Monday, August 6, 2018

သေနင်္ဂ မဟာ ဗျူဟာ လေ့လာရေး အဖွဲ့ တည်ထောင် သူနှင့် အမှုဆောင် ဒါရိုက်တာ ဒေါက် တာနိုင်ဆွေ ဦးနှင့် Amicus Curiae စာတမ်း ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်း

၂၀၁၈ ခုနှစ် သြဂုတ်လ (၆) ရက်ထုတ် Weekly Eleven ဂျာနယ်ပါ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် Amicus Curiae စာတမ်းဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်း။

“သမိုင်းအထောက်အထားတွေအရ ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သက်သေထူထားပါတယ်။”


ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လက်ရှိ အချိန်တွင် အစိုးရအပေါ် နိုင်ငံတကာဖိအားများ ကျရောက်နေသည်။ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက် မှုများကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရပြီး ထိုသို့ နယ်မြေရှင်း လင်း ဆောင်ရွက်မှုကြောင့်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဘင်္ဂါလီများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုသို့ ဘင်္ဂါလီသိန်းချီ ထွက်ပြေး ခဲ့ရမှုနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က အစိုးရ အပေါ် တရားစွဲဆိုရန်ကိစ္စ ဇူလိုင် ၂၇ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ကြေညာခဲ့သည်။

 ယင်းကိစ္စနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် ICC သို့ AMICUS CURIAE (Friend of the Court) စာတမ်းတင်သွင်းခဲ့သည်။

အဆိုပါစာတမ်းနှင့် ပတ်သက်၍ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ တည်ထောင်သူနှင့် အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာနိုင်ဆွေဦးနှင့် တွေ့ဆုံ မေးမြန်းထားမှုကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့အနေနဲ့ ဒီစာတမ်းဟာ ဘာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ဧပြီလအတွင်းမှာ ICC ကနေ မြန်မာနိုင်ငံကို တရားစွဲဖို့ဆိုတဲ့ကိစ္စ ဖြစ်လာပါတယ်။ ဇွန် ၂၁ ရက်မှာ မြန်မာ နိုင်ငံအစိုးရကို ICC ကနေ အကြောင်းပြန်ဖို့ဆိုတာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့က ICC အဖွဲ့ ဝင်နိုင်ငံ မ ဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇွန်လဒုတိယပတ်ကနေစပြီး စုစုပေါင်း အချိန်ခြောက်ပတ်လောက်အတွင်းမှာ ကျွန်တော်တို့ ဒါကို ရေးသားတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ICC ရဲ့ အကြောင်းပြန်ရမယ့်ရက်က ဇူလိုင် ၂၇ ရက်ပါ။ ၂၆ ရက်မှာပဲ ကျွန်တော်တို့က Email ပို့ခဲ့ပါတယ်။ ဒါ့အပြင် Fax လည်းထိုးခဲ့ပါတယ်။ အမြန်ချောပို့နဲ့လည်း ကျွန်တော်တို့ ပို့ခဲ့ပါတယ်။ ဒီနည်းလမ်းသုံးသွယ်နဲ့ ပို့ခဲ့ရာမှာ လက်ခံရရှိကြောင်း Email ပြန်လာခဲ့ပါတယ်။

မေး။ ။ ဒီစာတမ်းထဲမှာ ဘယ်လိုအချက်တွေ ထည့်သွင်းရေးသားထားပါသလဲ။
 
ဖြေ။။ ကျွန်တော်တို့က အရပ်ဘက်သုတေသန အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီစာတမ်းကို ရေးသားပြုစုခဲ့တာဖြစ်တယ်။ တစ်ဖက်မှာ ICC ကစွပ်စွဲထားတဲ့အချက်တွေက မှန်ကန်ခြင်း မရှိဘူးဆိုတာကို ကျွန်တော် တို့က သက်သေထူချင်လို့ လုပ်ဆောင်ခဲ့တာပါ။ ဒီစာတမ်းမှာပါတဲ့ အဓိကအချက်တွေကတော့ ကျွန်တော် တို့သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ဟာ ဘယ်လိုအဖွဲ့အစည်းမျိုး ဖြစ်တယ်ဆိုတာ ရေးသားထားပါတယ်။ နောက်ပြီး အဓိကကျတဲ့ AMICUS CURIAE (Friend of the Court) ရဲ့ Summary of Argument မှာတော့ ဘင်္ဂါလီတွေ ကျွန်တော်တို့နိုင်ငံထဲကို ဘယ်အချိန်ကတည်းက ဝင်ရောက်လာတယ်ဆိုတာကို သမိုင်း မှတ် တမ်း အထောက်အထားတွေ အထူး သ ဖြင့် ဒီဘင်္ဂါလီတွေဟာ ကျွန်တော်တို့နိုင်ငံသားတွေ မဟုတ်ဘူးဆို တာကို ကျွန်တော်တို့ သက်သေထူထားပါတယ်။ 
 
နောက်တစ်ခုက ၁၉၄၂ ခုနှစ် နောက်ပိုင်းမှာ ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေဟာ ဘယ်လိုဖြစ်ပွားလာတယ်၊ အစိုးရ အ ဆက်ဆက်က ဘယ်လိုတာဝန်ယူ ဖြေရှင်းခဲ့တယ်။ ဒီအချက်တွေလည်း ပါပါတယ်။ နောက်တစ်ချက်ကတော့ ကျွန် တော်တို့ ၂၀၁၂ ခုနှစ် ဖြစ်စဉ် ၂၀၁၆ ခုနှစ် ဖြစ်စဉ်နဲ့ ၂၀၁၇ခုနှစ် ဖြစ်စဉ်တွေမှာ အာဆာအဖွဲ့က ဘယ်လိုတိုက်ခိုက်ခဲ့တယ် ဆိုတာတွေပါပါတယ်။ နောက်ပြီး အာဆာအဖွဲ့ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။ နောက်ဆုံးကျတော့ ဒီလိုမျိုးဖြစ်စဉ်တွေ၊ ဖြစ်ရပ်တွေအပေါ် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဘယ်လို အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာကို ရေးသားထားပါတယ်။ နောက်ဆုံးအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေ အနေနဲ့ သူတို့စွပ်စွဲသလိုမျိုး လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)၊ လူသားဖြစ်တည်မှုအပေါ် ပြစ်မှုကျူး လွန်တာ (Crimes against Humanity) နဲ့ စစ်ရာဇဝတ်မှု (War Crime) တို့ ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုတာကို ကျွန်တော်တို့ ရေးသားထားပါတယ်။

မေး။ ။ ဒီစာတမ်းကြောင့် နိုင်ငံတကာရဲ့ဖိအားတွေကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ပါသလား။

ဖြေ။ ။ အခုချိန်မှာတော့ နိုင်ငံတကာကရော အဖွဲ့အစည်းအမျိုးမျိုးကရော ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖိ အားတွေ အမျိုးမျိုးပေးနေတာ မြင်ရပါတယ်ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်နိုင်ငံအတွက် ကိုယ့်နိုင်ငံရဲ့ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာသိအောင် တင်ပြဖို့လိုအပ်ပါတယ်။ ဖိအားတစ်စုံ တစ်ရာတော့ လျော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ICC ကို တင်ပြခြင်းဖြစ်ပါတယ်။ လက်ခံတာ လက်မခံတာကတော့ သူတို့အပိုင်းပေါ့လေ။

မေး။ ။ ရခိုင်အရေးနဲ့ပတ်သက်ပြီး အစိုးရနှစ်ဆက်ဟာ ဘာဖွံ့ဖြိုးတိုးတက်ရေးမှ မလုပ်နိုင်ဘဲ အနောက်နိုင်ငံရဲ့ ဖိအားတွေကို ဖြေရှင်းနေခဲ့ရတဲ့ အနေအထားလား။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဖြေ။ ။ မြန်မာနိုင်ငံလို့ အင်တာနက်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ရှာကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံကို အကြမ်း ဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတစ်ခုလို ပုံဖော်နေတာကို တွေ့ရမှာပါ။ ဒီအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာဟာ နိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်နေတယ် လို့မြင် တာနဲ့အမျှ ကျွန် တော်တို့နိုင်ငံထဲကိုဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေက ဘာပဲပြောပြော ဝင်လာမှာ မဟုတ်ဘူး။ နှောင့်နှေးသွားမှာပဲ။ ဝင်လာချင်တာတောင် အခြေအနေကို စောင့်ကြည့်ပြီး လုပ်နေတာ ဖြစ်ပါ တယ်။ အထူးသဖြင့် သိသာတာက ကျွန်တော်တို့ Hotel & Tourism ခရီးသွားလုပ်ငန်းမှာ အတော်လေးကို ဆုတ်ယုတ်ကျဆင်းသွားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အရင်ကတည်းက ဟိုးအရင် အစိုးရ လက်ထက် တွေကလည်းက ဒီကဏ္ဍကြီးဟာ အတော်လေးဖွံ့ဖြိုးတိုးတက်တဲ့ အနေအထားပါ။ ဒါပေမယ့်လည်း ဒီ အကြမ်း ဖက်မှုဖြစ်စဉ်တွေ ဖြစ်တဲ့အချိန်မှာပဲ ဒီကဏ္ဍ ဟာ ဝုန်းခနဲထိုးကျသွားတာကို တွေ့ရတယ်။ အဲ့ဒီတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နေတာတော့ အမှန်ပဲ။ ဒါပေမယ့် တစ်ချက်တစ်ချက် ပုံဖော်နေ တာက သူတို့ (ဘင်္ဂါလီ)ဟာ အခွင့်အရေးမရတဲ့လူမျိုး၊ အခွင့် အ ရေးနည်းတဲ့လူနည်းစုအနေနဲ့ ပုံဖော်နေ တယ်။ အကြမ်းဖက်မှုတွေကို သူတို့ကပဲ ခံနေရတယ်ဆိုတဲ့ ပုံဖော်လုပ် ဆောင်မှုတွေကိုလည်း တွေ့ရပါတယ်။ ကိုယ့်ဘက်က တိတိပပ ပြန်လည်ချေပနေပေမယ့်လည်း မထိရောက်ဘူး။ Media War မှာ ကျွန်တော်တို့ အနေနဲ့ ရှုံးနေတဲ့အနေအထားမျိုး တွေ့ရပါတယ်။ ကမ္ဘာ့မီဒီယာကလည်း သိပ်ပြီးတော့ အားကောင်းတဲ့အခါ ကျတော့ ဒီလိုမျိုးတွေ ဖြစ်လာတာပါ။ ကျွန်တော်တို့အနေနဲ့မြင်တာက ဒါဟာနိုင်ငံတော် ရဲ့ ပုံရိပ်ကို အများ ကြီး ထိခိုက်စေတယ်။ စီးပွားရေးကိုလည်း အများကြီးထိခိုက်စေတယ်။ ဒီအတွက် ကျွန်တော်တို့ အနေနဲ့ ရှေ့မှာမဟာဗျူဟာတစ်ရပ်ချမှတ်ပြီး ဖြေရှင်းဆောင်ရွက်သွားရမယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။

မေး။ ။ ဘယ်လိုမဟာဗျူဟာမျိုး ချမှတ်ဆောင်ရွက်မှာလဲ။
 
ဖြေ။ ။ အစိုးရမှာ လိုအပ်တာက အမျိုးသားလုံခြုံရေး National Security Strategy လိုအပ်တာပေါ့လေ။ သူ့ရဲ့အ ပေါ်မှာ ပေါ်လစီရှိရမှာပေါ့။ ဒီပေါ်လစီအတိုင်း ကျွန်တော်တို့က ဒီလိုမျိုးတွေ ကြုံလာရင် ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်၊ ဘယ်လိုမျိုး Respond ပေးသင့်တယ်။ ပြန်ပြောရရင် အမျိုးသား ကာကွယ်ရေးနှ င့် လုံခြုံရေးကောင်စီဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံးတာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူကနေ ဦးဆောင်ပြီးတော့မှ အမျိုးသားလုံခြုံရေးမှာ ပေါ်လစီကို ချမှတ်မယ်။ ပြီးသွားရင် မဟာဗျူဟာ ချ မှတ်မယ် ပေါ့လေ။ ဒါကနေပြီးတော့ ဒီလိုမျိုးအခက်အခဲတွေ နောက် ကြုံလာရင် ဘယ်လိုဆောင်ရွက်မယ်။ နိုင်ငံတကာနဲ့ ဘယ်လိုထိတွေ့မယ်။ မီဒီယာကိုဘယ်လိုထိတွေ့မယ်။ ပြည်တွင်းမှာ ဘယ်လိုဖြေရှင်းမယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်။ နယ်စပ်ဒေသလုံခြုံရေးကို ဘယ်လိုဆောင်ရွက်မယ်။ ဒီလို အသေးစိတ် အချက်အလက်တွေကို မဟာဗျူဟာမှာ ထည့်သွင်းသင့်တယ်လို့ မြင်ပါတယ်။

မေး။ ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံရဲ့ ဖိအားတွေ အများကြီးရှိတယ်။ ဒီဖိအားတွေ လျှော့ချဖို့ အ တွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်အထိ အရေးကြီးတယ်လို့ ပြောလို့ရမလဲ။

ဖြေ။ ။ မှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့သိတဲ့အတိုင်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲနှုန်းက အရမ်း များတယ်။ လူဦးရေအရမ်းများတဲ့နိုင်ငံဖြစ်တယ်။ ဘင်္ဂါလီဆိုတာလည်း တစ်ချိန်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ အဆမတန်ကြီးထွားပြီးတော့ ဒီဘက်ကို ရောက်လာတဲ့လူတွေ အများကြီးရှိပါတယ်။ သူတို့နိုင်ငံရဲ့ ပူးပေါင်းဆောင် ရွက်မှု မရှိဘဲနဲ့ ဘယ်လိုမှအောင်မြင်အောင် မဆောင်ရွက်နိုင်ဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က နိုင်ငံ ရေးအတွက် ဒုက္ခသည်စခန်းတွေကို ကောင်းကောင်းအသုံးချသွားနိုင်တာကို တွေ့ရပါ တယ်။ ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာကို ပြပြီးတော့ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ ချပြတာတွေ ရှိပါတယ်။ ကူညီထောက်ပံ့ပေးနေတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့က ပြန်လည် လွှဲပြောင်းလက်ခံရေး အစီအစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ ပြီးရင် ဘင်္ဂ လား ဒေ့ရှ်နိုင်ငံက အကြမ်းဖက် သမားတွေရဲ့ သတင်းနဲ့ပတ်သက်လို့ Information Sharing လုပ်ဖို့ လိုအပ်တယ်။

မေး။ ။ အစိုးရအဖွဲ့အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အင်ဂျင်စီတွေနဲ့ MoU ထိုးပြီး ဆောင်ရွက် တာတွေ ရှိတယ်။ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေမှာ အားနည်းချက်အားသာချက်တွေနဲ့ ပတ်သက်လို့ အစ်ကိုတို့အဖွဲ့ရဲ့ အမြင်ကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ပြောရရင် အစိုးရအဖွဲ့ကလည်း ရခိုင်အရေးကို တတ်နိုင်သလောက် ဖြေရှင်းပေးနေတယ်။ ဒါ့အပြင် နိုင်ငံ တကာရဲ့ ဖိအားကလည်း များလာတော့ ဒီဖိအားကို လျှော့ချဖို့အတွက် နိုင်ငံတကာကပုဂ္ဂိုလ်တွေ ခေါ်ပြီး တော့ သုံးရတဲ့ အနေအထားမျိုးကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် UEHRD အဖွဲ့မျိုးတွေ ဖွဲ့ပြီး ထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ဆောင်တယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းတွေမှာလည်း လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိတယ်ပေါ့လေ။ အခုတော့ ဝင်မလာသေးဘူးပေါ့။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နောက်ဆုံးဖွဲ့ခဲ့တဲ့ ကော်မရှင်ပေါ့ အဲဒီမှာ ကျွန်တော်တို့သိတဲ့အတိုင်းပဲ ၂၀၁၇ ခုနှစ် ဖြစ်စဉ်နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို စုံစမ်း စစ်ဆေးပြီးတော့မှ အရေးယူဆောင်ရွက်ဖို့အတွက် ခေါ်ယူဖွဲ့စည်းတယ်။ ဒါလေးအပေါ် မှာတော့ ကျွန်တော် တို့မြင်တာက ကိုယ့်နိုင်ငံရဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေကို ပြည်ပနိုင်ငံက အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ ခေါ် ပြီးတော့ စစ်တဲ့အပိုင်းကတော့ ဘဝင်မကျစရာအပိုင်းလို့ မြင်တာပေါ့။ ဒါက ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဆိုတာတော့ စဉ်းစားရမှာပေါ့လေ။ အဲဒီအဖွဲ့ အကြံပေးတဲ့အတိုင်းလည်း ဆက်ပြီးတော့ လုပ်ဆောင်မလား/ မလုပ်ဆောင်ဘူးလား ဆိုတာကိုလည်း စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */