VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဒီဇင်ဘာ၊ 2020
ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေးလံတဲ့ Bhasan Char ကျွန်းပေါ်အဓမ္မ ရွှေ့ပြောင်းနေတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေနဲ့ ရပ်ဆိုင်းဖို့နဲ့ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ပြန်လည် ဖွင့်ပေးဖို့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
09 ဒီဇင်ဘာ၊ 2020
Bhasan Char ကျွန်းကို ပြောင်းရွှေ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen ဆီကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် Eliot Engel နဲ့ အထက် လွှတ်တော် အမတ် Edward Markey တို့က ဒီဇင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ဖို့နဲ့ ကျန်းမာရေးဝန် ဆောင်မှုပေးဖို့ ဆက်သွယ်ရေးလုပ်ငန်းတွေကို အသုံးပြုနိုင်ဖို့က အရေးကြီးကြောင်း၊ ဒါ ကြောင့် ဆက်သွယ်ရေးတွေ ပြန်လည် ဖွင့်ပေးဖို့ တိုက်တွန်းကြောင်း အမေရိကန် အမတ်တွေရဲ့ ပေးစာမှာ ပါရှိပါတယ်။
ဒါ့အပြင်၊ Bhasan Char ကျွန်းက လူနေထိုင်ဖို့ စိတ်ချ လုံခြုံကြောင်း ကုလသမဂ္ဂ အဖွဲ့တွေက အဆုံးအဖြတ် ပေးတဲ့အထိ ဒုက္ခသည် တွေကို အဲဒီ ကျွန်းကို အဓမ္မ ရွှေ့ပြောင်းနေတာတွေကို ရပ်ဆိုင်းထားဖို့ကိုလည်း အေ မရိကန် အမတ်တွေက တောင်းဆိုထားပါတယ်။
အဲဒီစာမှာ Eliot Engel နဲ့ Edward Markey တို့အပြင် တခြား ဒီမိုကရက် အမတ် ၂ ဦး ဖြစ်တဲ့ Ami Bera နဲ့ Andy Levin တို့ကလည်း ပါဝင် လက်မှတ်ရေးထိုး ထားပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာ ARSA လက်နက်ကိုင်တပ်တွေကို တုန့်ပြန်ရာက နယ်မြေရှင်းလင်း ရေး စီမံချက်တွေ လုပ်ဆောင်နေချိန်မှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ရတာ ပါ။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရက ဒုက္ခသည်တွေကို ပြန်လည် လက်ခံမယ်လို့ ပြောထားပေမဲ့လည်း အခုအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။
No comments:
Post a Comment