BBC
ယိုဂီတာ လမား
ရာထူးတာဝန်, တောင်အာရှနဲ့ ပါကစ္စတန်နိုင်ငံ သတင်းထောက်
ရေးသားပေးပို့သည့်နေရာ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်
၂၂ သြဂုတ် ၂၀၂၄
ဗုံးတွေ ကောင်းကင်ကနေ မြေပေါ်ကို ကျလာခါနီးအချိန်ဟာ ဖာရာ့ဇ်နဲ့ သူ့ဇနီးတို့ အတွေးထဲမှာ ငါတို့တော့ ဘေးကင်းဖို့ လက်တစ်ကမ်းပဲလိုတော့တယ်လို့ တွေးခဲ့ကြတဲ့အချိန်ပါ။
မောင်တောမြို့၊ နတ်မြစ်ကမ်းပါးကိုသွားနေတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ကြောက်လန့်တကြားအော်ဟစ်ငိုကြေးသံတွေဟာ သြဂုတ် ၅ ရက်၊ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်မှာ ပတ်ဝန်း ကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်လို့ ဖာရာ့ဇ်က ပြောပါတယ်။
မြန်မာနိုင်ငံအနောက်ဘက်ခြမ်းအစွန်ဆုံးမှာရှိတဲ့ မောင်တောက ကျေးရွာတွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ဖာရာ့ဇ်တို့အပါအဝင် ရာနဲ့ချီတဲ့မိသားစုတွေအတွက် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကမ်းခြေဘက်ကို ထွက်ပြေးမှပဲ လုံခြုံမယ်လို့ တွေးဖို့ ဖြစ်လာပါတယ်။
ဖာရာ့ဇ်က သယ်နိုင်သလောက်ပစ္စည်းတွေ စုထည့်ထားတဲ့အိတ်တွေ သယ်ပါတယ်။ သူ့ဇနီးကတော့ ၆ နှစ်အရွယ်သမီးငယ်ကို ချီလာပြီး သမီးကြီးကလည်း သူတို့နဲ့အတူ ဘေးကနေ အဖေအမေတို့နဲ့အတူ ပြေးလွှားနေပါတယ်။ အဲဒီအချိန်မှာ သူ့ဇနီးရဲ့ညီမ သူ့ခယ်မကလည်း သူတို့ရဲ့ ၈လအရွယ်သားလေးကို ရင်ခွင်ပိုက်ပြီး ရှေ့က သွားနေခဲ့တာပါ။
ပထမဆုံးကျလာတဲ့ ဗုံးကြောင့် သူ့ခယ်မ နေရာမှာတင် ပွဲချင်းပြီး အသက်ပါသွားခဲ့ပါတယ်။ သူ့ရင်ခွင်ထဲကသူတို့ရဲ့ လသားအရွယ်သားငယ်ကတော့ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမဲ့ အသက်ရှင်နေတုန်းပါ။
“ကျွန်တော် ကလေးကို ပြေးပြီး ပွေ့ချီခဲ့ပေမဲ့ ဗုံးကြဲတာရပ်သွားတဲ့အထိ စောင့်နေတုန်းမှာပဲ ဆုံးသွားတယ်”
နီဆာကတော့ သူ့ရဲ့မိခင်၊ ဇနီး၊ သား၊ သမီး၊ ညီမဖြစ်သူတို့နဲ့အတူ ညနေ ၅ နာရီဝန်းကျင်မှာ ကမ်းနား စပ်အထိ ရောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။
“ခေါင်းပေါ်မှာ ဒရုန်းတွေ ပျံနေတဲ့အသံကို ကျွန်တော်တို့ ကြားခဲ့ရပြီးနောက်မှာပဲ ပေါက်ကွဲသံ ကျယ်ကျယ်တစ်ချက်ကြားခဲ့ရတယ်” လို့ သူက ပြန်ပြောင်းပြောပါတယ်။
“ကျွန်တော်တို့အားလုံး မြေပေါ် ဝပ်နေကြတာ။ သူတို့က ကျွန်တော်တို့ပေါ်ကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ”
နီဆာတို့ တစ်မိသားစုလုံးမှာ သူတစ်ယောက်တည်းပဲ အသက်ရှင်ပါတယ်။
ဖာရာ့ဇ်၊ သူ့ဇနီးနဲ့သမီးတို့ကတော့ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းမှာ မြစ်ကို ဖြတ်ကူးနိုင်ခဲ့ပါတယ်။ သူ အသနားခံခဲ့ပေမဲ့ လှေသမားက လသားအရွယ်သူ့သားငယ်ရဲ့ အလောင်းကို သယ်ဖို့ ခွင့်မပြုခဲ့ပါဘူး။ “သူက လူသေ အလောင်းကို သယ်လို့ ဘာမှမထူးဘူးတဲ့။ ဒါနဲ့ပဲ ကမ်းနားမှာ ကျင်းအမြန်တူးပြီး သားလေးကို မြေမြှုပ်ခဲ့ရတယ်”
အခုတော့ သူတို့အားလုံး ဘင်္ဂလားဒေ့ရှ်ဘက်မှာ လုံခြုံသလိုရှိနေပေမယ့် အာဏာပိုင်တွေက ဖမ်းမိရင်တော့ မြန်မာဘက်ကို ပြန်ပို့ခံရနိုင်ပါတယ်။ လက်ထဲမှာ ကုရ်အာန်ကျမ်းစာကို ကိုင်ထားတဲ့ နီဆာတစ်ယောက် အချိန်တစ်ရက်လေးအတွင်းမှာ သူ့ဘဝကြီး ဘယ်လိုများ အစိတ်စိတ်အမြွာမြွာဖြစ်သွားခဲ့လဲဆိုတာကို တွေးမတတ်နိုင်အောင်ဖြစ်နေပါတယ်။
“ဒီလိုဖြစ်မယ်သာ ကြိုသိရင် အဲဒီနေ့က ပြောင်းဖို့ လုပ်ခဲ့မှာမဟုတ်ဘူး” လို့ နီဆာက ပြောပါတယ်။
မြန်မာပြည်တွင်းစစ်အတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာသိရဖို့က အတော်လေးကို ခက်ခဲပါတယ်။ ဒါပေမဲ့ သြဂုတ် ၅ ရက် ညနေပိုင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာကို သိနိုင်ဖို့ ဘီဘီစီက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဒါဇင်ကျော်နဲ့ သီးသန့်အင်တာဗျူးလုပ်ခဲ့သလို သူတို့ပြတဲ့ရုပ်သံဖိုင်တွေကိုလည်း ကြည့်ခဲ့ပါတယ်။
အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ လက်နက်မဲ့ ရိုဟင်ဂျာအရပ်သားတွေကတော့ အချိန် ၂ နာရီကျော်လေးအတွင်းမှာ ဗုံးပေါက်ကွဲသံတွေ အများကြီးကို ကြားခဲ့ရတယ်လို့ ပြန်ပြောပြကြပါတယ်။ အများစုကတော့ လက်ရှိ မြန်မာမှာ အသုံးပြုနှုန်းမြင့်တက်လာနေတဲ့လက်နက်ဖြစ်တဲ့ ဒရုန်းကနေ ဗုံးကြဲခဲ့တဲ့ ဗုံးတွေလို့ ပြောပြီး တချို့ကတော့ လက်နက်ကြီးကျည်တွေ၊ သေနတ်နဲ့ပစ်တာတွေကြုံခဲ့ရတယ်လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်က နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ဆေးခန်းကတော့ အဲဒီရက်ပိုင်းအတွင်း ထိခိုက်ဒဏ်ရာရတဲ့ရိုဟင်ဂျာအရေအတွက် သိသိသာသာမြင့်တက်ခဲ့ပြီး အများစုက အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ ပြောပါတယ်။
ဘီဘီစီက လေ့လာဆန်းစစ်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေဆီကနေရရှိတဲ့ရုပ်သံဖိုင်တွေမှာတော့ မြစ်ကမ်းပါးမှာ သွေးအလိမ်းလိမ်းနဲ့အလောင်းတွေ ပြည့်နေတာကို တွေ့ရပြီး အများစုက အမျိုးသမီးနဲ့ကလေးတွေဖြစ်နေပါတယ်။ သေဆုံးသူအရေအတွက်ကို ဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိုင်ပေမဲ့ မျက်မြင်သက်သေတွေကတော့ အလောင်းတွေအများကြီးတွေ့ ခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
အသက်ရှင်ကျန်သူတွေကတော့ သူတို့ကို မြန်မာမှာ
အင်အားကောင်းလာတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး စစ်တပ်ကို
ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးနီးပါးကနေ တိုက်ထုတ်နေတဲ့ အာရက္ခ တပ်တော်(အေအေ)
က တိုက်ခိုက်ခဲ့တာလို့ ပြောကြပါတယ်။ အရင်ဆုံး သူတို့ရဲ့ကျေးရွာတွေ
တိုက်ခိုက် ခံရလို့ ထွက်ပြေးဖို့ အကြောင်းဖန်လာပြီးတဲ့နောက် ဘေးလွတ်ရာအတွက်
နတ်မြစ်ကမ်းဘက်ကို ထွက်ပြေးကြတဲ့အခါမှာ ထပ်မံတိုက်ခိုက်ခံရတယ်လို့လည်း
ဆိုပါတယ်။
အေအေဘက်ကတော့
အင်တာဗျူးဖြေဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ အေအေပြောရေးဆိုခွင့်ရှိသူခိုင် သုခကတော့ စွပ်စွဲချက်ကို ငြင်းဆိုသလို “ကျွန်တော်တို့
ထိန်းချုပ်တဲ့နယ်မြေတွေထဲမှာ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဘူး” လို့
ထုတ်ပြန်ချက်တစ်စောင်နဲ့ ဘီဘီစီရဲ့ မေးခွန်းတွေကို တုံ့ပြန်ခဲ့ပါတယ်။
ဒါအပြင်
ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေက အစုလိုက်သတ်ဖြတ်ခံရတဲ့ကိစ္စကို
လုပ်ကြံပြောဆိုတာဖြစ်ပြီး အေအေကို မှားယွင်းစွပ်စွဲတာလို့
သူကစွပ်စွဲပြောဆိုပါတယ်။
ဒါပေမဲ့ နီဆာကတော့ သူတွေ့ကြုံခဲ့ရတာကို အခိုင်အမာပြောဆိုနေပါတယ်။
“အာရက္ခတပ်တော်က
လိမ်နေတာ” လို့ သူက ပြောပါတယ်။ “ဒီတိုက်ခိုက်တာတွေကို သူတို့လုပ်ခဲ့တာ။
အဲဒီရက်ပိုင်းက ကျွန်တော်တို့ရွာ ပတ်ဝန်းကျင်မှာ သူတို့ပဲရှိနေတာ။ သူတို့
ကျွန်တော်တို့ကို တိုက် ခိုက်နေတာ သီတင်းပတ်ချီနေပြီ။ သူတို့က
ဘယ်မွတ်ဆလင်ကိုမှ အရှင်မထားချင်ဘူး”
မြန်မာက
ရိုဟင်ဂျာ မွတ်ဆလင်အများစုဟာ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ
လူနည်းစုအဖြစ်ရှိနေပြီး ဒေသတွင်းက လူ့အဖွဲ့အစည်းနှစ်ခုကြားက
ကာလရှည်ကြာဆက်ဆံရေးကလည်း ချောမွေ့လှတာမဟုတ်ပါဘူး။
“လူမျိုးတုံးသတ်ဖြတ်မှု
ပြဋ္ဌာန်းစာအုပ် စံပြဥပမာ”လို့ ကုလသမဂ္ဂက ရည်ညွှန်းသုံးနှုန်းခဲ့တဲ့ ၂၀၁၇
ခုနှစ်မှာ မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာ ထောင်နဲ့ချီကို သတ်ဖြတ်မှုမှာ ဒေသခံ
ရခိုင်အမျိုးသားတွေလည်း တိုက် ခိုက်မှုမှာပါဝင်ခဲ့ပါတယ်။ အခုတစ်ခါမှာလည်း
စစ်အာဏာရှင်နဲ့ ရခိုင်တိုင်းရင်းသားတွေ ထောက်ခံမှု အခိုင်အမာရနေတဲ့
အေအေကြားက အတောမသတ်တဲ့ပဋိပက္ခထဲမှာ ရိုဟင်ဂျာတွေ နောက်တစ်ဖန်
ပိတ်မိနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးပြီး
မြန်မာကိုပြန်ပို့ခံရနိုင်တဲ့အန္တရာယ်ရှိပေမဲ့ ရှင်ကျန်ရစ်သူတွေကတော့
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းထောက်တွေ မဝင်ရောက်နိုင်တဲ့ဒေသမှာ
သူတို့တွေ့ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုအသေးစိတ်ကို
လူမသိသူမသိမဖြစ်စေချင်တဲ့အတွက် ပြောပြဖို့ ဆန္ဒရှိတယ်လို့ ဘီဘီစီကို
ပြောကြပါတယ်။
“ကျွန်တော့်ရင်တွေလည်း
ကွဲခဲ့ရပြီးပြီ။ ဆုံးရှုံးစရာလည်း ထပ်ပြီးမရှိတော့ပါဘူး။ ဒါပေမဲ့
ဘာကြောင့်များ ကျွန်တော် အသက်ဆက်ရှင်ခဲ့ရလဲ မသိဘူး” လို့ နီဆာက ပြောပါတယ်။
ရိုဟင်ဂျာကုန်သည်
သူဌေးတစ်ယောက်ကတော့ သူ့အိမ်နားမှာ လက်နက်ကြီးကျည်တွေကျတာ
ခပ်စိပ်စိပ်ဖြစ်လာလို့ ရခိုင်က အိမ်နဲ့ ခြံကို ရောင်းခဲ့ပါတယ်။ ဒါပေမဲ့
သူမှန်းထားတာထက် စောပြီး ပဋိပက္ခ ပြင်းထန်လာချိန်မှာတော့ သြဂုတ် ၅
ရက်နေ့မနက်မှာပဲ မိသားစုလိုက် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။
ရုပ်သံတွေထဲက
တစ်ခုမှာတော့ မြင်တွေ့ရတာ သူ့သမီးရဲ့အလောင်းလို့ ထောက်ပြပြီး “
အလ္လာရှင်မြတ်ကို တမ်းတပြီး ကျွန်တော့် လက်ပေါ်တင် သမီး ဆုံးသွားတာဗျ။ သူ
ဆုံးသွားတာ အိပ်နေသလိုလေးပဲ။ သမီးက ကျွန်တော့်ကို သိပ်ချစ်တာဗျ” လို့
ပြောပါတယ်။
ဒီရုပ်သံဖိုင်တစ်ခုတည်းမှာပဲ
ဒဏ်ရာအပြင်းအထန်ရထားတဲ့ သူ့ဇနီးနဲ့ ညီမဖြစ်သူကိုလည်း ထောက်ပြခဲ့ပြီး
ရုပ်သံရိုက်နေတုန်းက သူတို့တွေ အသက်ရှိကြပါသေးတယ်။
ဗုံးကျတာ
မရပ်သေးလို့ သူတို့ကို မသယ်ထုတ်နိုင်ခဲ့ဘဲ ထားခဲ့ဖို့ကိုသာ ရင်နာနာနဲ့ပဲ
ရွေးချယ်ခဲ့ရပါတယ်။ နောက်တော့ သူတို့ သေဆုံးသွားပြီဆိုတာကိုလည်း
သူသိခဲ့ရပါတယ်။
“ဘယ်နေရာမှ မလုံခြုံတော့လို့ ဘင်္ဂလားဒေ့ရှ်ဘက်
ကျွန်တော်တို့ ပြေးလာတာ” လို့ ဖာရာ့ဇ်က ပြောပါတယ်။ သူတို့နောက်ကို
ရွာစဉ်လိုက်ပြီး သေနတ်ကျည်တွေနဲ့ ဗုံးတွေက လိုက်နေခဲ့တာကြောင့် ဖာရာ့ဇ်
တစ်ယောက် မြစ်ကိုဖြတ်ကူးနိုင်ဖို့ သူ့မှာရှိသမျှ ပိုက်ဆံတွေကို လှေသမားဆီ
ပုံအောပေးခဲ့ပါတယ်။
သူ့သားရဲ့သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်ဓာတ်ပုံလေးကို နာကျည်းမုန်းတီးစွာနဲ့ ကိုင်ထားပါတယ်။
“အေအေက
မပစ်ရင် ဘယ်သူက ကျွန်တော်တို့ကို ပစ်တာလဲ” လို့ သူက မေးခွန်းထုတ်ပါတယ်။
“ဗုံးတွေက အေအေရှိတဲ့ဘက်က လာတာလေ။ ဘာလဲ ဒါဆို ဒါက မိုးပေါ်က
မိုးကြိုးပစ်ချတာလား”
ဒီလိုစွပ်စွဲချက်တွေက
ရခိုင်လူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ တော်လှန်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်
ဖော်ညွှန်းထားတဲ့ အေအေအပေါ် မေးစရာ အရေးကြီးမေးခွန်းတွေ တိုးလာစေခဲ့ပါတယ်။
- နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ၄ ဧပြီ ၂၀၂၄
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေ၂၉ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံက
ညီနောင်မဟာမိတ်သုံးဖွဲ့ဝင် လက်နက်ကိုင်တပ် အေအေဟာ ပြီးခဲ့တဲ့
နှစ်ကုန်ပိုင်းကစလို့ စစ်တပ်ကို တိုက်ရာမှာ ကြီးမားတဲ့အောင်မြင်မှုတွေ
ရနေခဲ့ပါတယ်။
ဒါပေမဲ့ အေအေကိုတိုက်ဖို့ စစ်တပ်က သူတို့ကို
ဖိအားပေး စစ်မှုထမ်းခိုင်းနေတယ်လို့ ဘီဘီစီကို အ စောပိုင်းတုန်းကပြောထားတဲ့
ရိုဟင်ဂျာတွေအတွက်တော့ စစ်တပ်ရဲ့အရှုံးက ရိုဟင်ဂျာတွေအတွက် အန္တရာယ်အသစ်တွေ
ယူဆောင်လာခဲ့ပြန်ပါတယ်။
ဒီအချိန်မှာ အေအေကိုတိုက်ခိုက်ဖို့
စစ်တပ်နဲ့ မဟာမိတ်ဖွဲ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့
အာဆာ(ARSA)ကြောင့် နဂိုတည်းကမှ အဆင်မပြေတဲ့
လူ့အဖွဲ့အစည်းနှစ်ခုကြားကဆက် ဆံ ရေးကို ပိုဆိုးရွားစေခဲ့ပြီး
အရပ်သားရိုဟင်ဂျာတွေကို ဒဏ်ခတ်ခံရနိုင်ခြေ ပိုများလာစေပါတယ်။
သြဂုတ်
၅ ရက် တိုက်ခိုက်ခံရမှုမှာ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကတော့
ပြေးကြတဲ့အုပ်စုထဲမှာ စစ်တပ်နဲ့မဟာမိတ်လုပ်ထားတဲ့
အာဆာတပ်ဖွဲ့ဝင်တွေပါလာလို့ တိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ ဘီဘီစီကို
ဖြေထားပါတယ်။
“စစ်ရေးပစ်မှတ်တစ်ခုဖြစ်နေရင်တောင် အဲဒီနေ့က
သုံးတဲ့အင်အားက မမျှဘူး။ အဲဒီနေ့က ကလေးတွေ၊
အမျိုးသမီးတွေနဲ့သက်ကြီးရွယ်အိုတွေ သေဆုံးခဲ့ကြတယ်။ ဒါက အဆင်အခြင်မဲ့
လုပ်တာပဲ” လို့ ဒီဖြစ်စဉ်ကို စုံစမ်းထောက်လှမ်းခဲ့တဲ့ လူ့အခွင့်အရေးအဖွဲ့
Fortify Rights အဖွဲ့ရဲ့ ဒါရိုက်တာ ဂျွန်ကွင်လေက ပြောပါတယ်။
“ဒါကပဲ
သြဂုတ် ၅ ရက်မှာ စစ်ရာဇဝတ်မှုဖြစ်ခဲ့တယ်ဆိုတာကို
ယုံကြည်နိုင်စရာအကြောင်းပြချက်တွေရှိနေတယ်။ အေအေဘက်က ဒီရာဇဝတ်မှုတွေကို
စုံစမ်းစစ်ဆေးဖို့နဲ့ အေအေ အကြီးတန်းတပ်မှူးတွေလည်း ဒီအတွက် တာဝန်ယူဖို့
ဖြစ်သင့်တယ်”
ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက်တော့ စိုးရိမ်စရာအခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာတစ်သန်းကျော် ထွက်ပြေးခဲ့ကြပြီး ပွတ်သိပ်ကြပ်ညပ် ညစ်ပတ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ သူတို့နေထိုင် နေကြရဆဲပါ။
ရခိုင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသူတွေ ပိုများလာခဲ့ပေမယ့် လက် ရှိအချိန်က ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်တွေ ဖွင့်ပေးထားခဲ့တဲ့ ၂၀၁၇ ခုနှစ်လို မဟုတ်တော့ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က နိုင်ငံထဲမှာ ရိုဟင်ဂျာတွေ ထပ်လက်မခံတော့ဘူးလို့ ပြောလာခဲ့ပါပြီ။
ဒါကြောင့် မောင်တောကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေဟာ လှေသမားတွေ၊ လူပွဲစားတွေကို တစ်ယောက်ကူးခ မြန်မာငွေကျပ် ၆ သိန်း (အမေရိကန်ဒေါ်လာ ၁၈၄)ပေးနိုင်ရင်တောင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ကျော်လွှားနိုင်ဖို့နဲ့ ဒေသခံတွေ သိကျွမ်းတာ ဒါမှမဟုတ် ဒုက္ခသည် စခန်းတွေထဲ ပုန်းအောင်းနေတာမျိုးတွေလုပ်ကို လုပ်ရတော့မှာပါ။
သြဂုတ် ၆ ရက်မှာ ဖာရာ့ဇ်တို့မိသားစု ဘင်္ဂလားဒေ့ရှ်ဘက်ရောက်လာချိန်မှာ နယ်ခြားစောင့်တပ်ဖွဲ့တွေက စားစရာပေးခဲ့ပေမဲ့ လှေပေါ်တင်ပြီး မြန်မာဘက်ကို ပြန်တွန်း လွှတ်ခဲ့ပါတယ်။
“အစာရေစာပြတ်ပြီး နှစ်ရက်လောက် မြစ်ထဲမျောနေတာ။ ကျွန်တော့် သမီးလေးတွေကို မြစ်ရေခပ်တိုက်ပြီး လှေပေါ်ပါလာတဲ့ တခြားသူတွေမှာရှိတဲ့ ဘီစကစ်လေးနည်းနည်းကျွေးပါလို့ အသနားခံတောင်းကျွေးခဲ့ရတယ်”လို့ သူကပြောပါတယ်။
ဒုတိယတစ်ကြိမ်ကျမှပဲ သူတို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လို့ ရခဲ့ပါတယ်။ ဒါပေမဲ့ အနည်းဆုံး လှေနှစ်စီးလောက်ကတော့ တင်နိုင်တဲ့လူပမာဏထက်ပိုများတဲ့အရေအတွက်ကြောင့် တိမ်းမှောက်ခဲ့ပါတယ်။ ကလေး ၁၀ ယောက်မွေးခဲ့တဲ့ မုဆိုးမတစ်ဦးကတော့ သူ့ကလေးတွေကို ဗုံးမထိအောင် ကာကွယ်နိုင်ခဲ့ပေမဲ့ လှေလည်းမှောက်ရော ၅ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်မကလေးတွေက ကျွန်မရဲ့နှလုံးသည်းပွတ်ကလေးတွေပါ။ စဉ်းစားမိတိုင်း သေချင်တော့တာပဲ”လို့ သူက မျက်ရည်စမ်းစမ်းနဲ့ ပြောပါတယ်။
မျက်ဝန်းဝိုင်းလေးနဲ့ အသက် ၈ နှစ်အရွယ် သူ့မြေး ယောကျာ်းလေးကတော့ ဘေးမှာ ထိုင်နေပါတယ်။ သူ့မိဘတွေနဲ့ ညီလေးလည်း ဆုံးပါးကြသူတွေထဲ ပါသွားပါတယ်။
“အေအေက ကျွန်တော်တို့ကို ကိုယ့်အိမ်တွေကနေ အတင်းထွက်ခိုင်းတယ်။ စာသင်ကျောင်းတွေနဲ့ ဗလီတွေမှာ စုနေခိုင်းတယ်”လို့ သူကပြောပါတယ်။ “ကျွန်တော် အခု အိမ်ခပ်သေးသေးတစ်လုံးမှာ တခြားမိသားစု ၆ စုလောက်နဲ့ အတူနေရတာ” လို့ သူက ပြောပါတယ်။
အေအေကတော့ စစ်တပ်ကို တိုက်ခိုက်နေချိန်မှာပဲ မောင်တောမြို့ထဲကနေ အရပ်သား ၂၀,၀၀၀ ကို ကယ်ထုတ်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အစားအစာနဲ့ ဆေးဝါးကုသမှုတွေ ပေးနေပြီး “ဒီစစ် ဆင်ရေးတွေကို ဒီတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ လုံခြုံမှုနဲ့ ဘေးကင်းရေးအတွက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖိအားပေးရွှေ့ပြောင်းစေတာ မဟုတ်ပါဘူး” လို့ အေအေက တုံ့ပြန်ပါတယ်။
ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့တဲ့အမျိုးသားကတော့ အေအေရဲ့ပြောဆိုချက်ကို လက်မခံပါဘူး။
“အေအေက ကျွန်တော်တို့ကို ထွက်ပြေးရင် ပစ်သတ်မယ်လို့ပြောတယ်။ ကျွန်တော်တို့မှာ ဆေးဝါးနဲ့စားစရာတွေလည်း မရှိတော့ဘူး။ ကျွန်တော်လည်း နေမကောင်းဘူး။ ကျွန်တော့် အမေလည်း နေမကောင်းဘူး။ ဝမ်းလျှောနေတာနဲ့ အော့အန်နေတဲ့သူတွေက အများကြီးပဲ” လို့ သူက ပြောပါတယ်။
သူက ဝမ်းနည်းပက်လက်နဲ့ အကူညီပေးဖို့ တောင်းခံနေပါတယ်။
“ဒီက ရိုဟင်ဂျာသိန်းနဲ့ချီက ခြိမ်းခြောက်ခံနေရပါတယ်။ ဖြစ်နိုင်မယ်ဆို ကျေးဇူးပြုပြီး ကယ်ပေးကြပါ”
မြစ်တစ်ဖက်ကမ်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာတော့ နီဆာတစ်ယောက် မြန်မာနိုင်ငံဘက်ကိုမျှော်ကြည့်နေပါတယ်။ သူ့ မိသားစု အသတ်ခံခဲ့ရတဲ့ကမ်းခြေကိုလည်း လှမ်းမြင်နေရပါတယ်။
“ကျွန်တော် ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး”
အာမီယာ ပရာဇာဒါနဲ့ ဆန်ဂျေး ဂန်ဂူလီ တို့လည်း ပါဝင် သတင်းရေးသားထားပါတယ်။
ကာယကံရှင်တွေရဲ့ တောင်းဆိုချက်အရ နာမည်တွေကို ပြောင်းလဲအသုံးပြုထားပါတယ်။
Link : Here
No comments:
Post a Comment