" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 9, 2017

ရခိုင်အရေးနှင့် ကိုယ်စားပြုအတွေးများ

The Voice Weekly Journal
The Voice Journal
Oct 9, 2017
ယခုတစ်လော အသံအကျယ်လောင်ဆုံးကိစ္စမှာ ရခိုင်ပြည်နယ်အရေးပင်ဖြစ်သည်။ ဤအရေးကိစ္စနှင့် ပတ် သက်ပြီး ပြည်တွင်းမှရော ပြည်ပမှပါ အဖွဲ့အစည်းအသီးသီး ၊ လူပုဂ္ဂိုလ်အသီးသီးတို့မှ ကိုယ်ပိုင် ထင် မြင် ချက်များ၊ သဘောထားမှတ်ချက်များကိုလည်း ပြောဆိုရေးသား ထုတ်ဖော်နေကြတာတွေ့ရသည်။ သို့သော် ကျယ်ပြန့်သော အကြောင်းအကျိုးအချက်အလက်နှင့် နယ်ပယ်အားလုံးအတွက် ကိုယ်စားပြုစဉ်း စား ထား သော သဘောထားမှတ်ချက်များကို တော့ မတွေ့ရပေ။ ထို့ကြောင့် စဉ်းစားတွေးခေါ်မှု၊ ယုံကြည်ရပ်ခံမှု၊ ကိုယ်စားပြုရသည့်နယ်ပယ်နှင့် သက်ရောက်မှု အတိုင်းအတာအပေါ် ချိန်ဆလုပ်ဆောင်ရမှုများကို စာရေးသူ ဉာဏ်မီသလောက် တင်ပြလိုပါသည်။
ကိုယ်စားပြုခြင်း …

ကိုယ်စားပြုခြင်း (Deputize) ဆိုသည်မှာ … တစ်စုံတစ်ယောက် သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် နယ်ပယ် တစ်ခုချင်းစီအတွက် သက်ဆိုင်သူများ၏ ကိုယ်စားတာဝန်ခံကာ လုပ်ဆောင်ပေးရခြင်းဖြစ်သည်။ ဥပမာ- ဦးလှသည် ကကြီးရွာ၏ ရွာသူကြီးဖြစ်သည်။ ထို့ကြောင့် ဦးလှသည် ကကြီးရွာသူရွာသားများကို ကိုယ်စားပြု ၍ ကျေးရွာအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရလေသည်။ အခြားသောကျေးရွာများနှင့် ကိစ္စရပ်များ ပေါ် ပေါက် လာလျှင် ဦးလှသည် ကကြီးရွာသားများ၏ကိုယ်စား သဘောထားမှတ်ချက်နှင့် လုပ်ဆောင်မှုများကို ကိုယ်စားပြုလုပ်ဆောင်ရသည်။ ဦးဖြူသည် ဗလုပ်ငန်းစုကြီး၏ ဦးဆောင်ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဦးဖြူသည် ဗလုပ်ငန်းစုအဖွဲ့ဝင်များကို ကိုယ်စားပြုပြီး လုပ်ငန်းကြီးတစ်ခုလုံးကို စီမံခန့်ခွဲရသည်။

ကိုယ်စားပြုသည်ဟုဆိုရာတွင်လည်း မိမိကိုယ်စားပြုပေးရမည့် သက်ဆိုင်သူများ၏ သဘောထားဆန္ဒ အ မှန်ဖြင့် တာဝန်ပေးအပ်ခြင်းခံရဖို့လိုသည်။ သို့မှသာ တရားဝင်သောကိုယ်စားပြုမှုမည်၏။ ဥပမာ- မြန်မာနိုင် ငံ၏ လက်ရှိအစိုးရသည် ရွေးကောက်ပွဲတွင် ပြည်သူအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရသည်။ မြန်မာပြည် သူများကို ကိုယ်စားပြုဖို့ တရားဝင် တာဝန်ပေးအပ်ခြင်းခံရသည်။

ထို့ကြောင့် အစိုးရသည် ပြည်သူများ၏ ကိုယ်စားတိုင်းရေးပြည်ရေးကိစ္စရပ်များကို စီမံဆုံးဖြတ်ရသည်။ ယင်း ကို “တရားဝင်သော ကိုယ်စားပြုမှု” (Legitimate Deputize) ဟုခေါ်သည်။ကိုယ်စားပြုခြင်း တွင် ‘နေ ရာ’ (Position) ဆိုသည်မှာ အရေးကြီးထည့်သွင်းစဉ်းစားရသည့်အချက်ဖြစ်သည်။ မည်သည့်နေရာလဲ …၊ မည်သူတွေကို ကိုယ်စားပြုရမှာလဲ …၊ မည်သို့သော ပြဿနာများ ကြုံရနိုင်သလဲ … စသည်ဖြင့် …မစဉ်းစား လို့ မဖြစ်။ တစ်ခါတလေကျတော့ ကိုယ်စားပြုပေးရသည်ဆိုသော်ငြား ဗိုက်အငှားဖြင့် ဓားထိုးခံခိုင်းသည်မျိုး ဖြစ်တတ်သည်။ တပ်ပျက်ကို ဗိုလ်လုပ်ခိုင်းခြင်းမျိုးလည်း ဖြစ်နေတတ်သည်။ အမည်ကို အသုံးချခြင်းသက် သက်ဖြစ်တတ်သည်။ ထို့ကြောင့် နေရာကိုစိစစ်ရသည်။ တစ်ဖန် ထိုနေရာသည် မိမိအရည်အသွေးနှင့် ကိုက် ညီ မှု ရှိ/မရှိ ကိုလည်း စဉ်းစားရသည်။ အရည်အချင်းနှင့် နေရာမကိုက်ညီပြန်လျှင် မအောင်မမြင်ဖြစ် တတ် သည်။

ကိုယ်စားပြုခြင်းတွင် နောက်ထပ်အရေးကြီးသည်မှာ ကိုယ်စားပြုရမည့် နယ်ပယ်၏အတိုင်းအတာပင်ဖြစ် သည်။ ကိုယ်စားပြုရမည့် နေရာ၏ သက်ရောက်မှုအတိုင်းအတာကို သိဖို့လိုသည်။ ဥပမာ – ဆယ်အိမ်မှူးဆို လျှင် ဆယ်အိမ်စာအတွက်သာ ကိုယ်စားပြုရသော်လည်း – သူကြီးဆိုလျှင် တစ်ရွာလုံးစာအတွက် ကိုယ်စား ပြုပေးရသည်။ သမ္မတဆိုလျှင်တော့ တစ်နိုင်ငံလုံးစာ ကိုယ်စားပြုမှု ဖြစ်ရလေသည်။ ကိုယ်စားပြုနယ်ပယ်၏ ကျယ်ပြန့်မှုကြီးလျှင် ကြီးသလောက် အရည်အသွေးကိုဖြည့် ဆည်းရသည်။ ပြဿနာများကို ဖြေရှင်းရာမှာ လည်း ကိုယ်စားပြုနယ်ပယ် ကျယ်သလောက် ရှုမြင်သုံးသပ်မှု ပြည့်စုံရသည်။ ထို့ကြောင့် ကိုယ်စားပြုရမည့် နေ ရာ၏ ကျယ်ပြန့်မှုကိုလည်း သိထားဖို့လိုအပ်သည်။

မတူညီသောကိုယ်စားပြုမှုများနှင့် ကွဲပြားသော ရပ်ခံချက်များ

လူ့အဖွဲ့အစည်းတစ်ခုအတွင်း မတူကွဲပြားမှုကတော့ များစွာရှိတတ်သည်သာဖြစ်သည်။ လူမျိုးကွဲ၊ ဘာသာ ကွဲ၊ အုပ်စုကွဲ၊ မူဝါဒကွဲ၊ အမြင် သဘောထားကွဲလွဲခြင်း စသည်တို့မှာ ထူးခြားမှုများမဟုတ်ကြပေ။ အကြောင်း အရာတစ်ခုအပေါ်တွင် မိမိတို့အားသန်ရာ အမြင်အသီးသီးနှင့် ရှုမြင်တတ်ကြသည်မှာ ဓမ္မတာပင်။ သို့သော် စဉ်းစားချက်များကို အကောင်အထည်ဖော်သည့်အပိုင်းမှာတော့ ပြည့်ပြည့်စုံစုံနှင့် မှန်မှန်ကန်ကန် သုံးသပ် လုပ်ဆောင်နိုင်ကြဖို့ လိုသည်။ သည်အဆင့်တွင် ‘နေရာ’ က အရေးကြီးလာသည်။

‘ဘယ်သူက’ … ဆိုသော စိတ်ဝင်စားမှုထက် ပို၍ လေးနက်စေသည်မှာ ‘ဘယ်နေရာကလူ’… ဆိုသော အချက်ဖြစ်သည်။

ဆက်ရလျှင် ဘာပြောသလဲ ၊ ဘယ်လိုလုပ်မှာလဲ၊ ဟူသော စိတ်ဝင် စားချက်များကို မေးခွန်းဆင့်ထုတ်တော့ သည်။

ဥပမာ – နိုင်ငံရေးအကြောင်းအရာတစ်ခုအပေါ် သဘောထားမှတ်ချက်ပေးမည် ဆိုပါစို့။ အရင်ဆုံး ဘယ်လို စကားလဲဆိုတာ ဆန်းစစ်သည်။ နောက်မှ … ဘယ်သူပြောတာလဲ၊ ဘာတာဝန်ယူထားတဲ့သူလဲ၊ ဘယ်အ ဖွဲ့အစည်းကို ကိုယ်စားပြုသလဲ၊ ဘယ်လိုသက်ရောက်မှု ရှိနိုင် သလဲ … စသည်ဖြင့် ဆက်စပ်ပြီးတွေး ကြ သည်။ ရှင်းအောင်ဆိုရလျှင် ပြောသူသည် သာမန်နိုင်ငံသားတစ်ဦးဖြစ်ခဲ့သော် သူ့စကားမှာ သူ၏ တစ်ကိုယ် စာအမြင်နှင့် ရပ်တည်မှုသာဖြစ်သည်။ ထို့ကြောင့် သူ၏ တစ်ကိုယ်စာ ကိုယ်စားပြုမှုနှင့်သာ သက်ဆိုင်သည်။ ပြောသူမှာ အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့လျှင်တော့ ယင်းစကားရပ်များမှာ အစိုးရ၏ သဘောထားနှင့် မူဝါဒများဟု သတ်မှတ်နိုင်သည်။ ဤတွင် သက်ရောက်မှုအတိုင်းအတာက ပိုမိုကျယ်ပြန့် သွားသည်။

အဘယ့်ကြောင့်ဆိုသော် ကိုယ်စားပြုမှုနယ်ပယ် ‘ကျယ်’ သွားသောကြောင့်ဖြစ်သည်။ ထို့ထက်ပို၍ … ပြောသူမှာ နိုင်ငံတော်သမ္မတ တစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင်တော့ အစိုးရတစ်ရပ်နှင့်အတူ တစ်နိုင်ငံလုံး၏ ကိုယ်စားပြုမှုကိုဖော်ပြခြင်းဖြစ်သောကြောင့် နိုင်ငံတကာအပေါ် မိမိတို့နိုင်ငံ၏ သဘောထားမှတ်ချက်ကိုပါ ထုတ်ဖော်ပြသလို ဖြစ်သွားတော့သည်။


အတွေးအခေါ်အယူအဆများနှင့် ပတ်သက်လာလျှင် လူတိုင်းမှာ မိမိတို့၏ ပင်ကိုစိတ်အခံစရိုက်၊ အစွဲအ လမ်း၊ ယုံကြည်မှု၊ ဘဝဖြတ်သန်းမှု၊ ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်ပိုင်ဆင်ခြင်နိုင်စွမ်း၊ သတင်းအချက် အ လက်ရရှိမှုအနေအထား အစရှိသည့် အကြောင်းအရာများအပေါ်မူတည်၍ အသီးသီးကွဲပြား တတ်ကြ သည် မှာ သဘာဝပင်ဖြစ်သည်။ ဒါက ပြဿနာမရှိ။ သို့သော် ထိုသို့မတူကွဲပြားမှုများအပေါ် မျှတစွာဆင်ခြင် နိုင် စွမ်း ကင်းမဲ့ပြီး ‘ကိုယ်ထင်တာမှ အဟုတ်၊ ကိုယ်လုပ်တာမှ အမှန်’ ဟု တစ်ကြောင်းစွဲရပ်ခံပြီး မတူညီတာ မှန် သမျှကို ကန့်လန့်တိုက်နေပြီ ဆိုလျှင်တော့ ပြဿနာ ရှိလာသည်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်တွင် ဒါမျိုး အများဆုံးတွေ့ရသည်။ အဆိုးဆုံးကတော့နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် မိမိတို့လိုချင်သော၊ မိမိတို့ဖြစ်စေချင်သော ‘အဖြေ’ ကို အပြည့်အဝ ရယူလိုခြင်းပင်ဖြစ်သည်။

ရခိုင်ပြဿနာနှင့် ကွဲပြားသောရပ်ခံချက်များ

ရခိုင်ပြည်နယ်ပြဿနာတွင် သဘောထားအမျိုးမျိုး၊ အမြင်အမျိုးမျိုး၊ ရပ်တည်ချက်အမျိုးမျိုးကို တွေ့နေရ သည်။ အမျိုးသားရေးသမား (Nationalist) များက တစ်မျိုး၊ လစ်ဘရယ်သမား (Liberalist) များက တစ်ဖုံ၊ လူ့အခွင့် အ ရေး (Human Right) အမြင်ဖြင့် ကြည့်သူများက တစ်နည်း၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုး သားလုံခြုံရေးကို အဓိကထားသူများကတစ်မျိုး … အစရှိသည်ဖြင့် မိမိတို့ အားသန်ရာ ရှုထောင့်မှ စွဲကိုင် ရပ်တည်ပြီး လိုချင်သောအဖြေကို ထုတ်နေကြတာ တွေ့ရသည်။ ဆိုရလျှင် မိမိတို့၏ တစ်ထောင့်ချင်း စီ ကနေပြီး ရပ်ခံကြခြင်းသာဖြစ် သည်။ အချို့က ရခိုင်ပြဿနာမှာ ပြည်တွင်းရေးပြဿနာဖြစ်သည်။ ထို့ကြောင့် ပြည်ပစွက်ဖက်မှုများ၊ ဖိအားများကို ဂရုစိုက်နေဖို့မလိုဟု ဆိုကြသည်။ အချို့ကတော့ ယင်းပြဿနာမှာ ပြည်တွင်းရေးပြဿနာဆိုသော်လည်း နိုင် ငံတကာက အာရုံစိုက်နေသည့် ပြဿနာဖြစ်သောကြောင့် နိုင်ငံတကာက လက်ခံနိုင်လောက်မည့် အဖြေဖြစ်ဖို့ လိုသည်ဟုဆိုကြသည်။ အချို့က ၈၂ နိုင်ငံသားဥပဒေနှင့် စိစစ်ပြီး နိုင်ငံသားပေးသင့်သူများကို ပေးရမည်ဆိုသည့် အချက်ကို လက်ခံကြသော်လည်း အချို့ကတော့ လုံး၀ နိုင် ငံသားဖြစ်ခွင့်မရှိဟု ငြင်းဆိုကြ သည်။ဒါက ပြည်တွင်းအပိုင်းဖြစ်သည်။ ပြည်ပနိုင်ငံများမှာလည်း အချို့ က သတင်းအချက်အလက်မှန်ကန်စွာ မရရှိသည့်အတွက် သ တင်းအမှားများကိုအခြေခံကာ မြန်မာနိုင်ငံအပေါ် အဆိုးမြင်ကြသည့်နိုင်ငံများရှိသလို … အချို့ကတော့ သတင်း အမှန်ကို သိသော်လည်း မိမိတို့၏ ပတ်သက် ရာပတ်သက်ကြောင်း အကျိုးစီးပွားများရှိနေသဖြင့် အများနှင့်ရောယောင်ကာ မြန်မာနိုင်ငံကို အချိန်ကိုက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

တကယ်တမ်းကျတော့ တစ်နိုင်ငံလုံးစာအတွက် သက်ရောက်မှုအား ကြီးနိုင်သော ယခုလိုပြဿနာမျိုးတွင် တစ်ထောင့်ချင်းစီမှထိုင်၍ အဖြေထုတ်ခြင်းမှာ အန္တရာယ်ကြီးလွန်းသည်။ အထူးသဖြင့် နိုင်ငံတကာက အာ ရုံစိုက်နေသော ဒီလိုပြဿနာမျိုးတွင် အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်တွက်ချက်လွန်းမှသာ တော်ရုံ ကျပေ လိမ့်မည်။ တိုင်းပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပညာရှင်များ၊ အမျိုးသားရေးတက်ကြွ လှုပ် ရှားသူများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ အစရှိသည့် လူပုဂ္ဂိုလ်အသီးသီး အဖွဲ့ အစည်းအသီးသီးတို့၏ မတူကွဲပြား သဘောထားအမြင်များကို … ပြဿနာဖြေရှင်းရာတွင် ထည့်သွင်း တွက် ချက်ရမည်ဖြစ်သည်။ သို့သော် အားလုံးလိုလားသလောက်တော့ အပြည့် အဝရဖို့မလွယ်။ ယခုပြဿနာတွင် ပြည်တွင်းက အဖြစ်အပျက်အခြေအနေ၊ စိတ်ခံစားချက်များနှင့် ပြည်ပကဖိအားများအကြား … အစိုးရမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်နိုင်ပါမှ တော်ရုံကျပေလိမ့်မည်။

ဦးနင်း ပဲ့ထောင် … ကိစ္စမျိုးတွင် အတတ်နိုင်ဆုံး နယ်ပယ်ပေါင်းစုံအတွက် ဖြန့်ကြက်တွက်ချက်ထားသော အဖြေရှာမှုမျိုးဖြစ်ဖို့ လိုပါသည်။ နိုင်ငံတကာအမြင်ကို ထည့်သွင်းစဉ်းစားရာတွင် သမာသမတ်ကျသော နိုင်ငံ အများစု၏ အမြင်ကိုသာ အလေးထားရန်လိုသည်။ မည်သည့်အဖြေမျိုးပဲထွက်ထွက် ၎င်းတို့လိုချင်သော အနေအထားမရမချင်း ယုတ်မာသောနည်းလမ်းများဖြင့် အောက်တန်းကျစွာ ဖိအားပေးနေဦးမည့် နိုင်ငံ များနှင့် အဖွဲ့အစည်းများကိုတော့ ဂရုစိုက်နေစရာ မလိုဟု မြင်မိသည်။

နောက်တစ်ချက်က ကိုယ်စားပြုနေရာ ဖြစ်သည်။ အစိုးရသည် ပြည်သူကို ကိုယ်စားပြုသည့် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် အစိုးရဘာလုပ်မလဲ၊ ဘာလုပ်သင့်သလဲဆိုတာ တွက်ဆရမည်။ သေချာသည်မှာ အစိုးရသည် နိုင်ငံသားတစ်ယောက်ကဲ့သို့ စဉ်းစား၍မရ၊ လူမှုရေးအဖွဲ့တစ်ခုလိုမျိုး လုပ်ဆောင်ဖို့ မသင့်၊ နိုင်ငံရေးပါတီတစ်ခုလို ရပ်ခံဖို့မဖြစ်ပေ။ အစိုးရတစ်ရပ်သည် နယ်ပယ်အသီးသီးကို လွှမ်းခြုံထားရ သလို ပတ်ဝန်းကျင်ပေါင်းစုံနှင့်လည်း ဆက်စပ်နေရသည်ဖြစ်ရာ ရှုမြင်သုံးသပ်မှုကျယ်ပြန့်ပြီး အစွန်း လွတ် အောင်တွေးခေါ်နိုင်ဖို့လိုသည်။

နိုင်ငံသားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများ၊ မီဒီယာများ၊ နိုင်ငံတကာ သဘောထားမှတ်ချက် များ စသည့်အသံတို့ကို စုံလင်အောင် နားထောင်ရမည်ဖြစ်သည်။ သို့သော် အပြီးသတ်ဆုံးဖြတ်ချက်ကတော့ အာလုံး ကြိုက်ဖြစ်ဖို့ မလွယ်ပေ။ ဒါကိုနားလည်ကြဖို့လိုသည်။ဒါသည် ကိုယ်စားပြုနယ်ပယ် ကွာခြားခြင်း၏ သက်ရောက် မှုဖြစ်သည်။ ဥပမာ – (ယခင်က) အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းအား ထုတ်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ယခုသူမသည် နိုင်ငံ တော်အစိုးရအဖွဲ့၏ အကြီးအကဲတစ်ယောက်ဖြစ်နေခဲ့ပြီ။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ပြဿနာအပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှု ထောင့်တစ်ခုတည်းကနေ ရပ်ခံစဉ်းစားပြီး လုပ်ဆောင်၍ မရတော့ပါ။ ဒါကို အပြစ်တင်၍မဖြစ်။ သူသည် အတိုက်အခံခေါင်းဆောင်တစ်ယောက် မဟုတ်တော့သည်ကို နားလည်ဖို့လိုမည်။ သူသည် အစိုးရအဖွဲ့၏ ထိပ်တန်းခေါင်း ဆောင်တစ်ယောက်ဖြစ်ရာ ဤပြဿနာအပေါ်တွင် အတိုက်အခံပါတီ ခေါင်းဆောင်တစ် ယောက်လို ရပ်ခံစဉ်း စား လုပ်ဆောင်လို့မရပေ။ အစိုးရဖြစ်သည့်အတွက် ကျယ်ပြန့်သောရှုမြင်ချက်၊ ဘက် ပေါင်းစုံကိုခြုံငုံထားသော အတွေးအခေါ်တို့ဖြင့် စနစ်တကျ လုပ်ဆောင်နိုင်ဖို့ လိုပါသည်။ ကိုယ်စားပြုနယ် ပယ်၏ကျယ်ပြန့်မှုနှင့် သက်ရောက်မှုအတိုင်းအတာကို နားလည်လျှင် တစ်ယောက်တစ် ပေါက် ထွက်ပေါ် နေသောအသံများ အနည်းငယ် တိုးညှင်းသွားဖွယ်ရာ ရှိပေသည်။

အချုပ်ဆိုရလျှင် ရခိုင်ပြည်နယ်ပြဿနာအတွက် အဖြေရှာဖို့ အဓိကတာဝန်ရှိသူမှာ လက်ရှိအစိုးရဖြစ်သည်။ အစိုး ရ၏ ကိုယ်စားပြုမှုနယ်ပယ်မှာ ကျယ်ပြန့်သလောက် ပတ်သက်နေရမှုတွေလည်း များလွန်းသည်။ အစိုးရသည် ပြည်တွင်းက ဆန္ဒများ၊ သဘောထားအမြင်များ၊ စိတ်ခံစားချက်များကို အလေးဂရုပြုရ မည်ဖြစ်သလို နိုင်ငံတကာ၏ သဘောထားအမြင်များကိုလည်း မျက်ကွယ်ပြုထား၍မဖြစ်ပေ။ ပြည်တွင်းမှာ တရားမျှ တမှုရှိရန်နှင့် သမာသ မတ်ကျစွာ ရပ်တည်နေသော ပြည်ပနိုင်ငံများက လက်ခံနိုင်လောက်သည့် အဖြေမျိုး ရှာ ဖို့လိုသည်။ နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏ စဉ်းစားတွက်ချက်မှုနယ်ပယ်နှင့် အစိုးရ၏စဉ်းစား တွက်ချက်ရသော နယ်ပယ်အ ကျယ်အဝန်းမှာ မတူညီနိုင်သည်ကို သိရှိနားလည်ရပါမည်။ နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်တွင်လုပ်ကိုင်နေရသော အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် ယခုလိုပြဿနာမျိုး တွင် နိုင်ငံသားများသည် အစိုးရနှင့်တစ် သားတည်းရှိပြကြဖို့သာ အရေးတကြီးလိုအပ်လှပါကြောင်း မီးမောင်း ထိုးပြလိုက်ရပါသည်။

ဝင်းကို

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */