" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 11, 2019

IIMM ကုလစုံစမ်းစစ်ဆေးရေးယန္တရား မြန်မာအစိုးရလက်မ ခံပယ်ချ

VOA
ဗွီအိုအေမြန်မာပိုင်း
11 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
 ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း
IIMM မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့ ရဲ့ လုပ်ငန်းစဉ်တွေဟာမြန်မာနိုင်ငံရဲ့ အချုပ် အခြာ အာဏာကို ဝင်ရောက်စွက်ဖက်နေတဲ့ အတွက် မြန်မာအစိုးရက လုံးဝလက်မခံတဲ့ အပြင် နိုင်ငံတကာခုံရုံးတရားစီရင်မှုကိုလည်း လက်သင့်ခံ မှာမဟုတ်ဘူးလို့ စက်တင်ဘာလ (၁၀)ရက်နေ့က ပြုလုပ်တဲ့ ဂျီနီဗာလူ့အခွင့် အရေးကောင်စီ ညီလာခံမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေရေး မြန်မာအနေနဲ့ IIMM နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း တိုက်တွန်းလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

စက်တင်ဘာလ ၉-၂၇ ရက်နေ့ထိ ကျင်းပနေတဲ့ ဂျီနီဗာ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အင်္ဂါနေ့က မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကနေ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့ ရဲ့ ပထမဆုံးတင်သွင်းတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာဘက်က ကန့်ကွက်ကြောင်း အခုလို ပြောသွားပါတယ်။

“IIMM စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဖွဲ့စည်းတာကို မြန်မာက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ FFM မစ်ရှင်းကို ပြောင်းလဲ ဆက်ခံတဲ့ အဖွဲ့ဖြစ်သလို၊ လူ့အခွင့်အရေး ကောင်စီက မြန်မာအပေါ် တ လျောက်လုံး ဖိအားပေး၊ ခွဲခြားဆက်ဆံ၊ ဝေဖန်ပြစ်တင်လာတဲ့ နောက်တဆင့် လုပ်ရပ်လည်း ဖြစ်ပါတယ်။”

စက်တင်ဘာလ (၉)ရက် တနင်္လာနေ့ က IIMM စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian က ကုလသမဂ္ဂက ပေးထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ ဆောင်ရွက်မယ့် သူတို့အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို ပထမဆုံးအ ကြိမ် အစီရင်ခံစာကို တင်သွင်းခဲ့တာပါ။ ဒါပေမယ့်မြန်မာအစိုးရဘက်ကယန္တရားအဖွဲ့ကိုလက်မခံရတဲ့ အကြောင်း ရင်းနဲ့ ပတ်သက်လို့ လည်း ဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။

“IIMM ကို ဖွဲ့စည်းတာဟာ လူ့အခွင့်အရေးကောင်စီရဲ့လုပ်ပိုင်ခွင့် အာဏာကို ကျော်လွန်နေတယ်လို့ ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်တိုင် ထောက်ပြခဲ့တာပါ။ ဒီ စုံစမ်းစစ်ဆေးမှုယန္တရား အဖွဲ့မှာ ပါတဲ့ လုပ်ငန်းစဉ်တွေဟာ နိုင်ငံရဲ့ အချုပ်အချာအာဏာကို စွက်ဖက်နေတဲ့အပြင် ဒီမိုကရေစီစနစ် ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ မြန်မာ နိုင်ငံကို စောင့်ကြည့်ဖို့ ဆိုပြီး ဒေါ်လာ ၂၆ သန်းကျော်သုံးစွဲမယ့် ဘတ်ဂျက်ငွေဟာ များလွန်ပြီး လုံးဝမလိုအပ်ပါဘူး။”

ဒါအပြင် လူ့အခွင့်အရေးကောင်စီမှာ ဘတ်ဂျက်ငွေလုံလောက်မှု မရှိတဲ့အချိန် အခုလို သုံးစွဲတာဟာ သတ်သတ်ဖြုန်းတီးရာ ရောက်တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ Nicholas Koumjian ရဲ့ တနင်္လာနေ့ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားချက်ထဲ မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူး လွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာတရားစီရင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီလို နိုင်ငံတကာခုံရုံးဖွဲ့ စစ်ဆေးတာမျိုး မြန်မာဘက်က လက်ခံမှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းက အခုလို တုန့်ပြန်သွားပါတယ်။

“ပြည်တွင်းမှာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ချက်အားလုံး လုပ်ဆောင်နိုင်သရွေ့ နိုင်ငံတကာ တရားစီရင်မှု ဒါမှမဟုတ် နိုင်ငံတကာ ခုံရုံး ရဲ့ ယန္တရား လုပ်ငန်းတွေ၊ စီရင်ကိုင်တွယ်ဖို့ ကြိုးစားချက်တွေ စတဲ့ ဘယ်အရာမျိုးမဆို မြန်မာအနေနဲ့ လုံး၀ လက်ခံမှာ မဟုတ်ပါဘူး။”

သက်ဆိုင်တဲ့ နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိပဲ လုပ်တဲ့ ဝင်ရောက်စွက်ဖက်တဲ့ ဒီယန္တရား အဖွဲ့ရဲ့ အပြုအမူဟာ အခြေအနေတွေကို ပိုပြီး ဆိုးရွားစေမှာဖြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာတွေကို ဘာမှဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါအပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်း FFM အဖွဲ့ကိုလည်း မြန်မာအစိုးရရော၊ ပြည်သူတွေသာမက လူမှုအဖွဲ့အစည်းအားလုံးကပါ လက်မခံ ကန့်ကွက်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

“FFM အဖွဲ့ကိုရော၊ သူရဲ့ အစီရင်ခံစာကိုပါ မြန်မာဘက်က လုံးဝဆန့်ကျင် ကန့်ကွက်ပါတယ်။ အားနည်းချက်တွေရှိနေသလို၊ ဘက်လိုက်မှုတွေရှိနေတဲ့အပြင် အဖွဲ့ရဲ့ မူရင်းဇစ်မြစ်ကလည်း နိုင်ငံရေးအရ တွန်းအားပေးမှုတွေ ပါနေတာပါ။”

FFM အစီရင်ခံစာဟာ တဖက်သက်စွပ်စွဲချက်တွေကိုပဲ ဗဟိုပြုရေးသား ထားတာဖြစ်ပြီးဆန့်ကျင်ဘက်အထောက် အထားတွေကို ပယ်ချထားကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။ အခုလို မြန်မာအစိုးရဘက်က ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုမရှိတာဟာ မြန်မာဘက်က ပြစ်မှုကျူးလွန်သူတွေကို အရေးယူပါမယ်ဆိုတဲ့ ပြောဆိုချက်ကို ပိုပြီးသံသယ ဖြစ်စေကြောင်း AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme ကဗွီအိုအေကို ပြောပါတယ်။

“တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှုကို မြန်မာအစိုးရဘက်က လိုလိုလားလား ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိဘူးဆိုတဲ့ သာဓကတခုဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါအပြင် အပြစ်ရှိသူတွေကို အရေးယူဖို့ ဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်တွေကိုလည်း လျော့ပါးစေပါတယ်။ မြန်မာအစိုးရအနေနဲ့ IIMM ယန္တရား အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတခုအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

IIMM အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာ တရားစီရင်ရေးအတွက် အလွန်အရေးကြီးကြောင်းလည်း Francisco Bencosme က အခုလိုပြောပါတယ်။

“IIMM အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြစ်မှုတွေကို ဘယ်သူတွေ ကျူး လွန်ခဲ့သလဲဆိုတာ FFM အဖွဲ့ကနေ ပြုစုထားတဲ့ အထောက်အထား အချက်အလက်တွေကို နောင်မှာဖြစ်လာမယ့် နိုင်ငံတကာတရားစီရင်မှုမှာ ဥပဒေနဲ့အညီ တရားစွဲဖို့ ဒီလို ယန္တရားအဖွဲ့ကနေပြီး အမှုကို စနစ်တကျ တည် ဆောက်မရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ် ကျူးလွန်သူတွေကို အရေးယူနိုင်ရေးနဲ့ တရားမျှတရေးအတွက် ယန္တရားအဖွဲ့ရဲ့ လုပ်ငန်းစဉ်ဟာ အထောက်အကူပေးမှာဖြစ်ပါတယ်။”

FFM မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို လာမယ့် စက်တင်ဘာလ (၁၆)ရက်နေ့မှာ လူ့အခွင့်အရေးကောင်စီညီလာခံကို တင်သွင်းမှာ ဖြစ်ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */