" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 31, 2020

ရခိုင်ပြည်က မွတ်စလင် ဒုက္ခသည်တွေရဲ့ မြေနေရာမှာ ကျူး ကျော်သူတွေကို ရှင်းလင်းမယ်လို့ အစိုးရပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
31 မေ၊ 2020

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကမ့်ပ်တခုအတွင်း ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ။ (နိုဝင်ဘာ ၁၀၊ ၂၀၁၂)
၂၀၁၂ ခုနှစ် ရခိုင်ပြည် ပဋိပက္ခတွေနောက်ပိုင်း အိုးအိမ်စွန့်ခဲ့ရသူတွေရဲ့ အခက်အခဲ၊ အစိုးရဘက်က လက်ရှိ ဘာတွေဖြေရှင်းပေးနေလဲ၊ ဒုက္ခသည်တွေမှာရော ဘယ်လိုစိန်ခေါ်မှု အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေ ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။                                                                                           
 
ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခ တွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခ သည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။

သူတို့ စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်မြေယာတွေပေါ်မှာ အခုအခါ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ ရှိ နေပြီး အဲဒီထဲကမှ စစ်တွေမြို့က ကမန်လူမျိုး ၆၇ စုပိုင်တဲ့ နေရာတွေမှာ ကျူးကျော်ဝင်ရောက်နေတာနဲ့ ပတ် သက်လို့ အစိုးရက ဘာတွေလုပ်နေတယ်ဆိုတာ မေလ ၃၀ ရက်၊ စနေနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ အတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ရှင်းလင်း ပြောဆိုသွားပါတယ်။

“ကမန်လူမျိုးတွေ ၆၇ စုပိုင်တဲ့နယ်မြေ မီးလောင်နယ်မြေပေါ့နော်၊ အဲ့မီးလောင်နယ်မြေမှာ ဥပဒေနဲ့အညီ ပြန်လည် နေရာချထားဖို့ဆိုပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကနေပြီးတော့ အကြီးအကဲတွေဆီကို တင်ပြထားတာ ရှိပါတယ်။ အဲ့တော့ ဥပဒေအရဆိုရင် မီးလောင်ပြင် ဖြစ်သွားပြီဆိုရင် အစိုးရကနေ စီမံခန့်ခွဲ ပိုင် ခွင့် ရှိပါတယ်။ ဒီမြေပေါ်မှာ ကျူးကျော်ဆောက်လုပ် အသုံးပြုမှုတွေ မရှိဖို့ ရခိုင်ပြည်နယ်အစိုးရကိုလည်း ညွှန်ကြားထားပါတယ်။ အခုအချိန်မှာ လူနေအိမ်စုစုပေါင်း ၁၂၅၅ လုံးနဲ့ ဈေးဆိုင်တန်း ၇၄ ခန်း ကျူးကျော် ထားတယ်လို့ သိရ တော့ ဒီအပေါ်မှာ အုပ်ချုပ်ရေးမှူးက ကြေညာချက် နို့တစ်ထုတ်ထားတယ်။

“အဲ့တော့ ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့ ပြည်ထောင်စုက ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ကျူးကျော်တွေ ကို ဘယ်လို စီမံဆောင်ရွက်မလဲ ဆိုတာကိုလည်း ရခိုင်ပြည်နယ် အစိုးရကို ပြန်လည်တင်ပြဖို့ ညွှန်ကြားထား ပါတယ်။ အဓိကကတော့ သူတို့မပိုင်တဲ့ ဒီနယ်မြေကနေ ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။

ဒီကျူးကျော်တွေဟာ တကယ် နေစရာမရှိတာလား၊ နေစရာရှိလျက်နဲ့ ကမန်လူမျိုးတွေ မရှိတော့တဲ့အချိန်မှာအ ပိုင် စီးလိုတဲ့စိတ်နဲ့ ဝင်လုပ်တာလား၊ အဲ့တော့ နေစရာမရှိတဲ့ ကျူးကျော်တွေဆိုရင် တမျိုးဆောင်ရွက်ပေး မယ်။ နေစရာရှိလျက်နဲ့ အတင်းအဓမ္မ ဝင်လုပ်တဲ့အဖွဲ့တွေ ဆိုရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ရှိပါ တယ်။ ဒီအစီအမံတွေကို အသေးစိတ် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရကို တင်ပြထားတာ ရှိပါတယ်။”

SEE ALSO:
စစ်တွေက မွတ်ဆလင်ရပ်ကွက် ကျူးကျော်တွေ ဖယ်ရှားဖို့အမိန့် ပြန်ရုပ်သိမ်း


ကမန်လူမျိုးတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေကို ကမန်အမျိုးသားတိုးတက်ရေး ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ငွေက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ကျနော်တို့ ကမန်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေနေရာတွေနဲ့ ပတ်သက်လို့ ပြန်လည်တောင်းဆိုထား တာပဲ ရှိပါသေးတယ်။ ဒီမှာ ပြန်လည်နေရာချထားပေးဖို့တို့ ဘာတို့ ညာတို့ အစီအစဉ်တွေ မေးမြန်းတာ၊ ခေါ် ယူဆွေးနွေးတာတွေ၊ စစ်တွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် အနေအထားမှာတော့ မတွေ့ရသေး ဘူး။ ကျနော်တို့ဆီကနေ ပျက်စီးသွားတဲ့ စာရင်းဇယားတွေ တောင်းခံထားတာတော့ ရှိပါတယ်။ ကျနော်တို့ အကုန်လုံး စစ်တွဘက် က ဆိုက်ကလည်း တင်ပြထားပြီးပါပြီ။ ကျနော်တို့ရဲ့ မူလနေရာမှာပဲ နေခဲ့တဲ့ မြေနေရာတွေကို ပြန်လည်တောင်းဆိုထားတာပါ။

“အလားတူ စစ်တွေမှာ တောင်းဆိုထားသလို ရမ်းဗြဲမှာလည်းပဲ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ဆုံးရှုံးခဲ့တာ ရှိပါတယ်။ မူလနေရာတွေမှာ ပြန်လည်တည်ဆောက်ခွင့်ကို ကန့်ကွက်တဲ့အတွက် ကျနော်တို့တွေ ပြန် ဆောက်ခွင့်လည်း မရရှိခဲ့ပါဘူး။ ဒီနေရာမှာ လူကယ်ပြန်ဝန်ကြီးကလည်း ဆောက်ပေးမယ် ပြောထားပြီးပေ မယ့် ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ပြန်လည်တည်ဆောက်ခွင့် မရခဲ့တာပါ။ မြေယာပိုင်ဆိုင်ခွင့်ရှိတယ်၊ နှစ်ပေါင်းရာချီနေခဲ့တဲ့ ကိုယ့်ဘိုးဘွားပိုင်မြေတွေမို့လို့ မူလနေရာတွေကိုပဲ ကျနော်တို့က ပြန်လည်တောင်းဆို ခဲ့တာပါ။ ဒီမြေယာတွေ ပြန်လည်ရရှိအောင် ကျနော်တို့က ထပ်ပြီး ကြိုးစားသွားပါမယ်။ စစ်တွေဆိုလည်း မူလနေရာတွေမှာပဲ ကျနော်တို့ ပြန်လိုချင်တာပါ။ ဒါကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရော ဝန်ကြီးဌာန တွေရော တောင်းဆိုထားတာတွေလည်း ရှိပါတယ်။"

SEE ALSO:
ရခိုင်စစ်ဘေးဒုက္ခသည်တွေ အကူအညီပေးရေး လွှတ်တော်အမတ်တွေ တိုက်တွန်း 

အိုးအိမ်စွန့် ထွက်ပြေးခဲ့ရသူတွေထဲက စစ်တွေမြို့ သက္ကယ်ပြင်စ ခန်း မှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအနေနဲ့ အစစအရာရာ အခက်အခဲ တွေ့နေရဆဲ ဖြစ်တဲ့အကြောင်း သက္ကယ်ပြင် ဒုက္ခသည်စခန်းနေ မွတ်စလင်ခေါင်းဆောင် ဦးကျော် လှ အောင်က ဗွီအိုအေကို ပြောပြပါတယ်။

"အခက်အခဲတွေက အများကြီးရှိပါတယ်။ ကျနော်တို့က အခု IDP စခန်းမှာ နေရတာလေ။ ၂၀၁၂ ကတည်း က ဒီကိုချပေးထားတာ၊ ၂၀၁၂ ကတည်းက ဒီမှာရောက်နေတာ၊ ဒီစခန်းမှာ ဘာမှမထူးဘူး။ ဒီမှာ ဒီအတိုင်းပဲ ဒုက္ခသည်စခန်းတွေ Shelter တွေမှာ နေရတယ်။ ၁၀ ပေပတ်လည် ၈ ခန်း အဆောင်တဆောင်မှာ ၈ ခန်း၊ အဲ့လိုအခန်းလေး တွေနဲ့ပဲ နေနေရတယ်။ အိမ်သာလည်းဝေးတယ်၊ ရေကလည်း လေးငါးရှစ်ယောက် တုံကင် ကို အကုန်တွဲသုံးရတယ်။ အခုထိ နေထိုင်မှု ဘာမှကို မထူးသေးဘူး။ ပြောင်းဖို့ ရွှေ့ဖို့ ဘာမှကို အစီအစဉ်မရှိ ဘူး။ ဘာမှကို လုပ်မပေးပါဘူး။ လမ်းတွေလည်း ဘာမှကိုမကောင်းဘူး။ ဒီလမ်းတွေဆို NGO ကားတွေ လည်း အများကြီး သွားလာနေတာ သူတို့လည်း ဘာမှ လုပ်လို့မရဘူး။ အခု မိုးတွင်းဆို အခက်အခဲတွေက အများကြီးကို ရှိပါတယ်။ ခေါင်မိုးတွေက အကုန်ပေါက်ပြဲ လေပြင်းတွေတိုက်ရင်လည်း အကုန်လန်ထွက်။ ကိုယ့်ဘာသာလုပ်ပဲ။ ကလေးတွေအ တွက်လည်း ကျောင်းမရှိဘူး၊ ကျောင်းဆရာလည်း မလာဘူး။ ကိုယ်ထူ ကိုယ်ထကျောင်းတွေ ဖွင့်ပြီးပဲ စာသင်နေရတာ။"

ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ လူနေမှုဘဝ ပြန်လည်ထူထောင် ရေးတွေကို အမျိုးသားအဆင့် ရှေ့ပြေးစီမံချက်တွေနဲ့ ဆောင်ရွက်နေဆဲ အခြေအနေ၊ စိန်ခေါ်မှု အခက်အ ခဲတွေကိုလည်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

"ကျနော်တို့ ကျန်တဲ့ ကမ့်ပ်တွေပေါ့နော်၊ ၂၀၁၂ ကတည်းကဆို အများကြီးရှိတယ်။ စစ်တွေမြို့ပေါ်မှာဆို အားလုံးပေါင်း ၁၀ ခုကျော်လောက်ရှိတယ်။ ၁၂ ခု၊ ၁၃ ခုလောက် ရှိပါတယ်။ အဲ့ဒီ့ကမ့်ပ်တွေကို ပြန်လည် နေရာချထားဖို့ဆိုရင် တော်တော်လေးလည်း အချိန်ယူရမှာ ဖြစ်ပါတယ်။ အခုဆို ၂၀၂၀ ရောက်လာပြီ။ ၂၀၁၂ ပဋိပက္ခကတည်းကဆို အဲ့မှာ အတော်ကိုကြာနေပြီ။ အဲဒီက Community တွေနဲ့ တွေ့ပါတယ်။ တွေ့ပြီး သူတို့ပြောတာ ကျနော်တို့ နားထောင်ပါတယ်။ တချို့ ကလေးတွေမွေးထားတယ်၊ မွေးစာရင်းမရှိဘူး။ အဲ့က လေးတွေအတွက် မိုဘိုင်းလ် Team ကနေ လုပ်ခိုင်းထားတယ်။

“နောက် နိုင်ငံသားကိစ္စ လက်ဗွေတွေ ယူတာရှိတယ်။ သုံးခေါက်ချိုးရှိတဲ့သူတွေ ရှိတယ်။ အဲ့ဒါတွေကို မိုဘိုင်းလ် Team နဲ့လုပ်တယ်။ အချိန်တိုတိုအတွင်းမှာ တော်တော်လေး အောင်မြင်နေတဲ့ အချိန်မှာပဲ အခုလို COVID-19 ဖြစ်လာတော့ ကျနော်တို့ ရပ်လိုက်ရတာ။ COVID-19 နည်းနည်းလေး ဖြေလျော့သွားတဲ့အချိန် စစ်တွေမှာတော့ တော်တော်လေး နှံ့သွားပြီ။ ပြီးရင် ကျနော်တို့ ကျန်တဲ့ဒေသတွေမှာ ဆက်လုပ်မှာဖြစ်ပါ တယ်။ သူတို့ မူလနေရာတွေ ပြန်ရရင်တော့ အကောင်းဆုံးပေါ့။ သို့သော် လက်တွေ့ မြေပြင်အနေအထားက တော်တော်လေး ခက်ခဲပါတယ်။ အဲဒီတုန်းက ဖြစ်ခဲ့သူတွေ သိပါတယ်။ ဒီကြားမှာ သူတို့ နေလို့ကိုမရဘူး၊ နေလည်းမနေရဲဘူး။ ဟိုဘက်ကလည်း အနေမခံဘူး၊ ပြန်အလာမခံဘူးပေါ့နော်။ ဒါကြောင့် လက်တွေ့မှာ တော့ ကျနော်တို့ အတော်လေးကို ခက်ခဲတဲ့အနေအထား ဖြစ်ပါတယ်။"

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ ထဲ မှာတော့ IDP တွေကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ ပြောင်း ပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ် သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လို တဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */