" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 17, 2023

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ကုလစံနှုန်း နှစ်မျိုး ကျင့်သုံးနေလို့ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ မတ်လ၂၀၂၃
ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲက စျေး ( မှတ်တမ်းဟောင်း )

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကုလသမဂ္ဂအနေနဲ့ စံနှုန်း နှစ်ရပ် ကျင့်သုံးနေတယ်လို့ ပေါက်ကြားလာတဲ့ အစီရင်ခံစာတချို့ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာအရေးဆောင်ရွက်တဲ့ အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project (MAP) က မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ ရာမနသန် ဘလာ ခရစ်ရှ်နန် (Ramanathan Balakrishnan )ရဲ့ ရုံးတွင်းတင်ပြချက်မှာ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ရှေ့ပြေး စမ်းသပ်အစီအစဉ်တခုမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပြီး တဖက်မှာလည်း UNHCR ရဲ့ ဆန်းစစ် အကဲဖြတ်ချက်အရ လက်ရှိ ရခိုင် ပြည်နယ်က အခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘေးကင်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ နေ ရပ်ပြန်နိုင်ဖို့ လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ထားကြောင်း MAP က ပြောပါတယ်။

တပြိုင်တည်းမှာပဲ Benar News သတင်းဌာနကို ပြောဆိုချက်မှာတော့ UNHCR အနေနဲ့ ဒီ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ် အစီအစဉ် မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆိုထားပါတယ်။ UNHCR ရဲ့ အကဲဖြတ်ချက်အရ ရခိုင်ပြည်နယ်က အခြေအနေမတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ရေရှည်တည်တံ့ခိုင်မြဲစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အထောက်အကူမပြုနိုင်သေးကြောင်းနဲ့ ဒီလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်နေတာလို့ ”UNHCR ပြောရေးဆိုခွင့်ရှိသူ ရဂျီနာ ဒီလာ ပေါ်တီလာ (Regina De La Portilla) က အီးမေးလ်ကတဆင့် ဖြေကြားကြောင်း ဘင်္ဂလားဒေ့ရှ် နဲ့ ဒေသတွင်းသတင်းတွေကို တင်ဆက်တဲ့ BenarNews က ဆိုပါတယ်။

တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးတဲ့ အစီအစဉ်အရ ကနဦးအနေနဲ့ နေရပ်ပြန်လိုတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ၁,၀၀၀ လောက်ကို နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီ တို့က ဆောင်ရွက်နေတာပါ။

စစ်ကောင်စီ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ Teknaf ကို ဗုဒ္ဓဟူးနေ့ကရောက် ရှိလာခဲ့ပြီး ၂၀၁၇ တုန်းက စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကို ပြန်လည်ခေါ်ဆောင်နိုင်ရေး တွေ့ဆုံမေးမြန်းဖို့ ရှိနေပါတယ်။

Myanmar Accountability Project ရဲ့ ကြေညာချက်မှာတော့ ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်က စစ်အစိုးရအပေါ် ဖိအားတွေ လျော့ပါးသွားစေခဲ့တယ်လို့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေအရာရှိ မစ္စတာ ခရစ်ရှ်နန်က ရုံးတွင်း အစီရင်ခံစာမှာ ဝန်ခံထားတယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ပိုဆိုးလာနေလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ သူတို့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ယူကေ အစိုးရက ဒီသီတင်းပတ်ထဲမှာပဲ တင်ပြခဲ့ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */