Saturday, June 6, 2026

ပါတီဥက္ကဋ္ဌတာဝန် ၆၈ ရက် ထမ်းဆောင်ခဲ့သည့် NLD ပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး

 ပါတီဥက္ကဋ္ဌတာဝန် ၆၈ ရက် ထမ်းဆောင်ခဲ့သည့် NLD ပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီး

-----------------
စိုးမြင့်မိုး ( ဘူမိ)


၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ၏ ပထမဦးဆုံး သော ဥက္ကဋ္ဌကြီးမှာ ဦးအောင်ကြီး(ဗိုလ်မှူးချုပ် ဟောင်း) (အများခေါ်ဝေါ်ကြသည်မှာ ဗိုလ်ချုပ်အောင်ကြီး) ဖြစ်ပြီး ဒု-ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့် အထွေထွေ အတွင်း ရေးမှူး မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြသည်။ ဒီချုပ် ဟူ၍ လည်းကောင်း၊ အင်န်အယ်ဒီ (NLD) ဟူ၍ လည်းကောင်း အတိုကောက် ခေါ်ဝေါ်ကြသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲကော်မရှင်တွင် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်၌ မှတ်ပုံတင်ခဲ့သည်။


အဖွဲ့ချုပ် ဟူသော အမည်နှင့် လျော်ညီစွာ ဒီချုပ်သည် အောင်၊ စု၊ တင် ဟုအတိုကောက်ခေါ်သည့် အဖွဲ့အစည်း သုံးခု ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့အစည်းသုံးခုမှာ အငြိမ်းစား ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး (ငြိမ်း) (ခေါ်)ဦးအောင်ကြီး၏ အဖွဲ့အစည်း၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ဦးဆောင်သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့အစည်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကျောင်းသားလူငယ်၊ အတတ်ပညာရှင်၊ အသိပညာရှင်များ ပါသော အဖွဲ့အစည်းတို့ ဖြစ်ကြသည်။

စတင်ဖွဲ့စည်းစဉ် ဒီချုပ်တွင် ယင်းအဖွဲ့အစည်းသုံးခုမှ တဖွဲ့လျှင် ကိုယ်စားလှယ်လေးဦးစီဖြင့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ၁၂ ဦးနှင့် တဖွဲ့လျှင် ၁၀ ဦးစီ ပါသော နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ အဖွဲ့ဝင် ၃၀ တို့ ပေါင်းကာ စုစုပေါင်း ၄၂ ဦး ဖြင့် ဗဟိုဦးစီးအဖွဲ့ ဟူ၍ ဖွဲ့စည်းသည်။ ယင်း ဗဟိုဦးစီး ၄၂ ဦး ၏ မျက်နှာစုံညီ အစည်းအဝေးသည် ဒီချုပ်၏ အဆုံးအဖြတ်ကို ပေးနိုင်သည့် အစည်းအဝေးအဖြစ် သတ်မှတ်ထားရှိခဲ့သည်။ ထိုစဉ်က ဒီချုပ်၏လိပ်စာမှာ အမှတ်(၄၄) တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်သည်။

အထွေထွေ အတွင်းရေးမှူး ဒေါ် အောင်ဆန်းစုကြည်၏ ပထမဆုံး စည်းရုံးရေး ခရီးစဉ်မှာ ဖခင်၏ဇာတိ နတ်မောက်မြို့သို့ ဦးတည်၍ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ဆန်းမှ နိုဝင်ဘာလလယ်ထိ ၁၃ ရက်ကြာ သွားခဲ့သော အထက်မြန်မာပြည် ခရီးစဉ် ဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ဝင်များအား ပြည်နယ်နှင့် တိုင်း အသီးသီးသို့ စည်းရုံးရေး ခရီးအတွက် နှုတ် ဆက် သြဝါဒပေးပွဲကို အဖွဲ့ချုပ် (ဗဟို) ၌ ပြုလုပ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေးခရီးတွင် ကြုံတွေ့ရမည့်၊ သတိထားရမည့် အချက်များကို ရှင်းပြခဲ့ပြီး ကဗျာဆရာကြီး ''ရုဒ်ယတ်ကစ်ပလင်'' ၏ ''အကယ်၍'' ကဗျာကို ရွတ်ဖတ်ပြခဲ့သည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ထံ အရေးပေါ် သုံးသပ်ချက်တစောင် ရေးပို့ခဲ့သည်။ ယင်းစာ၏ အတို ချုပ်မှာ ''အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကွန်မြူနစ်နှင့် ကွန်မြူ နစ် လိုလားသူများ အုပ်စုကြီးထွားလာသည်။ ဒီချုပ် အောက်ခြေတွင် မြေပေါ်မြေအောက် (အိုဂျီ၊ ယူဂျီ) များ ပေါ် ပေါက်လာသည်။ လှုပ်ရှားမှုများ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အိုဂျီ၊ ယူဂျီနှင့် ကွန်မြူနစ် လှုပ်ရှားမှုများကို အကြောင်းပြု၍ ရွေးကောက်ပွဲ နီးချိန်တွင် ပါတီကို ဆိုင်ရာက ပယ်ဖျက်ခံရနိုင်သည်။ ထို့ကြောင့် ''အောင်၊ စု၊ တင်'' အဖွဲ့တွင်းမှ ကွန်မြူနစ်များနှင့် ကွန်မြူနစ် လိုလားသူများ ဟု ယူဆရသူများအား အနားယူခိုင်းရန်'' ဟု ဖော်ပြထားသည်။


ဦးအောင်ကြီးက ကွန်မြူနစ် (သို့ မဟုတ်) ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်၏ (တတ်သိပညာရှင်များ) အစုအဖွဲ့မှ ရှစ်ဦး ပါဝင်သည်။ ၎င်းတို့မှာ -


၁။ နိုင်ငံရေး အတွေးအမြင်အတွက် ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခံတတ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊
၂။ ရန်ကုန် ရှေ့နေချုပ်အသင်း ၏ အလုပ်အမှုဆောင်တဦးဖြစ်သူ ဗဟို တရားရုံးချုပ် ရှေ့နေဦးထွန်းတင် (မကြာသေးခင်က ပြုလုပ်ခဲ့သော စင်ကာပူရောက် မြန်မာများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို ဦးဆောင်စီစဉ်သူ မြန်မာကလပ်၏ ဥက္ကဋ္ဌ ဒေါက်တာ မြတ်မော်ထွန်း၏ဖခင်)၊
၃။ ၁၉၇၉ ခုနှစ်တွင် အမျိုးသမီးရှေ့နေများထဲမှ ရှားရှားပါးပါး နိုတြီပဗ္ဗလစ် (Notary Public) အဖြစ် ခန့်အပ်ခံရသူ ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊
၄။ မောင်စူးစမ်း ကလောင်အမည်ဖြင့် နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးများ ရေးသားသူ ဦးချမ်းအေး၊
၅။ မောင်သစ် ကလောင် အမည်ဖြင့် သရော်စာ အရေးကောင်းသူ စာရေးဆရာနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးကိုယု (စာရေးဆရာမ မမြတ်လေး (ဒေါ် သိန်းဆိုင်)၏ မောင်၊ ပထမအကြိမ် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၏ဦးလေး)၊
၆။စာရေးဆရာနှင့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးတင်ရွှေ (မုံရွာ)၊
၇။ လူငယ်များက ဘကြီးမိုးလို့ခေါ်သည့် ဘာသာပြန်အရေးကောင်းသော စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူ၊
၈။ ဒါရိုက်တာ စံရွှေမောင် ခေါ် ၁၉၇၄ ခုနှစ်တွင် ''နော်ကူးမ'' ဇာတ်ကားဖြင့် အမျိုးသား ဇာတ်ပို့ဆုရ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးအောင်လွင်တို့ ဖြစ်ကြသည်။

ကွန်မြူနစ်နှင့် ကွန်မြူနစ် လိုလားသူများကိစ္စကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)တည်ရှိရာ အမှတ်(၄၄) တက္ကသိုလ်ရိပ်သာလမ်း ဗဟန်းမြို့နယ်၌ ဗဟိုဦးစီး ၄၂ ဦး၏ မျက်နှာစုံညီအစည်း အဝေး ကျင်းပ၍ တင်သွင်း မဲခွဲခဲ့သည်။ နိုင်သူက ဒီချုပ်ကို ဆက်လက် ဦးဆောင်ရန်၊ ရှုံးသူက ဒီချုပ်မှ နုတ်ထွက်သွားရန်ကို အားလုံး သဘောတူခဲ့ ကြသည်။ မဲခွဲ ဆုံးဖြတ်သောအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်က ၂၉ မဲနှင့် ဦးအောင်ကြီးဘက်မှ ၁၃ မဲသာ ရပြီး ရှုံးနိမ့်သွားခဲ့ရသည်။ ဦးအောင်ကြီးသည် မိမိဘက်မှ အပိုင် ၁၄ ဦး ရှိပါလျက် ၁၃ မဲသာ ရ၍ ပျောက်သွားသည့် ၁ မဲ၏ လက်သည်ကိုရှာရာ မိမိနှင့် အလွန်ရင်းနှီးသော မိတ်ဆွေ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်ကို သွားတွေ့သည်။ ဦးကြည်မောင်က ''ဗိုလ်အောင်ကြီး ဒီလို အကျပ်အတည်းကာလမှာ ခင်ဗျားဟာ အပြစ်မရှိ အပြစ်ရှာပြီး ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးတခုလုံးကို ဖြိုခွဲဖို့ ကြိုးစားတဲ့အတွက် ခင်ဗျားနှင့် ကျွန်တော် လမ်းခွဲပြီး မှန်တဲ့ဘက်ကို မဲမေးခဲ့တယ်'' ဟု ပြောလာသည်ဟု ဆိုသည်။ (မှတ်ချက်။ ဦးကြည်မောင်သည် ဦးအောင်ကြီး၏ အစုအဖွဲ့ထဲတွင် အမာခံပုဂ္ဂိုလ်ဖြစ်သည်။ တပ်မတော်တွင် ဦးအောင်ကြီး ဒုတိယကာကွယ်ရေး ဦးစီး ချုပ်ဖြစ်စဉ်က ဦးကြည်မောင်သည် နေပြည်တော် စစ်ဌာနချုပ် (ယခု ရန်ကုန်တိုင်း စစ်ဌာနချုပ်)၏တိုင်းမှူး ဖြစ် သည်။)

ဦးအောင်ကြီး အစုအဖွဲ့သည် အဆို ပါ မဲပေးပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မူလ သဘောတူခဲ့သည့်အတိုင်း နုတ်ထွက်ခြင်း မပြုဘဲ ပါတီဆန့်ကျင်ရေးများ ဆက်လက် လုပ်ဆောင်နေသဖြင့် အလုပ်အမှုဆောင် အဖွဲ့မှ ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့ရသည်။ ထို့နောက် ဦးကြည်မောင်မှအပ 


၁။သခင်အောင်ကြီး(ပေါင်းတည်) အမည်ခံ ဦးအောင်ကြီး (ခေါ်) ဗိုလ်မှူးချုပ်အောင်ကြီး (ငြိမ်း)(ကြည်း-၅၄၅၈) (ဒုတိယ ကာကွယ် ရေး ဦးစီးချုပ်(ငြိမ်း)၊ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်ဟောင်း)၊
၂။ ဗိုလ်မှူးကြီး ခင်ညို (ငြိမ်း)(ကြည်း-၃၅၃၇) (စစ်ရာထူးခန့် အတွင်း ဝန်၊ အမြောက်နှင့် သံချပ်ကာ ယန္တရား တပ်ဖွဲ့၏ ပထမဦးဆုံး ညွှန်ကြားရေးမှူးနှင့် ကကကျင့် ညွှန်မှူး၊ တော်လှန်ရေး ကောင်စီ အဖွဲ့ဝင်ဟောင်း)၊
၃။ ဗိုလ်မှူးကြီး ဘရွှေ (ငြိမ်း) (ကြည်း-၃၅၄၅) (အမြောက်နှင့် သံချပ် ကာ ယန္တရားတပ်ဖွဲ့၏ တတိယမြောက် ညွှန်ကြားရေးမှူး၊ အငြိမ်းစားသံအမတ်ကြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း)၊
၄။ ဗိုလ်မှူးကြီးကြည်ဟန် (ငြိမ်း)(ကြည်း-၃၅၆ဝ) (တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး)၏ တတိယမြောက် ကျောင်းအုပ်ကြီး၊ အငြိမ်းစားသံအမတ်ကြီး၊ ဂေါက်သီးအကျော် ဦးကြည်လှဟန်နှင့် ဦးချမ်းဟန် တို့၏ ဖခင်)၊
၅။ ဦးခင်မောင်မောင် (အငြိမ်းစား ရဲမင်းကြီး၊ မောင်မောင် ကလောင်အမည်ဖြင့် ဂေါက်ကစားခြင်းရုပ်စုံ စွယ်စုံကျမ်းရေးသားသူ)၊
၆။ ဦးကျော်မြင့်လေး (ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ အာရှ လူငယ် ဒု-ဥက္ကဋ္ဌ၊ ဖဆပလ အစိုးရခေတ် စက်မှုနှင့် သတ္တုတွင်းဝန်ကြီး၊ ကုန်သွယ်ရေး ဝန်ကြီး)၊
၇။ဦးသာထို(အငြိမ်းစား ပါမောက္ခ (ဘောဂဗေဒ) စီးပွားရေးတက္ကသိုလ်၊ စတီရီယို အဆိုတော် ခိုင်ထူး၏ ဖခင်)၊
၈။ ဦးမင်းဒင် (အမေရိကန်နိုင်ငံ မစ်ချီကန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ရ၊ ဒုညွှန်ချုပ်(ငြိမ်း)ဓာတ်သတ္ထု ထုတ်လုပ်ရေးကော်ပိုရေးရှင်း)၊
၉။ ဦးနန်းနွယ် (အငြိမ်းစား အထွေထွေမန်နေဂျာ၊ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း၊ တော်လှန်ရေးကောင်စီ အတွင်းရေးမှူးနှင့် မဆလခေတ် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူး ကြီး ကိုကို(ငြိမ်း)၏ ညီအရင်း)
၁၀။ ဂုဏ်ထူး ဦးသိန်းနိုင် (တက္ကသိုလ်ဝင်တန်း မြန်မာစာ ဂုဏ်ထူးရှင်များကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိသည့် ဂုဏ်ထူး မြန်မာစာနည်းပြကျောင်း၏ သင်တန်းမှူးချုပ်၊ ဝိဇ္ဇာတန်းစဉ် မြန်မာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သူ၊ အမျိုး သား စာပေဆုရှင်)၊
၁၁။ ဦးဘိုးအောင် (စကော့တလန် ယာဒ် ရဲစုံထောက်ကျောင်း ဆင်း၊ အငြိမ်းစား မန္တလေး ရဲသိပ္ပံကျောင်း အုပ်ကြီး၊ တရားရုံးချုပ်ရှေ့နေ)၊
၁၂။ ဦးမောင်မောင်နှင့်
၁၃။ ဦးဇော်ဝင်းဦးတို့အား အဖွဲ့ချုပ် မှ ထုတ်ပယ်လိုက်ကြောင်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ပါတီစုံ ဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်သို့ တင်ပြခဲ့သည်။ ဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦးအား တင်မြှောက်ခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကိုးဦး ပါဝင်သော ဦးဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးအောင်ကြီးသည် ဒီချုပ် စတင်ဖွဲ့စည်း သည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ကွန်မြူနစ်နှင့် ကွန်မြူနစ် လိုလားသူများကိစ္စ မဲခွဲဆုံးဖြတ်ခဲ့သည့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ထိ သက် တမ်း ၆၈ ရက် (နှစ်လ စွန်းစွန်း) မျှသာခံသော ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ သက်တမ်း နှစ်လအတွင်း ဦးအောင်ကြီး သည် NLD ပါတီဥက္ကဋ္ဌ တာဝန်ကြီးရှိလျက် ငုတ်တုတ်နှင့်ပင် အာဏာသိမ်း စစ်အစိုးရ နဝတအဖွဲ့၏ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်နေသည်ကို ၂ဝ၁၅ ခုနှစ်ကျမှ ကြည်ဝင်းစိန် ဖော်လို့ သိလာရတော့သည်။

ကြည်ဝင်းစိန်((Malcolm) ကလောင်အမည်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသား သော ME AND THE GENERALS OF THE REVOLUTIONARY COUNCIL စာအုပ်ကို အင်္ဂလန်နိုင်ငံ UK Book Publishing မှ မြန်မာနိုင်ငံ ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲကြီး မတိုင်မီ ၂၀၁၅ အောက်တိုဘာလ မကုန်မီ ရိုက်နှိပ် ဖြန့်ဝေနိုင်ခဲ့ပါသည်။ (ဦး)ကြည်ဝင်းစိန်သည် စစ်တက္ကသိုလ် ပထမပတ် ဗိုလ်သင်တန်း (DSA 1st Intake) ကျောင်းဆင်း ဗိုလ်မှူးကြီး သော်တာစိန် (ငြိမ်း) (အငြိမ်းစားဝန်ကြီး- ဟိုတယ်/ခရီး)၏ အစ်ကို ဖြစ်သည်။ မြန်မာဘာသာပြန်ကို ဦးကြည်ဝင်းစိန်၏ ညီငယ် ဦးတင်ထူးစိန်က မာလိန်မှူး တင်ထူးစိန် ကလောင်အမည်ဖြင့် (တော်လှန်ရေးကောင်စီလက်ထက်) ''ကျွန်တော်နှင့်ဗိုလ်ချုပ်များ'' ဟု စာအုပ် အမည်ပေးကာ ပြန်ဆိုခဲ့သည်။ မူရင်း အင်္ဂလိပ်စာအုပ်တွင် စာမျက်နှာ (၅၀၀)ကျော်ရှိပြီး မြန်မာပြန် စာအုပ်တွင် စာမျက်နှာ(၂၀၀)ကျော်ဖြင့် အဓိက ဖြစ်စဉ်များကို သာ ဦးစားပေး ရေးသား ပြန်ဆိုခဲ့ရခြင်း ကြောင့် အကျယ်ဖတ်ရှုလိုသူများ အင်္ဂလိပ် မူရင်းစာအုပ်တွင် ဖတ်ရှုနိုင်ကြောင်း အမှာစာတွင် ရေးသားထားသည်။

ယင်းစာအုပ်၏ နိဒါန်းတွင် ကြည်ဝင်းစိန်က ''၁၉၈၈ ခုနှစ် အောက်တိုဘာလလယ်ခန့်တွင် ကျွန်တော် လုံးဝမမျှော် လင့်ထားသော ဆရာမိတ်ဆွေဟောင်း ဗိုလ်ချုပ် အောင်ကြီးက အမေရိက ကျွန်တော်နေထိုင်သည့်အိမ်သို့ ဖုန်းဆက်ပါသည်။ ၁၉၇၂ ခုနှစ် မြန်မာပြည်မှ ကျွန်တော်တို့ မိသားစု အပြီးထွက်လာခဲ့၍ ဗိုလ်ချုပ်အောင်ကြီးနှင့် ကွဲကွာနေတာ ၁၇ နှစ်နီးပါး ရှိပြီဖြစ်သည်။ ဗိုလ်ချုပ်အောင်ကြီးက ယခု ဖုန်းဆက်ရသည့် အကြောင်းက ဗိုလ်ချုပ်ကြီး စောမောင် (အာဏာသိမ်းတာ ၁ လမပြည့်သေးပါ) က ၎င်းနှင့် ဗိုလ်မှူးကြီးခင်ညို (တော်လှန်ရေး ကောင်စီဝင်ဟောင်းများ) တို့ကို ခေါ်ယူတွေ့ ဆုံပြီး နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေး၌ ကူညီထောက်ပံ့မှုများ ရရှိရေးအတွက် မည်သို့ ဆောင်ရွက်သင့်ကြောင်း အကြံဉာဏ် တောင်းခံပါကြောင်း၊ အထူးသဖြင့် ကျွန်တော်မှာ ဂျပန်လူ ကြီး အကြီးအကဲများ နှင့် အာဏာရ LDP ပါတီ ခေါင်းဆောင် အချို့နှင့်လည်း ရင်းနှီး၍ ဂျပန် အကူအညီ ရရှိရေးအတွက် တဖက်တလမ်းမှ ကျွန်တော်က ဆက်သွယ်ကူညီပေးစေလိုကြောင်း ပြောပါသည်။ ယခု ဗိုလ်ချုပ်ကြီး အောင်ကြီး ဖုန်းဆက်သည့်ဘေး၌ ဗိုလ်မှူး ကြီး ခင်ညို၊ နဝတအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးနှင့် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဉာဏ်လင်းတို့လည်း ရှိနေကြောင်း ပြောသည်။

ဤသို့ မျှော်လင့်မထားသော်လည်း နိုင်ငံတော်အကြီးအကဲဟောင်းနှင့် အသစ်များမှ ကျွန်တော့်ကို သတိတရ ဆက်သွယ် အကူအညီတောင်းခြင်းအတွက် အံ့သြဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းနှစ်မျိုးစလုံး ခံစားရသည်။ အနှစ် ၂၀ ခန့် တော်လှန်ရေး ကောင်စီဝင် ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးများနှင့် လက်တွဲဆောင်ရွက်ခဲ့ရမှုများကို ပြန်လည် အမှတ်ရစေပြီး ကျွန်တော့်အနေဖြင့် တတ်အားသရွေ့ ကူညီပါမည့်အကြောင်း ပြန်ကြားလိုက်ပါသည်။ မှန်ပါသည်။ ထိုလူကြီးများ သိထားသလို ကျွန်တော်သည် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဒုတိယကမ္ဘာစစ်အပြီး ပထမဦးဆုံး စေလွှတ်ခံရသော ပညာတော်သင် သုံးဦးအနက် တစ်ဦးဖြစ်သည်။ ဂျပန်နိုင်ငံ၏ အကောင်းဆုံး တက္ကသိုလ်နှစ်ခုဖြစ် သော တိုကျိုတက္ကသိုလ်နှင့် ဝါဆေးဒါး တက္ကသိုလ် ဥပဒေကျောင်းများတွင် တက်ရောက်ဘွဲ့ယူခဲ့သောသူ ဖြစ်၍ ထိုစဉ်က သိကျွမ်းခဲ့သော သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာများက စစ်ပြီးခေတ် ဂျပန်ခေါင်းဆောင်များ နေရာရောက်နေကြပြီ ဖြစ်ပါသည်။ ကျွန်တော့် သူငယ်ချင်း မိတ်ဆွေများထဲမှပင် ငါးဦးသည် ဂျပန်ဝန်ကြီးချုပ် ဖြစ်သွားသည် ကို သတိ ထားမိသည်။ အထူးသဖြင့် ဥပဒေ ဘွဲ့ရ ကျောင်းသားများ နိုင်ငံရေးဘက် အားသန် အောင်မြင်ကြတာ တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်မှာ ဗိုလ်မှူးကြီး ခင်ညို စစ်ရာထူးခန့်ဝန် (Military Secretary, MS) ဖြစ်စဉ်က အရာရှိခန့်အပ်ခြင်း ခံရသူဖြစ်ပြီး ယခုစီစဉ်မှုမှာလည်း နောက်ကွယ်မှ ဗိုလ်ချုပ်ကြီးနေဝင်း၏ ဦးဆောင်စေခိုင်းမှုတရပ်ဖြစ်သည်ဟု သိရှိခဲ့ရပါသည်။ ယခင်ကလည်း ကျွန်တော့်ကို ဗိုလ်ချုပ် အောင်ကြီး၊ ဗိုလ်မှူးကြီး ခင်ညိုတို့၏ ကြီးကြပ်မှုဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းမှ တာဝန်ပေးအပ် ခိုင်းစေမှုများကို သတိရမိစေပါသည်။

ဗိုလ်မှူးကြီး ခင်ညိုကို သီးသန့် နိုင်ငံခြားသို့ စေလွှတ်ကာ နဝတ ရည်မှန်းချက် အချို့ကို တဖက်တလမ်းမှ လျှို့ဝှက် ကူညီစေသည်။ ကျွန်တော့်အနေဖြင့်လည်းဂျပန် သူငယ်ချင်း မိတ်ဆွေ လူကြီးများကို ချဉ်းကပ်၍ မြန်မာနိုင်ငံ၏ လက်ရှိစစ်ခေါင်းဆောင်များ၏ အကူအညီ တောင်းခံမှုကို တင်ပြ ဆွေးနွေးပါသော်လည်း အခြေအနေက မပေးပါ။ အကြောင်းက ထိုစဉ်ကာလ မှာ ၁၉၈၈ အရေးအခင်းတွင် စစ်တပ်၏ နှိမ်နင်းကွပ်ကဲမှုများကြောင့် ကျောင်းသား ပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ခြင်းက နိုင်ငံတကာတွင် ကြီးစွာသော အမည်းကွက်နှင့် ရှုတ်ချခြင်း များစွာကို ရင်ဆိုင်နေရပါ သည်။ LDP အစိုးရမှ ကူညီလိုသော ဆန္ဒ ရှိသော်လည်း DIET လွှတ်တော်တွင် ကန့်ကွက်ကျဆုံးမှုများဖြင့်သာ အဆုံးသတ်ခဲ့သည်။ နိုင်ငံခြားငွေ မရှိ၍ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးပိုင် မြေကွက်ကိုပင် ဖဲ့၍ရောင်းချခဲ့ရသည့် ဘဝသို့ နဝတ ဆိုက်ရောက်ခဲ့ရသည်။


အမြတ်ထွက်သည်ကတော့ ကျွန်တော်က ဗိုလ်မှူးကြီးခင်ညိုတို့ လင်မယား ကျွန်တော် နေထိုင်ရာ LA သို့ မလာမီ ကျွန်တော့် ဘဝမှတ်တမ်း ရေးသားလိုသည့်အတွက် ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ ဗိုလ်ချုပ်အောင်ကြီးနှင့် ဗိုလ်မှူးကြီးခင်ညို၊ ထောက်လှမ်းရေးညွှန်မှူး နှုတ်ခမ်းမွှေး ဗိုလ်မှူးကြီးမောင်လွင်တို့အောက် တာဝန် ထမ်းဆောင်စဉ် လျှို့ဝှက်မှတ်တမ်း (မိတ္တူ) များကို ဗိုလ်ချုပ်မှူးကြီး စောမောင်ထံမှ တောင်းခံ ယူဆောင်လာပါရန် မေတ္တာရပ်ခံမှု အောင်မြင်သွားခြင်းပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ဗိုလ်ကြီး၊ ဗိုလ်မှူးဘဝက စစ်ရုံးတွင် ဗိုလ်ချုပ်အောင်ကြီးအောက် ကျွန်တော်နှင့် ခေတ္တခဏ တွေ့ဆုံလုပ်ကိုင်ခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ထိုသို့တွေ့ဆုံဖူးမှုကို အမှတ်ရ၍ မှတ်တမ်းအချို့ကို မိတ္တူ ကူးယူခွင့်ပြုခဲ့ပြီး ထိုလျှို့ဝှက်အချက်အလက်များကို ၎င်းကွယ်လွန်ပြီးသော အခါမှသာ ရေးသားထုတ်ဝေရန် မှာကြားလိုက်ပါသည်။ နောင် ဗိုလ်ချုပ်အောင်ကြီးနှင့် ဗိုလ်မှူးကြီးခင်ညို တို့ကလည်း အလားတူပင် မှာကြားကြပါ သည်။ (စကားချပ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၂၄ ဇူလိုင် ၁၉၉၇ ခုနှစ် တွင် ကွယ်လွန်ခဲ့ပြီး ဗိုလ်ချုပ်အောင်ကြီးသည် ၂၅ အောက်တိုဘာ ၂၀၁၂ ခုနှစ် တွင် ကွယ်လွန်ခဲ့သည်။ ဗိုလ်မှူးကြီး ခင်ညို လည်း ကွယ်လွန်ခဲ့ပြီးဖြစ်သည်။) ကျွန်တော်ကတော့ ကံကောင်းစွာပင် ၎င်းတို့အရင် မကွယ်လွန်ဘဲ ယခု အသက် (၈၂) နှစ်ကျော်အထိ ကျန်းမာရေး ကောင်းကောင်းဖြင့် အသက်ရှင်ဆဲဖြစ်၍ ၎င်းတို့၏ ဆန္ဒနှင့်အညီ ရေးသားမှတ်တမ်းတင် ထုတ်ဝေနိုင်ခဲ့ပါသည်'' ဟု ရေးသား ထားသည်။

အထက်ပါ ကြည်ဝင်းစိန်၏ ရေးသားချက်များအရဆိုလျှင် ဗိုလ်မှူးချုပ် အောင်ကြီး (ငြိမ်း) သည် NLD ပါတီဥက္ကဋ္ဌ တာဝန်၊ ဗိုလ်မှူးကြီးခင်ညို(ငြိမ်း)သည် NLD ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်တာဝန်ရှိနေပါလျက်နှင့် အာဏာသိမ်း နဝတ စစ်အစိုးရ၏ ရည်မှန်းချက်တချို့ကို လျှို့ဝှက်စွာ ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း ပေါ်လွင်နေပါသည်။

အချင်းချင်းလှည့်ဖြားမှုများ၊ တဦးနှင့်တဦး သံသယစိတ်များ ကြီးထွားလာမှုတို့သည် အသိုင်းအဝိုင်းတို့၊ အဖွဲ့အစည်း တို့ကို ကွဲအက်စေသော အကြောင်းတရားများ ဖြစ်သည်ဟု လူထုခေါင်းဆောင်၊ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ဖူးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကြီး ခေါင်းဆောင်သော အစုအဖွဲ့အား ထုတ်ပယ်ခဲ့သည့် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် သည် (၆၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ ထို့အတူ သက်တမ်း (၆၈) ရက်မျှသာခံသော ဦးအောင်ကြီး၏ ဥက္ကဋ္ဌ တာဝန် နိဋ္ဌိတံ ဆုံးခန်းတိုင်ခဲ့သောနေ့လည်း ဖြစ်သည်။ ယင်း (၆၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ထိုစဉ်က အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့ သော ဒေါ်အောင်ဆန်းစုကြည်က ''ဒီလို ဒီမိုကရေစီ ရရှိရေးအတွက် လက်တွဲလုပ်နေတဲ့ လူမှန်သမျှကို ကျွန်မတို့က လက်တွဲပြီး တော့ ခေါ်သွားချင်ပါတယ်။ လက်တွဲတယ် ဆိုတာလည်း မတွဲချင်တွဲချင် တွဲနည်းမျိုး ကို ပြောတာမဟုတ်ပါဘူး။ စိတ်တူ သဘောတူ လက်တွဲပြီး ချီတက်သွားတဲ့ နည်းမျိုးကို ကျွန်မတို့ ပြောလိုပါတယ်။ ဒီလို အမျိုးသားရေးကို လုပ်တဲ့အခါကျလို့ရှိရင် ဒီပုဂ္ဂိုလ်စွဲ တို့၊ ဆန္ဒစွဲတို့ မရှိဖို့ဆိုတာ ကျွန်မတို့ရဲ့အခြေ ခံ စည်းမျဉ်းဥပဒေထဲမှာလည်း ပါပါ တယ်။ အဲဒီတော့ ပုဂ္ဂိုလ်စွဲတွေ မထားကြပါနဲ့။ ဒါ..ကောင်းတဲ့အစဉ် အလာမဟုတ်ပါဘူး'' ဟု သတိပေးလမ်းညွှန်ခဲ့ကြောင်း မုံရွာ အောင်ရှင်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် မှတ်တမ်းစာ အုပ်တွင် ဖော်ပြထားသည်။

နိဂုံးချုပ်ကို NLD သဘာပတိ အဖွဲ့ နာယက သူရဦးတင်ဦး၏ အမှာစကား အတိုင်းဆိုရလျှင် အတိတ်သမိုင်မှအဖြစ် အပျက်များကို ဆင်ခြင်နှလုံးသွင်းလျက် သင်ခန်းစာ ယူသင့်သည်များကို ယူကာ အကျည်းတန်မှုများ ကင်းစင်သော လှပ ကောင်းမွန်သည့် ကြှနျုပျတို့၏ အနာဂတ်သမိုင်းသစ်ကို ဖော်ဆောင်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

စိုးမြင့်မိုး(ဘူမိ)

◾️ကိုးကား(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်တမ်း (၁၉၈၈-၂ဝ၁ဝ) (မုံရွာအောင်ရှင်)
(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲမှတ်တမ်း(၁၉၉ဝ)(မြန်မာ့အလင်း အောင်သန်း)
(၃) တပ်မတော်ခေါင်းဆောင်များသမိုင်း အကျဉ်း(မြဝင်း)
(၄) အမြောက်တပ်ဖွဲ့အကြောင်းတစေ့တ စောင်း(စိုးမင်းထိုက်)
(၅) ကျွန်တော်နှင့် ဗိုလ်ချုပ်များ (ကြည် ဝင်းစိန်-Malcolm)
The Speaker News Journal အတွဲ ၁၊ အမှတ် ၅
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂-၂၈ )

◾️(လွန်ခဲ့တဲ့ ၇ နှစ် ဒီနေ့မှာ ကူးယူတင်ပြခဲ့ဖူးတဲ့ ပို့စ်ပါ။ အဲဒီတုန်းက ပို့စ်အောက် အစ်ကို ဒေါက်တာ မျိုးသိုက် Myo Thaik က comment တွေ ပေးခဲ့တာကိုလည်း သမိုင်းမှတ်တမ်း အနေနဲ့ အောက်မှာ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။)

◾️ ဒေါ်မမစိန် (ပြုံးမောင်မောင် ၏ မိခင်) ဗိုလ်မှူးကြီးသော်တာစိန်၊ ကြည်ဝင်းစိန်၊ ဦးတင်ထက်စိန် (ရူပဗေဒ လ/ထ ကထိကဟောင်း ယခု US)၊ ဦးတင်ထူးစိန် တို့က ညီအစ်ကို မောင်နှမတွေ။


◾️ဗိုလ်မှူးချုပ်အောင်ကြီး မှာ ကိုယ်ပိုင်အမှတ် ၂ ခုဖြစ်နေတယ်။ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ နိုင်ငံတော်ပြန်တမ်းတွေကိုဖတ်ရှုခဲ့လို့ information တွေကိုရခဲ့တယ်။


◾️ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ဒု-ဗိုလ်ခန့်အပ် (ကြည်း ၃၅၀၉) ဗိုလ်မှူးချုပ်အောင်ကြီး (၁၉၄၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်ကြီး အဆင့်ဖြင့် တပ်မတော်မှ နှုတ်ထွက်)။ ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ဒု-ဗိုလ်ခန့်အပ် (ကြည်း ၅၄၅၈) ဗိုလ်မှူးချုပ်အောင်ကြီး (ငြိမ်း) မဟာသရေစည်သူ မော်ကွန်းဝင် (ပထမဆင့်)


◾️(ဗိုလ်နေဝင်း ထက်စောပြီး ပြန်တမ်းဝင်ဖြစ်တယ်) ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒု-ဗိုလ်ခန့်အပ် (ကြည်း ၃၅၀၂) ဗိုလ်ချုပ်ကြီးနေဝင်း (ငြိမ်း) ရဲဘော်သုံးကျိပ် အဂ္ဂမဟာသီရိသုဓ္ဓမ သတိုးသီရိသုဓ္ဓမ မဟာသီရိသုဓ္ဓမ စစ်မှုထမ်းကောင်းတံဆိပ် မော်ကွန်းဝင် (ပထမဆင့်) နိုင်ငံဂုဏ်ရည် (ပထမဆင့်)


◾️ (စစ်ပြီးခေတ် အင်္ဂလိပ် ပြန်ဖွဲ့ပေးတဲ့စစ်တပ် တပ်မတော် (ကြည်း) မှာ ပထမဆုံး ပြန်တမ်းဝင်ခန့်အပ်တာ) ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ဒု-ဗိုလ်ခန့်အပ် (ကြည်း ၃၅၀၁) ဗိုလ်မှူးကြီးလင်္ကျာ (ငြိမ်း) ရဲဘော်သုံးကျိပ် မဟာသီရိသုဓမ္မ မော်ကွန်းဝင် (ပထမဆင့်) ။ ပြီးတော့ ဗိုလ်မှူးချုပ်အောင်ကြီး။

@highlight

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */