" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 16, 2019

မြန်မာနိုင်ငံသားတိုင်း တရားစွဲခံရခြင်း

TheVoice Weekly Journal
by
Nov 16, 2019
အေအမ်တီ ၊ မင်းမင်းစံ
မြန်မာနိုင်ငံသား တစ်ယောက်စီတိုင်းသည် ပြစ်မှုကျူးလွန် သည်ဖြစ် စေ၊ မကျူးလွန်သည်ဖြစ်စေ ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရုံးတွင် တရားစွဲခံလိုက်ရပြီဖြစ်သည်။

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပေါ်လာသည့် ဘင်္ဂါလီအရေးကြောင့် မြန်မာနိုင်ငံ ကို အစ္စလာမ္မစ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရုံး (International Court of Justice-ICJ) တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က တရားစွဲဆိုရန် ဦးတိုက်လျှောက်လိုက်ခြင်း ဖြစ်သည်။

ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အဖရိကတိုက် အနောက်ပိုင်းက နိုင်ငံငယ် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ခုနစ်ထောင်ကျော် ကွာဝေးသည့် ဂမ်ဘီယာက တရားလိုလုပ်ကာ ယင်းသို့ လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံကို ဦးတည်ပြီး တရားစွဲဆိုခြင်းဖြစ်သဖြင့် တစ်နည်းအားဖြင့် နိုင်ငံကိုအုပ်ချုပ်သည့် အစိုးရ၊  မောင်တော ဒေသ အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် တပ်မတော်တို့ကိုသာမက မြန်မာနိုင်ငံသားတိုင်းကိုပါ သက်ရောက်စေသည့် တရားစွဲဆိုမှု ဖြစ်သည်။

ယင်းမတိုင်ခင်ကပင် မြန်မာကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC-International Criminal Court) တွင်လည်း ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီး ယင်းအမှုကို တရားရုံးက လက်ခံ တရားစီရင်သင့်၊ မသင့် လုပ်ဆောင်နေဆဲကာလလည်း ဖြစ်သည်။ ဘင်္ဂါလီအရေးကြောင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် များကို ပစ်မှတ်ထားအရေးယူနေပြီး မြန်မာနိုင်ငံကိုလည်း အရေးယူပိတ်ဆို့ရန် ကုလသမဂ္ဂနှင့် အနောက်နိုင် ငံများက ကြိုးပမ်းနေကြသည်။ ယင်းကာလတွင် ICJ ကိစ္စ ထပ်ပေါ်လာပြန်သည်။

လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် ယင်းနှင့် ဆက်နွှယ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်ဟု ICJ တွင်တရား စွဲဆိုခံရခြင်းသည် မြန်မာနိုင်ငံသားအားလုံးကို သက်ရောက်လာမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေရေးရာကျွမ်း ကျင်သူ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောဆိုသည်။

“ဘာကြောင့် စွပ်စွဲခံရလဲဆိုတာကို မြန်မာနိုင်ငံသားဖြစ်သူတိုင်း စဉ်းစားရမယ့် အချိန်တန်ပြီ” ဟု ၎င်းက ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျူ၏ ဒါရိုက်တာလည်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပြဿနာ တစ်စုံတစ်ရာမရှိသည့်အပြင် ဘင်္ဂါလီအရေးကိစ္စတွင်လည်း တိုက်ရိုက်ပတ်သက် ခြင်း မရှိသည့် ဂမ်ဘီယာနိုင်ငံက မြန်မာကို မည့်သည်အကြောင်းအရင်းကြောင့် တရားစွဲခြင်း ဖြစ်သနည်း။ ယင်းတရား စွဲဆိုမှုမှာ မြန်မာအပေါ် မည်သို့ ရိုက်ခတ်လာနိုင်မည်နည်း။

ICJ သို့ ရောက်ခြင်း

ကမ္ဘာ့တရားရုံးဟုခေါ်ကြသည့် ICJ သည် ကုလသမဂ္ဂအဖွဲ့ဝင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြားဖြစ်ပွားသည့် အရေးကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက တရားစွဲဆိုလာလျှင် ဥပဒေကြောင်းအရ စီရင် အဆုံးအဖြတ် ပေးရသည့် တရားရုံးဖြစ်သည်။ ICJ ကို ကုလသမဂ္ဂ၏ ပဋိညာဉ်အရ ၁၉၄၅ ခုနှစ်တွင် တည်ထောင်ခြင်းဖြစ် ပြီး တရားရုံးကို နယ်သာလန်နိုင်ငံ The Hauge (သည်ဟိဂ်) မြို့တွင် ဖွင့်လှစ်ထားသည်။

မြန်မာသည် ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးပဋိညာဉ်စာချုပ်ကို ချိုးဖောက်ခဲ့သည်ဟုဆို ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဂမ်ဘီယာက OIC အဖွဲ့ကိုယ်စား တရားစွဲဆိုသည်။ အဆိုပါ ပဋိ ညာဉ်ကိုမြန် မာ နိုင်ငံက ၁၉၅၆ခုနှစ်တွင် လက်မှတ်ရေးထိုးထားပြီး ဂမ်ဘီယာကလည်း ရေးထိုးထားသည်။ မြန်မာက လက် မှတ်ရေးထိုးထားသည့် ပဋိညာဉ်ကို ချိုးဖောက်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။

ဖြေရှင်းရန် လိုအပ်လား
 

ICC ၌ အမှုဖွင့် စွပ်စွဲခံရရာတွင် မြန်မာသည် အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် ICC ၏ တရားစီရင်ရေးကို လက်မခံ ကြောင်း အစဉ်တစိုက်ငြင်းဆန်ပယ်ချထားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ခြင်း၊ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းတို့ကြောင့် ICJ တွင် ရင်ဆိုင်ရမည့် သဘောရှိနေသည်။

နိုင်ငံတကာတရားရုံး ICJ က စွပ်စွဲချက်များကို ချေပချက်များ တင်သွင်းရန် ဖိတ်ခေါ်လျှင် မြန်မာနိုင်ငံအနေနှင့် တုံ့ပြန်ဖြေရှင်းသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ရခိုင်အရေးအပါအဝင် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် ဦးရဲထွန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို တုံ့ပြန်ချေပလေ့ရှိသည့်အတိုင်းပင် လူမျိုးတုန်းသတ်ဖြတ်မှုကိုမကျူး လွန်ဟု ICJ သို့လည်း တင်ပြသင့်ကြောင်း၊ ပြဿနာ၏ လက်သည်အစစ်အမှန်မှာ အာဆာအကြမ်းဖက် အဖွဲ့သာဖြစ်သည်ကို သက်သေအထောက်အထားများဖြင့် တင်သွင်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

“အဲဒီလို လုပ်ရမယ် ထင်တယ်။ ရှောင်လွှဲနေလို့ မသင့်တော်ဘူး ထင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဖွဲ့ဝင်လည်းဖြစ်၊ အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးချမ်းအေးကမူ ICJ သည် ICC ကဲ့သို့ ငြင်းပယ် ရှောင်လွှဲ၍ မရနိုင်ကြောင်း ပြောဆိုသည်။

“မရပါဘူး။ အဲဒီအတွက် တရား ဥပဒေအရ ပြန်လည်ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ဖြစ်လာနိုင်ခြေ
 
ICJ တွင် တရားစွဲခံရခြင်းက မြန်မာနိုင်ငံကို မည်ကဲ့သို့ အရေးယူလာနိုင်သနည်း။

နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုခံလာသည့် စွပ်စွဲချက်များကို မြန်မာနိုင်ငံက ပြန်လည်ချေပနိုင်ရန် စနစ် တ ကျပြင်ဆင်ထားသင့်ပြီး ယင်းသို့ မလုပ်ဆောင်နိုင်လျှင် မြန်မာအပေါ် ဆိုးကျိုးသက်ရောက်မှု ကြီးမားမည် ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က သတိပေးသည်။ သက်ရောက်နိုင်ခြေရှိသည့် အချက်များကို လည်း အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။

ပထမအချက်မှာ OIC က ကြိုးပမ်းခြင်းဖြစ်သည် မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး နိုင်ငံတကာ ပဋိ ညာဉ်စာချုပ်ကို ချိုးဖောက်ကြောင်း တရားရုံးတော်က အဆုံးအဖြတ်ပေးရန် ဖြစ်သည်။ ယင်းသို့ ဆုံးဖြတ်လျှင် မြန်မာသည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည့်နိုင်ငံဟု နိုင်ငံတကာတွင် အမည်ဆိုးဖြင့် လက်ညှိုး ထိုအပြစ် တင်ခံရမည်ဖြစ်သည်။

ဒုတိယအချက်မှာ နိုင်ငံတကာ အဖွဲ့အစည်းများ လွတ်လပ်စွာ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့်ရရှိရန် တောင်းဆို လာမည် ဖြစ်သည်။ တတိယအချက်မှာ လူမျိုးတုံးသတ်ဖြတ်မှုတားမြစ်ရေး ပဋိညာဉ်နှင့်အညီ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ပြန်ဆင်ရန်လည်း တောင်းဆိုလာနိုင်သည်။

နောက်တစ်ချက်မှာ အဆိုပါပဋိညာဉ်ကို ချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် ပုဂ္ဂိုလ်များကို မြန်မာနိုင်ငံတွင်ဖြစ် စေ၊ နိုင်ငံတကာတရားရုံးတွင်ဖြစ်စေ တရားစီရင် အပြစ်ပေးရန်လည်း လုပ်ဆောင်လာနိုင်ပြီး ရာဇဝတ်မှုတွင် ထိခိုက်နစ်နာသူများကိုလည်း လျော်ကြေးပေးရန် တောင်းဆိုလာနိုင်သည်။

နောက်ဆုံးတစ်ချက်မှာ ပြဿနာ၏ အရင်းအမြစ်တစ်ခုဖြစ်သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို နိုင်ငံ တကာစံနှုန်းများနှင့်အညီ ပြင်ဆင်ရန်အထိ တောင်းဆိုလာပြီး ဘင်္ဂါလီများကို မြန်မာနိုင်ငံသားဖြစ်ခွင့် သို့မဟုတ် တိုင်းရင်းသားဖြစ်ခွင့်နှင့် နယ်မြေတစ်ခု သတ်မှတ်ပေးရန်အထိ တောင်းဆိုလာနိုင်ကြောင်း ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောဆိုသည်။

မြန်မာအပေါ် စွပ်စွဲမှုများကို ICJ မရောက်ခင်ကပင် မြန်မာနိုင်ငံက ငြင်းဆိုထားသဖြင့် စွပ်စွဲတရားစွဲဆိုသူများ ၏ အထောက်အထားများကို တရားရုံးက ဦးစွာစစ်ဆေးမည်ဖြစ်ကြောင်း၊ သို့သော် ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးအဖွဲ့များ၏ အစီရင်ခံစားများအပေါ် ကောက်ယူဆုံးဖြတ်လာနိုင်သဖြင့် မြန်မာအပေါ် တစ်စုံတစ်ရာ အမိန့်ချလာနိုင်ဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ယူဆသည်။

“ဒီဟာကို ချိုးဖောက်တဲ့အတွက် အရေးယူတာလုပ်နိုင်တယ်။ ဒီထက် တစ်ဆင့်တက်ပြီးတော့ လူမျိုးတုံး သတ် ဖြတ်မှုမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖမ်းဆီးပြီးတော့ ICC ပို့ပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုခုလည်း ချလာနိုင်တယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကို ရှုတ်ချခြင်း၊ စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ထုတ်ပယ်ခြင်း၊ ယင်းအပြင် ကုလသမဂ္ဂကို တင်ပြပြီး စာချုပ်ပါ ကတိကဝတ်ချိုးဖောက်မှုဖြင့် အပစ်ပေးအရေးယူခြင်း၊ ယင်းမှတစ်ဆင့် ထပ်ဆင့်အပြစ်ပေး အရေး ယူ မှုများလည်း လုပ်လာနိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

မည်သို့ပင်ဆိုစေ ICJ ကသာ မြန်မာသည် စွပ်စွဲချက်များကို ကျူးလွန်သဖြင့် တာဝန်ရှိသည်ဟု ဆုံးဖြတ်လာ လျှင် မြန်မာနိုင်ငံများသားများသည်လည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ၊ မျက်ကွယ်ပြုသူများဟု တံဆိပ်ကပ်ခံရနိုင်ကြောင်း ထောက်ပြသူများရှိသည်။

“နိုင်ငံသားတွေက နိုင်ငံပြင်ပ ထွက်ရင် တချို့နိုင်ငံတွေက ဗီဇာငြင်းပယ်တာတို့၊ အထင်အမြင်သေးစွာ ဆက် ဆံခံရတာတို့ အဲဒါမျိုးတွေ ရှိနေမှာပဲလေ။ အခုလည်း တော်တော်များများ အထင်သေးခံနေရတယ်လို့ ကြား သိနေရ တယ်လေ” ဟု ဦးရဲထွန်းက ပြောဆိုသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ မြန်မာနိုင်ငံကို စွပ်စွဲတရားစွဲဆိုသူများသည် အဖွဲ့အ စည်း အင်အား၊ ဓနအင်အားများ တောင့်တင်းသဖြင့် ဖိအားပေးလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ခိုင်လုံ မှုမရှိသည့် အထောက်အထားများအပေါ် မူတည်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ ဘင်္ဂါလီများကို အလိုအလျောက် တိုင်းရင်းသားဖြစ်ရေးအတွက် အင်အား ကောင်းကောင်းနဲ့ ဆောင်ရွက်နေကြတာဖြစ်တယ်”

ယင်းတောင်းဆိုမှုသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်တောင်းဆိုခြင်းမျိုးဖြစ်နေပြီး တရားစွဲဆို ကာ ဖိအားပေးအရေးယူရန် ကြိုးပမ်းခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် အထိုက်အလျောက် ထိခိုက်မှုရှိလာနိုင်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“သို့သော် ဘယ်လိုထိခိုက်မှုမျိုးပဲ ရှိပါစေ။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို အလျှော့ပေးမှာ မဟုတ်ပါဘူး”


ဂမ်ဘီယာ တရားစွဲခြင်း


မောင်တောဒေသအရေးတွင် ထွက်ပြေးလာသည့် ဘင်္ဂါလီများကို လက်ခံထားရသည့် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာတို့အကြား အဓိကတိုက်ရိုက်ပတ်သက်သည့် နှစ်နိုင်ငံကြားဖြေရှင်းရမည့် ပြဿနာ ဖြစ်သည်။ သို့သော် ICJ တွင် တရားစွဲသူမှာ ဘင်္ဂလားဒေ့ရှ်မဟုတ်ဘဲ ဘင်္ဂါလီအရေးနှင့် တစ်စုံတစ်ရာတိုက်ရိုက် ပတ် သက်မှု မရှိသည့်အပြင် မြန်မာနိုင်ငံနှင့်လည်း သံတမန်ဆက်ဆံရေးတွင် အဖုအထစ်မရှိသည့် ဂမ်ဘီယာကဲ့ သို့ နိုင်ငံမျိုးက တရားစွဲခြင်းမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။

ICJ တွင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း တရားစွဲနိုင်သည်ဆိုသော်လည်း မြန်မာနှင့် ဂမ်ဘီယာကြားတွင် တရားစွဲ ရ သည်အထိ ပြဿနာ တစ်စုံတစ်ရာမရှိပေ။ သံတမန် အဆက်အဆံ ရှိသည်ဆိုသော်လည်း သံရုံးဖွင့်လှစ် ထားသည် ဆက်ဆံမှုမျိုးပင် မရှိသည့် ဂမ်ဘီယာက တရားစွဲလာခြင်း ဖြစ်သည်။

“သူတို့စွဲတဲ့ Genocid နဲ့ ဘာမှ မဆိုင်ဘူး။ သူ့နိုင်ငံသားတစ်ယောက်ကို မြန်မာက သတ်ဖူးတာလည်းမဟုတ် ဘူး။ ရိုက်ဖူးတာလည်း မဟုတ်ဘူး။ သားကြောဖြတ်ဖူးတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ နောက်ကွယ်မှာ OIC ၅၇ နိုင်ငံ ပါလာတယ်” ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောဆိုသည်။

OIC နိုင်ငံများထဲတွင် ဘင်္ဂလား ဒေ့ရှ်လည်းပါဝင်ပြီး ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် တိုက်ရိုက် ပတ် သက်နေသည့် ပြဿနာဖြစ်နေရာ OIC အဖွဲ့ဝင် နိုင်ငံတစ်ခုတွင် ကြုံနေရသည့် အရေးမှာ OIC တွင် လည်း တာ ဝန်ရှိသည်ဆိုသည့် ယူဆချက်ဖြင့် ယင်းသို့ ပါဝင်လာခြင်းဖြစ်သည်။

“တိုက်ရိုက်နစ်နာတဲ့ တိုင်းပြည် မဟုတ်ဘူး။ ဒါပေမဲ့ OIC ကိုယ်စား တရားစွဲတယ်ဆိုပြီးတော့ ဦးတိုက် လျှောက် ပြီးတော့ ICJ ကို တင်တာပေါ့။ အဲဒီတော့ အမှုတင်လိုက်တာကိုပဲ ဥပဒေကြောင်းအရ အငြင်းပွား ဖွယ်ရာတွေ တော်တော်များလာတယ်”

ဂမ်ဘီယာသည် ၂၀၁၇ ခုနှစ် စာရင်း အရဆိုလျှင် လူဦးရေ နှစ်သန်းကျော်ရှိပြီး အကျယ်အဝန်း စတုရန်းမိုင် လေးထောင်ကျော်ရှိကာ ဂျီဒီပီမှာလည်း အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော်သာရှိသည့် ဆင်းရဲနွမ်းပါး သည့် နိုင်ငံငယ်ဖြစ်သည်။ ယင်းနိုင်ငံတွင် မွတ်ဆလင်လူဦးရေ ၉၅ ရာခိုင်နှုန်းကျော် ရှိသည်။

ဂမ်ဘီယာသည် မြန်မာကို တရားစွဲဆိုရန် ဂမ်ဘီယာ၏ ရှေ့နေချုပ်လည်းဖြစ်၊ တရားရေးဝန်ကြီးလည်းဖြစ်သူ Abubacarr Marie Tambadou ကို တာဝန်ပေးထားသည်။ ၎င်းသည် ၁၉၉၄ခုနှစ် ရဝန်ဒါနိုင်ငံ လူမျိုးတုံးသတ် ဖြတ်မှုကိစ္စတွင်လည်း ICC တွင် ရှေ့နေအဖြစ်တာဝန်ယူခဲ့ပြီး ယင်းကာလက နိုင်ငံတကာဥပဒေလောက တွင် ထင်ရှားသူဖြစ်သည်။

“ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ သူတို့နိုင်ငံသားတွေ ဖြစ်တဲ့ ရိုဟင် ဂျာတွေအပေါ် ဆန့်ကျင်လုပ် ဆောင်ခဲ့တာတွေအတွက် တာဝန်ယူမှုရှိအောင် ဖြစ်ပါတယ်”ဟု ရှေ့နေချုပ်က ပြောဆိုသည်။

ရှေ့နေချုပ်သည် မြန်မာနိုင်ငံကို တရားစွဲဆိုရာတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်တွင် ရှိ သည့် နာမည်ကြီး ဥပဒေအကြံပေးအဖွဲ့ဖြစ်သည့် Foley Hoag LLP ကို ငှားရမ်းထားသည်။ နိုင်ငံတကာ တရား ရုံး (ICJ) တွင် တရားစီရင်ခြင်းမှာ ငါးနှစ်မှ နှစ်ပေါင်းဆယ်ချီကြာမြင့်တက်ပြီး ထို့ကြောင့် အမှုအတွက် အမေရိကန်ဒေါ်သန်းပေါင်းများစွာ ကုန်ကျနိုင်ကြောင်း၊ ဥပဒေအကြံပေးအဖွဲ့အတွက်ပင် ဒေါ်လာ သန်းနှင့်ချီ ကုန်ကျနိုင်ကြောင်း ထောက်ပြမှုများရှိသည်။

OIC အဖွဲ့က မထောက်ပံ့လျှင် ဂမ်ဘီယာအနေနှင့် နှစ်စဉ် ဒေါ်လာသန်းနှင့် ချီ အကုန်ကျခံကာ မြန်မာနိုင်ငံ ကို တရားစွဲဆိုရန် မဖြစ်နိုင်ပေ။ ယင်းသို့ အခြေအနေတွင် ဂမ်ဘီယာက မည်သည့်အကြောင်းအရင်းကြောင့် တရားစွဲရခြင်းဖြစ်သည်ကို ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“အကျိုးစီးပွားတွေ အများကြီး ရှိတယ်”
 
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း ဂမ်ဘီယာသည် မြန်မာကို တရားစွဲခြင်း အားဖြင့် ဆုံးရှုံးစရာမရှိဘဲ အကျိုးအမြတ်များသာရှိသည်ဟု မှတ်ချက်ပေးသည်။

ဘာသာတူသူများအပေါ် ရိုင်းပင်းပြီး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်စေနိုင်ပြီး နိုင်ငံရေးအရလည်း မ တရားသည့် ကိစ္စများ၊ လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံများကို ပြတ်ပြတ်သားသား ဆန့်ကျင်သည် ဆိုသည့် နိုင်ငံ ရေးဂုဏ်သိက္ခာ မြင့်တက်လာမည်ကိုလည်း မျှော်လင့်ပုံရကြောင်း ၎င်းက ယူဆသည်။

“OIC အဖွဲ့ဝင်တွေက လိုအပ်တဲ့ ငွေကြေးထောက်ပံမှာပေါ့။ ငွေလည်း ပေါနေတာကို။ ဂမ်ဘီယာကလည်း မြန်မာနဲ့ ဆက်ဆံရေးပျက်လို့ အကျိုးစီးပွား ဘာမှထိခိုက်နိုင်စရာ အကြောင်းမရှိဘူးဆိုတော့ သူ တာဝန်ယူ တာပေါ့” ဟု ဦးရဲထွန်းက သုံးသပ်သည်။

အသင့်ပြင်ရမည်

တရားလို ဂမ်ဘီယာက ရှေ့နေချုပ်ကို တာဝန်ပေးပြီး ကမ္ဘာကျော် ဥပဒေအကြံပေးအဖွဲ့ကိုလည်း ငှားရမ်း ထားပြီဖြစ်သည်။ ယင်းသို့ အခြေအနေတွင် မြန်မာက မည်သို့ တုံ့ပြန်မည်နည်း။

“မြန်မာဘက်မှာ လုပ်သင့်တဲ့ဟာက ငါတို့မှားမှားမှန်မှန် ငါတို့ကို ပြဿနာရှာနေတဲ့ လူရှိတယ်ဆိုရင် လူတစ် ယောက်ယောက်ပေါ့နော်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူတစ်ယောက်ယောက်ကို တာဝန်ပေးပြီး ပြန်လည် ချေပ ဖို့ လိုတယ်” ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ဆိုသည်။

ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် တုံ့ပြန်ရှင်းလင်း နေသူဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို တာဝန်ပေးရန် အကြံပြုသူ များ ရှိသည်။ သို့သော် သံအမတ်ကြီးတစ်ဦးတည်းနှင့် မလုံလောက်ဘဲ ဥပဒေရေးရာကျွမ်းကျင်သူများလည်း လိုသည်ဟု ထောက်ပြသူများလည်းရှိသည်။

ဦးဟောင်ဒိုဆွမ်းသည် သံတမန်လမ်းကြောင်းကသာ အဓိကဆောင်ရွက်နိုင်မည်ဖြစ်ရာ ဥပဒေလမ်းကြောင်း တွင် ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်သူများလိုအပ်ခြင်းဖြစ်သည်။

“သံတမန်စကားနဲ့ ဥပဒေစကား မတူဘူး။ ဥပဒေစကားက ICJ မှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို ပြန်ပြီး တော့ ချေပမယ့်ဟာ မြန်မာပြည်ဘက်က လုပ်မယ်လို့ ယူဆတယ်။ လုပ်ပြီးပြီလည်း ဖြစ်နိုင်ပါတယ်”

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက မြန်မာနိုင်ငံက ဥပဒေ ကြောင်းအရ တုံ့ပြန်ရန်ပြင်ဆင်နေကြောင်း ပြောဆိုသည်။

“အခုအချိန်မှာတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ဂမ်ဘီယာနိုင်ငံက ရှေ့နေချုပ်လည်း ဖြစ်၊ တရားရေးဝန်ကြီးလည်း ဖြစ်သူကို တာဝန်ပေးသည့်အပြင် အမေရိကန် က ဥပဒေအကြံပေးအဖွဲ့ကို ငှားရမ်းထားသဖြင့် မြန်မာဘက်မူ မည်သို့ပြင်ဆင်ထားသည်ကို မေးမြန်းရာ တွင်လည်း အောက်ပါအတိုင်း တိုတိုတုတ်တုတ် ပြန်လည် ဖြေကြားသည်။

“ကျွန်တော်တို့ဘက်ကလည်း လုပ်နေပါတယ်”

ICC မှ ICJ သို့
 
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် တရားစွဲဆိုအရေးယူရန် ကြိုးပမ်းနေချိန် နိုင်ငံတကာတရားရုံး (ICJ) တွင်ပါ တရားစွဲဆိုခြင်းမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်မည်နည်း။

ICJ သည် လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂပဋိညာဉ်များကို ဖောက်ဖျက်လျှင် ကုလသမဂ္ဂအဖွဲ့ဝင် အချင်းချင်း နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံကို တရားစွဲဆိုနိုင်သည့် နေရာဖြစ်သည်။ ICC ကမူ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းနှင့် နိုင်ငံတို့အား ICC ကို တည်ထောင်သည့် ရောမစာချုပ်အရ တရားစွဲဆိုနိုင်သည်။ လက်ရှိတွင် ICC တွင် ဘင်္ဂါလီအရေးတွင် တာဝန်ရှိသူများကို အရေးယူရန် ကြိုးပမ်းနေကြသည်။

မြန်မာသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အပြင် အဆိုပါခုံရုံး၏ တရားစီရင်မှုကို လက်မခံကြောင်း ငြင်း ပယ်ထားသဖြင့် မြန်မာအပေါ် အရေးယူရန် အခက်တွေ့နေချိန် ICJ မှတစ်ဆင့်ပါ ဖိအားပေးအရေးယူရန် ထပ်ဆင့်ကြိုးပမ်းလာသည်ဟုလည်း ရှုမြင်သူများရှိသည်။

“ဖြစ်နိုင်သမျှ၊ ရနိုင်သမျှ လုပ်လို့ရတဲ့ နေရာတွေကနေ ဆောင်ရွက်တဲ့ သဘောလို့ ထင်တယ်” ဟု ဦးရဲထွန်း က မှတ်ချက်ပေးသည်။

ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာ ပိုမိုသိရှိလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ သည်လည်း ပုံရိပ်ဆိုးများ ပိုထွက်လာစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာက လူဆိုးနိုင်ငံတစ်ခုအနေနဲ့ ပိုပြီးတော့ ပုံပေါ်လာတဲ့အခါကျတော့ ဘင်္ဂါလီတွေကို တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးဖို့ဆိုတဲ့ နိုင်ငံရေးလေထု ပိုပြီးတော့ အားကောင်းလာမှာပေါ့။ ဒါတွေက သူတို့ ဖြည်း ဖြည်းချင်း တိုးချဲ့ပြီး လုပ်လာမှာပဲ”

မည်သူကို တရားစွဲသနည်း

ICC တွင် တရားစွဲဆိုရာတွင် မောင်တောဒေသအဖြစ်အပျက်တွင် တာဝန်ရှိသည့် တပ်မတော်ခေါင်းဆောင် များကို ပစ်မှတ်ထားရလုပ်ဆောင်ခြင်းဖြစ်သည်။ ယခု ICJ တွင်မူ နိုင်ငံကို ဦးတည်ကာ တရားစွဲခြင်းဖြစ် သည်။ ထို့ကြောင့် တစ်နည်းအားဖြင့် နိုင်ငံသားအားလုံး အကျုံးဝင်နေသည့် သဘော ဖြစ်သည်။

“အဓိကအရေးကြီးတာက ဂမ်ဘီယာက သမ္မတဦးဝင်းမြင့်ကို တရားစွဲတာ မဟုတ်ဘူး။ နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားစွဲတာ မဟုတ်ဘူး။ မြန်မာနိုင်ငံကို တရားစွဲတာ။ မြန်မာနိုင်ငံသား အားလုံးကို တရားစွဲတာ” ဟု ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်က ဆိုသည်။

ထို့ကြောင့် တစ်နိုင်ငံလုံးက ဝိဝါဒ မကွဲဘဲ ညီညီညွတ်ညွတ် တုံ့ပြန်ရမည်အချိန်ရောက်နေပြီဖြစ်ကြောင်း ၎င်း က သတိပေးသည်။

ဘင်္ဂါလီအရေးကြောင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့၏ ဖိအားပေးအရေးယူမှုများ မြင့် တက်နေချိန် နိုင်ငံတကာတရားရုံးတွင်ပါ တရားစွဲဆိုခံရခြင်းဖြစ်သည်။ ယင်းတရားစွဲဆိုမှုမှာ မြန်မာအပေါ် မည်သို့ ရိုက်ခတ်လာမည်၊ မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ကိုမှု စောင့်ကြည့်ရဦးမည် ဖြစ်သည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်မှာ တရားစွဲဆိုသည့် ပုဂ္ဂိုလ်များ၏ အကြောင်းပြချက် သက်သက်သာဖြစ်သည်ဟု ပြောဆိုပြီး တရားစွဲသူများ၏ အန္တိမရည်မှန်းချက်ကိုလည်း အောက်ပါအတိုင်း ပြောဆိုသည်။

“အဓိကတော့ ဘင်္ဂါလီတွေကို အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို သူတို့ မဖြစ်မနေ တောင်းဆိုမှာပါ။ နယ်မြေရရှိရေး၊ နိုင်ငံတကာတပ်တွေ ထားရှိရေးဆိုတဲ့ ဘယ်လိုမှ လက်မခံနိုင်စရာ မရှိတဲ့ အချက်တွေကို တောင်းဆိုမှာပါ။ ဒါတွေကိုတော့ ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်ဘူး”
 
Link : Here

1 comment:

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */