" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 11, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား ပြန်ပို့ဆောင်ရန် ရှေ့ပြေးစီမံချက်အရ လူ(၁၀၀၀)စာရင်းကို မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟုဆို

နိရဉ္စရာ
မတ် ၁၁/၂၀၂၃

လာမည့် မိုးမကျမီ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားကြသော မွတ်ဆလင်ဒုက္ခသည်များအား အမြန်ဆုံး ပြန်လည်လက်ခံရန် ရှေ့ပြေးစီမံချက်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာအာဏာပိုင်များ အပူတပြင်း ဆောင်ရွက်နေကြပြီးလတ်တလောတွင် စတင်လက်ခံရန် လူ(၁၀၀၀)စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ စိစစ်ရန် ပေးပို့ထားပြီဟု သိရသည်။

မြန်မာအစိုးရဘက်ကလည်း ပြန်လည်လက်ခံရေး အတွက် စိစစ်မှုများ အမြန်လုပ်ဆောင်နေပြီး ပြန်လည်နေရာချထားရေးအစီအစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

သတင်းရင်းမြစ်များအရ ဖိအားများနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ လက် ခံမှုကို ပြန်လည်ရရှိရန် မွတ်ဆလင် ဒုက္ခသည်များ ပြန်လည်လက်ခံရေး ရှေ့ပြေးစီမံချက်ကို အမြန်ဆုံးအ ကောင်အထည်ဖော်ရန် လိုလားလျှက်ရှိသည်ဟု ဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဒုက္ခသည်များအတွက် လုံခြုံရေး၊ နေထိုင်လုပ်ကိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအခြေအနေများ တိုးတက်ကောင်းမွန်လာပြီဖြစ်ရာ နှစ်နိုင်ငံစလုံးက ပြန်လည်လက်ခံရေးအစီအစဉ်ကို စတင်ဆောင်ရွက်လာကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံထားရပြီး ၄င်းတို့ကို ပြန်လည်လက်ခံရန် နိုင်ငံတကာက မြန်မာအစိုးရအား ဖိအားပေးရေး တိုက်တွန်းတောင်းဆိုလျှက် ရှိခဲ့သည်။

အခြေအနေကို မျက်မြင်အကဲခတ်ကြည့်ရှုနိုင်ရန် မြန်မာအစိုးရသည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နှင့် အာဆီယံ ရှစ်နိုင်ငံမှ ကိုယ်စားလှယ်များကို ရခိုင်ပြည်နယ်သို့ ခေါ်ဆောင်ပြီး ပြသခဲ့သည်။

သွားရောက်ကြည့်ရှုခဲ့သည့်နေရာများတွင် ငါးခူရ ဒုက္ခသည်လက်ခံရေးစခန်းနှင့် အနီးရှိရွာတစ်ရွာ၊ စစ်တွေနှင့် ကျောက်ဖြူ ဒေသရှိ နေရပ်စွန့်ခွါဒုက္ခသည်စခန်းနှစ်ခု တို့ပါဝင်သည်။

လေ့လာရေးအဖွဲ့၏ သုံးသပ်ချက်အရ ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေတည်ငြိမ်မှုရှိလာပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရန် အခြေအနေကောင်းများ ရှိနေသည်ဟုဆိုသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရသည့် မွတ်ဆလင်ဒုက္ခသည်အရေအတွက်မှာ အလွန်များပြားသည့် အတွက် ကနဦးအဆင့်အနေဖြင့် အရေအတွက်အနည်းငယ်ကိုသာ စတင်လက်ခံရန် အားလုံးက သဘောတူခဲ့ကြသည်။

ရှေ့ပြေးစမ်းသပ် လက်ခံရေးစီမံချက် ၏ အားသာချက် အားနည်းချက်များကို လေ့လာပြီး အောင်မြင်မှု ရှိမှသာ ဒုက္ခသည်အမြောက်အများကို ပြန်လည်လက်ခံရန် သဘောတူခဲ့ကြသည်။

မကြာမီလများအတွင်း မုတ်သုန်ရာသီစတင်တော့မည်ဖြစ်ရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက မိုးမကျမီ စီမံချက်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြသည်။

ရှေ့ပြေးစီမံချက်အရ ပြန်လည်စေလွှတ်မည့် မွတ်ဆလင်ဒုက္ခသည်များစာရင်း စိစစ်ရေးကို အစောဆုံးပြီးအောင် လုပ်ဆောင်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရရှိသည့်သတင်းများက ဆိုသည်။

မွတ်ဆလင်ဒုက္ခသည်များကို မြန်မာဘက်ခြမ်း စခန်းနှစ်ခုတွင် လက်ခံသွားမည်ဖြစ်ပြီး စခန်းများဆောက်လုပ်ပြီးစီးပြီဟုသိရသည်။

ထိုစခန်းတွင် ၂၄ နာရီနေပြီးပါက ဒုက္ခသည်များကို ကြားစခန်းတစ်ခုသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုနေရာတွင် အခြားဒုက္ခသည်များစွာနှင့်အတူ နေထိုင်ရမည်။ ထိုစခန်းတွင် တစ်ပတ် သို့မဟုတ် တစ်လခန့် နေပြီးပါက ၄င်းတို့၏ နေအိမ်များဆီသို့ ပြန်ပို့ပေးမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများတစ်ဆင့်ချင်း လုပ်ဆောင်နေစဉ် မွတ်ဆလင်များ၏ လုံခြုံရေးအခြေအနေမှာ ယခင်ကထက် ပိုကောင်းလာနေသည်။ အလားတူ နေထိုင်လုပ်ကိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများလည်း ယခင်ကထက် ကောင်းမွန်လာနေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူအရာရှိတစ်ဦး၏ အဆိုအရ ယမန်နှစ်က မွတ်ဆလင်ကျောင်းသား ၂၀၀ ကို စစ်တွေတက္ကသိုလ်က ဝင်ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင်လည်း ပိုမိုလက်ခံခဲ့ကာ မွတ်ဆလင်ကျောင်းသားများ၏ ပညာသင်ကြားမှုအခြေအနေများ ပိုမိုကောင်းမွန်လာသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဖွံ့ဖြိုးလာခြင်း မရှိသေးသော်လည်း ယခုအခါ မွတ်ဆလင်များ ဆေးကုသခွင့် ရရှိနေပြီဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */