20 ဖေဖော်ဝါရီ 2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်ဦးညီပုတို့ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ လောလောဆယ် မသိရေ သးဘူးလို့ ရက္ခိုင့်တပ်တော် အေအေက ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
"သူတို့ အပစ်ခံရတယ်ဆိုတဲ့နေရာကလည်း ဒီရက်ပိုင်းတွေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာ စစ်တပ် က နေ့စဉ် ဟယ်လီကော်ပတာတွေ ဂျက်လေယာဉ်တွေနဲ့ လာပြီးတော့ ပစ်ခတ် တိုက်ခိုက်နေ တဲ့နေရာတွေဖြစ်တယ်။ အဲဒီမှာ သူတို့(ဝန်ကြီးနဲ့ဝန်ကြီးချုပ်) သွားလာတဲ့အချိန်မှာ အောက်ကနေ ပစ်ခတ်မှု ရှိမရှိ ဆိုတာတော့ လောလောဆယ်တော့ ကျွန်တော်မသိသေးပါဘူး" လို့ သူက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်း ကပြောပါတယ်။
ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ ဝန်ကြီးချုပ် ဦးညီပုတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ ခမွီးချောင်းကျေးရွာက လက်နက်ကြီးထိတဲ့ ကျောင်းသားတွေကို သွားရောက်တွေ့ဆုံပြီး ရဟတ်ယာဉ်နဲ့ အပြန် မနေ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားအရောက် သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ် လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတယ်လို့ တပ်မတော်က ပြောပါတယ်။
ဒီပစ်ခတ်မှုကို ရက္ခိုင့်တပ်မတော် အေအေ က ပစ်ခတ်တာ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန် ပြန် ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးမှုစီမံကိန်း UEHRD ရဲ့ အကြံပေးဖြစ်တဲ့ ဦးတိုးအောင်ကလည်း ဘေးမသီရန်မခကြောင်း ခရီးစဉ်မှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ရဟတ်ယာဉ်ဓာတ်ပုံကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က တင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိ စပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာဆို အသွားအလာတွေ ပြတ်တောက်နေပြီး အဓိကက စားနပ်ရိက္ခာ အခက်အခဲတွေ အတော်လေး ကြုံတွေ့နေရပါတယ်။
စစ်ပွဲကြား ထိခိုက်ဒဏ်ရာရမှုတွေလည်း နေ့စဉ်တိုးလာနေပါတယ်။ အထူးသဖြင့် ဒီရက်ပိုင်း ဘူးသီးတောင် ခမွီးချောင်းက မူလတန်းကျောင်းပေါ် လက်နက်ကြီး ကျလို့ ကျောင်းသား ၂၀ ကျော်ဒဏ်ရာရတဲ့အပေါ် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်း အပါအဝင် ပြည်တွင်းပြည်ပရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေကြုံတွေ့ နေရပါ တယ်။
ဒီဖြစ်ရပ်မတိုင်ခင်ကလည်း ဘောလုံးကစားနေတဲ့ လူငယ်တွေအနီး လက်နက်ကြီး ကျရောက် ပေါက်ကွဲလာ လို့ ဆယ်တန်းကျောင်းသားတစ်ဦး ဘယ်ဘက်လက်ကောက်ဝတ်ကနေ ပြတ်သွားခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတိုင်းအပေါ် တပ်မတော်ရော အေအေပါ အပြန်အလှန်စွပ်စွဲထားပြီး ဘယ်သူကမှတော့ ဝန်ခံထားခြင်း မရှိသေးပါဘူး။
No comments:
Post a Comment