Sunday, December 22, 2024

ရိုဟင်ဂျာဒုက္ခသည်စခန်း အသည်းရောင်ရောဂါ ထိန်းချုပ်ရေး EU ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၂ ဒီဇင်ဘာ၊ ၂၀၂၄ 
ဘင်္ဂလားဒေ့ရှ်၊ ကော့(စ်)ဘဇားမြို့အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ စျေးတခု မြင်ကွင်း။ နိုဝင်ဘာ ၂၂၊ ၂၀၂၄ ခုနှစ။ ဓာတ်ပုံ - REUTERS/Mohammad Ponir Hossain

ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ခိုလုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲမှာ Hepatitis C အသည်းရောင်အသားဝါ ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့ ဥရောပသမဂ္ဂ EU က ယူရိုငွေ ၁ သန်း ကူညီမယ့်အကြောင်း ဥရောပကော်မရှင်က သောကြာနေ့က ထုတ်ပြန်ပါတယ်။

ဒုက္ခသည် စခန်းတွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့ ဒီရောဂါ တုံ့ပြန် ကိုင်တွယ်ရေးဆိုင်ရာ တင်ပြထားတဲ့ အစီအစဥ်ကို ကူညီ ထောက် ပံ့သွားဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

WHO နဲ့ ကျန်းမာရေးအဖွဲ့တွေရဲ့ အစီအစဥ်ထဲမှာတော့ Hepatitis C အသည်းရောင်ရောဂါ ရှိနေတဲ့ လူနာ ၁ သိန်း ၃ သောင်း ၅ ထောင် ကို ကုသပေးဖို့အပြင် နောက်ထပ် လူပေါင်း ၄ သိန်း ၇ သောင်း ၅ ထောက်လောက်ကို ရောဂါ ကူးစက်ခံထားရခြင်း ရှိမရှိ ဆေးစစ်တာတွေ လုပ်သွားဖို့ ပါ ပါပါတယ်။ ရောဂါ မကူးဆက်အောင် ကြိုတင် ကာကွယ်တာ၊ ထိန်းချုပ်တာ၊ စွန့်ပစ် အညစ်အကြေးတွေကို စနစ်တကျ ကိုင်တွယ်တာအပြင် ရောဂါ ကူးစက်ခံထားရသူတွေနဲ့ ဘယ်လို ထိတွေ့ ဆက်ဆံမှုတွေ ရှိသင့်တယ်ဆိုတာလို ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအတွက်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 

SEE ALSO:

အခု ထောက်ပံ့တဲ့ ငွေဟာ ရိုဟင်ဂျာ ဒုက္ခသည် သန်းနဲ့ချီကို လက်ခံ ခိုလုံခွင့် ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနှစ်ထဲ လူသားချင်းစာနာမှု အကူအညီ ယူရိုငွေ ၅၄ သန်းကျော် ပေးအပ်ခဲ့ပြီးနောက်ပိုင်း အခုနောက်ထပ်တိုး ကူညီတာ ဖြစ်တယ်လို့လည်း ဥရောပကော်မရှင်က ပြောပါတယ်။

အီးယူရဲ့ စာနာမှု အကူအညီတွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြင် ဒီဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် လူမှုအသိုင်းအဝိုင်း အတွက်လည်း နိုင်ငံတဝန်း ရာသီအလိုက် မုန်တိုင်းနဲ့ ရေဘေးဒဏ်တွေ ကြုံရတဲ့အခါ အရေးပေါ် အကူအညီတွေ ပေးသွားနိုင်ဖို့လည်း ဖြစ်ပါတယ်လို့ ဒီဇင်ဘာလ ၂၀ ရက် သောကြာနေ့က ထုတ်ပြန်တဲ့ ဥရောပကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */