Monday, March 11, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ် သောင်းနှစ်ထောင်ကျော်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိလာပြီး တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၉ရက်နေ့ညက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မင်းပြား၊ ရသေ့တောင် နဲ့ ဘူးသီးတောင်မြို့နယ်တွေက ရဲစခန်း လေးခုဟာ တခြားရဲကင်းစခန်းတွေနဲ့ သွားရောက်ပူးပေါင်း တာတွေ ရှိလာပါတယ်။

မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်းမြို့နယ်တွေက ရဲစခန်း လေးခုဟာ သူတို့လုံခြုံရေး ယူပေးထားရတဲ့ ကျေးရွာတွေကနေ ရုပ်သိမ်းလိုက်တာကြောင့် ဒေသခံတွေက လုံခြုံရေးစိုးရိမ်နေကြပါ တယ်။

ရခိုင့်တပ်မတော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ မတ်လ ၇ရက်နေ့ကစပြီး ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့ နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ရဲကင်းစခန်းတွေ ပူးပေါင်းဖို့ သွားတဲ့ ရဲ တပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က ပစ်ခတ်တာတွေ ရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာရရှိပြီး ရေ စီးနဲ့ မျောပါပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

AA နဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်တွေ၊ ဒေသခံတွေ ပြောကြားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေကို RFAက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို အစိုးရဘက်က ကူညီထောက်ပံ့မှုတွေ အားနည်းနေတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါ တယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီး ဂုဏ်ကျွန်း၊ ခမောင်းဆိပ်၊ မော်ရွာ၊ လေညင်းတောင်၊ ဗြုတ်ချောင်း၊ ခူလှိုင်၊ ခြိပ်ချောင်း၊ ဆင်စွယ်ကျိုး စတဲ့ ကျေးရွာပေါင်း ၁၄ ရွာလောက်က ဒေသခံတွေ ထွက်ပြေးခိုလှုံနေကြ တာ ဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေကို ရွှေတောင်၊ လက်ကောက်ဈေး၊ ဘုရားပေါ်၊ ဝသဲ၊ အောက်သကန်၊ စေတီတောင်၊ စင်္ဘောကိုင်း အစရှိတဲ့ နေရာ ၁၄ ခုမှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး လတ်တလောနေရာ ချထားပေးတာဖြစ်ပါတယ်။

အိမ်ထောင်စု ၂၆ စုနဲ့ လူပေါင်း ၁၀၀ ကျော်ရှိနေတဲ့ ရွှေတောင်ကျောင်းတိုက်ကယ်ဆယ်ရေးစခန်းမှာ အစိုးရက အိမ် ထောင်စု ၁၃ စုအတွက်သာ ထောက်ပံ့တယ်လို့ ကယ်ဆယ်ရေးစခန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးမောင်က ပြောပါတယ်။

"စုစုပေါင်းအိမ်ထောင်စုက ၂၆ စုနဲ့ လူဦးရေ ၁၀၃ ဦးဖြစ်သွားပါပြီ။ လူကယ်ပြန်ကတော့ အိမ်ထောင်စု ၁၃ စုအ တွက်ကို ဆန်အိတ် ၂၁ အိတ်ပေးလာတယ်။ အဲဒီနေ့မှာပဲ လူတစ်ယောက်ကို တစ်နေ့ ဆန်နို့ဆီနှစ် ဘူးနှုန်းနဲ့ တွက်ပြီးတော့ တစ်လစာလို့ပြောခဲ့ပါတယ်"

လူပေါင်း ၁၇၀၀ ကျော်ခိုလှုံနေတဲ့ စင်္ဘောကိုင်းကျေးရွာမှာတော့ အချိန် တစ်ပတ်လောက်ကြာလာတဲ့အထိ အစိုးရအဖွဲ့က စားနပ်ရိက္ခာတစ်စုံတစ်ရာ ကူညီတာ မရှိဘူးလို့ သိရပါတယ်။

"ဒီနေ့အထိတော့ အစိုးရတာဝန်ရှိတဲ့လူတွေဘက်က ကူညီပေးတာ ဘာမှမရှိပါဘူး။ သူတို့ဘက်က သတင်း မေး တာတို့၊ လာကြည့်တာတို့ တစ်စုံတစ်ရာ စားနပ်ရိက္ခာဖြစ်ဖြစ်၊ တခြားဟာတွေဖြစ်ဖြစ် ထောက်ပံ့ပေးတာမျိုး ဘာမှမရှိပါဘူး။ ရှားရှားပါးပါး ကျန်းမာရေးဌာနကတော့ ဆေးခန်းလာထိုင်ပေး တယ်။ အဲဒါတစ်ခုပဲရှိတယ်၊ ကျန်တာတော့ မရှိပါဘူး"

စင်္ဘောကိုင်းကယ်ဆယ်ရေးစခန်းတာဝန်ခံ မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရ မိန့်ကြားခဲ့တာပါ။

လေးမြို့စား၊ ချောင်းသစ်၊ ချော်မေရွာ စတဲ့ ကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေမှာလည်း အစိုးရ တာ ဝန်ရှိသူတွေဘက်က ဒီနေ့အထိ စားနပ်ရိက္ခာအကူအညီပေးတာမရှိဘူးလို့ စခန်းခေါင်းဆောင်တွေက RFA ကိုပြောပါတယ်။

အဲဒီကယ်ဆယ်ရေးစခန်းတွေဟာ အလှူရှင်တွေရဲ့အကူအညီတွေနဲ့ စားဝတ်နေရေးပြဿနာကို ဖြေရှင်း နေကြ ရတယ်လို့လည်းပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံတွေဟာ AA ရက္ခိုင့်တပ်မတော်အပေါ် ထောက်ခံအားပေးမှု အများဆုံးရှိနေတာ တွေ့ရပါတယ်။

အစိုးရတာဝန်ရှိသူတွေဘက်က စစ်ဘေးဒုက္ခသည်တွေအပေါ် အကူအညီပေးမှုအားနည်းတာဟာ AA အပေါ်ထောက်ခံနေတာကြောင့်လားဆိုပြီး ဒေသခံတွေအကြားမှာ သံသယနဲ့ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။

ရခိုင်ပြည်နယ်မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ အမြန်ဆုံးပေးဖို့ အဆိုတစ်ရပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

လွှတ်တော်မှာ အတည်ပြုထားတဲ့ အဆိုအတိုင်း ရခိုင်ပြည်နယ်အစိုးရက လုပ်ဆောင်တာမတွေ့ရဘူးလို့ အဲဒီ အဆိုကို တင်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

"လက်ရှိအနေအထားမှာကတော့ အကူအညီပေးတာတော့ နည်းတယ်လို့ပြောရမှာပါ။ သူတို့အစိုးရ ဘက် ကိုလည်း ကျွန်တော်က လွှတ်တော်မှာအဆိုတင်ပြီးတော့ တိုက်တွန်းပြီးပြီ။ စာရင်းဇယားကောက် ယူပြီး တော့ အချိန်နဲ့ တပြေးညီပံ့ပိုးဖို့ လိုနေပါတယ်"

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်း ဆက်သွယ်
ရေး ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံရဲ့ ဖြေကြားချက်အရ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ အ တွက် ငွေကျပ် ၁၂၈ သန်းကျော်အထိ အစိုးရက အကူအညီတွေ ပေးထားတယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရဘက်က အကူအညီပေးနေတာနဲ့ပတ်သက်လို့ မြောက်ဦးခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်ကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ အခုလိုပြောပါတယ်။


"ကျွန်မ ထောက်ပံ့ဖို့လုပ်နေပါတယ်ရှင့်။ သန်ဘက်ခါလောက်ဖြစ်ပါမယ်ရှင့်။ ကျွန်မတို့ကပေါ့နော် မတ်လ ၇ ရက်နေ့အထိကို အိမ်ထောင်စု ၂၅၃ စုရယ်၊ လူဦးရေက ၁၀၂၇ ယောက် ထောက်ပံ့ပြီးပါပြီရှင့်"

စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိမှာ စားဝတ်နေရေးအတွက် အလှူရှင်တွေရဲ့ အကူအညီတွေကို အဓိက အားထားနေရတာဖြစ်ပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးဆွေးနွေးနိုင်ရေး အစိုးရက ကြိုးပမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် နဲ့ မဝေမာထွန်းတို့ ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */