကို လည်း အခုလို မေးခွန်းထုတ်သွားပါတယ်။

"ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျနော်တို့ အဖွဲ့အနေနဲ့ သိချင်တာက အလွန်အင် မတန် စိုးရိမ်မကင်းဖြစ်နေရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စပါ။ လုံခြုံရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ သက်တမ်းပြည့်လို့ ထွက်ခွာသွားတဲ့နိုင်ငံတွေရဲ့ ဒီကနေ့လုပ်တဲ့အတွေ့အကြုံဆွေးနွေးပွဲမှာ သန်းနဲ့ချီပြီး အတင်းအကြပ်မောင်း ထုတ်ခံရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး ကိစ္စ ဘယ်လို နည်း နာနဲ့ဆက်လုပ်ကြမလဲ သိချင်ပါတယ်။ ဒုက္ခသည်တွေ မကြာခင်နေရပ်ပြန်နိုင်ရေးဆိုတဲ့ အခြေအနေ အခု ချိန် မှာ အဆင်သင့်ဖြစ်မနေဘူးဆိုတာ၊ နောက် မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်ချင်ကိုင်ချင်စိတ် မရှိသေးဘူးဆိုတာကို ကျနော်တို့ ရိုးရိုးသားသားပဲမြင်ပါတယ်။

လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆွီဒင်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သင် ရင် သူ့နိုင်ငံရဲ့ ကြိုးစားမှုတွေ အောင်မြင်မှုမရခဲ့တဲ့ အခြေအနေအတွေ့အကြုံကို ကုလသမဂ္ဂဆိုင်ရာ ဆွီ ဒင်သံအမတ်ကြီး Olof Skoog က အခုလို ဝန်ခံပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ အခြေအနေမှာတော့ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် လုံခြုံရေးကောင်စီမှာ ဆွီဒင်နိုင်ငံ အနေနဲ့ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့တဲ့ ကာလတုန်းက မှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေး ကောင်စီရဲ့ ဆွေး နွေးမယ့်အစီအစဉ်တွေထဲမှာ မြန်မာ့အရေး တရားဝင်ထည့်သွင်းဆွေးနွေးဖို့ အစောပိုင်းက ကျနော်တို့ ကြိုးစားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှု မရှိခဲ့ပါဘူး။ အဲဒီအတွက်လည်း ကျနော်စိတ် မကောင်းဖြစ်ရပါတယ်။ လုံ ခြုံရေးကောင်စီဆွေးနွေးပွဲမှာ မြန်မာ့အရေး မပါပါအောင် ထည့်သွင်းဆွေးနွေးဖို့ ကျနော်တို့ မဖြစ်မနေ လုပ်ခဲ့သင့်ပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ "

ဒါအပြင် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဗီတိုအာဏာကြောင့် လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချဖို့ အခက် အခဲတွေနဲ့ ပဋိပက္ခ အခြေအနေတွေ မဆိုးသင့်ပဲ ဆိုးရွားခဲ့တဲ့အကြောင်းတွေကိုလည်း သံအမတ်ကြီး Olof Skoog က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောသွားခဲ့ပါတယ်။

"ဗီတိုအာဏာအသုံးပြုတာကို ကျနော်အလွန်အင်မတန် စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဒီနေရာမှာ ကျနော် ပွင့်ပွင့်လင်းလင်းပဲပြောချင်ပါတယ်။ ဒါဟာ အလွဲသုံးစားလုပ်တဲ့နည်းလမ်းပဲဖြစ်တယ်။ တကယ်လို့ ကိုယ်က တနိုင်ငံတည်း တဖက်တည်းဖြစ်နေပြီး အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၄)နိုင်ငံက ဆန့်ကျင်တဲ့ ကိစ္စ မှာဆိုရင် အများပြည်သူရဲ့ သဘောထားဆန္ဒကို အဲဒီနိုင်ငံအနေနဲ့ မှန်မှန်ကန်ကန်မသုံးသပ်ဘူးဆိုတာ အလွန်ထင်ရှားပါတယ်။ နောက်ပြီး တကယ်လို့ ကိုယ့်မှာရှိတဲ့ ဗီတိုအာဏာကို သုံးပြီး ပစ်ပယ်တာမျိုးလုပ်ရင် ကိုယ်ပဲမှားပါလိမ့်မယ်။ လိုအပ်နေတဲ့ အ ခြေအနေတွေကို ပစ်ပယ်ပြီး ဗီတိုအာဏာကိုပဲ အသုံးချမယ်ဆိုရင် ကိုယ့်ကြောင့် ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာတယ်ဆိုတာ သတိပြုသင့်ပါတယ်။"

လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိပြီး အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ တရုတ်၊ ရုရှား ငါးနိုင်ငံအပါအဝင် ကျန် အဖွဲ့ဝင် အလှည့်ကျ ၁၀ နိုင်ငံကိုတော့ သက်တမ်းနှစ်နှစ် ထိသတ် မှတ်ထားပါတယ်။

  Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */