" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 13, 2023

ရိုဟင်ဂျာဒုက္ခသည်စခန်း လောင်ကျွမ်းမှု "ရှို့မီး" ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့သတ်မှတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးအကြီးအကျယ်လောင်နေစဉ် (မတ် ၅၊ ၂၀၂၃)

ရိုဟင်ဂျာထောင်ဂဏန်း အိမ်ယာမဲ့ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာစခန်းတွင်းမီးလောင်မှုဟာ တမင်စီစဉ်ဆောင်ရွက်တဲ့အဖျက်လုပ်ရပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။ အခုနှစ် မတ်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း မီးလောင်လို့ လူနေအိမ်ခြေ ၂,၈၀၀ လောက်နဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒုက္ခသည် တသောင်းနှစ်ထောင်ကျော်လည်း နေစရာမဲ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာအနောက်ခြမ်းရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေကြောင့်ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခ သည် တသန်းနီးပါးဟာ ဘင်္ဂလာဒေ့ရ်ှနယ်စပ် Cox's Bazar ခရိုင်အတွင်း စခန်းတွေမှာ ဝါး၊ ပလစ်စတစ်အခင်းတွေနဲ့လုပ်ထားတဲ့တဲတွေနဲ့ နေထိုင်နေရတာပါ။

မီးလောင်မှုဟာ ရှို့မီးဖြစ်တယ်လို့ ၇ ဦးပါ စုံစမ်းရေးအဖွဲ့ခေါင်းဆောင် အကြီးတန်းခရိုင်အစိုးရတာဝန်ရှိသူ Abu Sufian က ရိုက်တာကို ဖုံးကတဆင့် ပြောပါတယ်။ တချိန်တည်း တပြိုင်တည်းမှာ နေရာအတော်များများမှာ မီးလောင်ခဲ့တာဖြစ်ပြီး စစ်သွေးကြွအုပ်စုတွေက စခန်းအတွင်း ဩဇာထူထောင်ဖို့ တမင်စီစဉ်ဆောင်ရွက်မှုဖြစ်တယ်လို့လည်း ခရိုင်တာဝန်ရှိသူကပြောပါတယ်။ ဘယ်အဖွဲ့လဲဆိုတာကိုတော့ နာမည်ထုတ်မပြောပါဘူး။

ဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နောက်ကွယ်က ဆောင်ရွက်နေသူကို ဖော်ထုတ်စုံစမ်းဖို့ အကြံပြုထားတယ်လို့လည်း ပြောပါတယ်။ မျက်မြင်သက်သေ ၁၅၀ လောက်ဆီက အချက်အလက်တွေအခြေခံပြီး စုံစမ်းရေးအစီရင်ခံစာထုတ်ခဲ့တာလို့ ပြောပါတယ်။ ရိုဟင်ဂျာစခန်းတွေအတွင်း သီးခြားမီးသတ်အဖွဲ့တွေထားဖို့လည်း စုံစမ်းရေးအဖွဲ့က အကြံပြုထားပါတယ်။ အစီရင်ခံစာ အကြံပြုချက်တွေထဲမှာတော့ ဒုက္ခသည်စခန်းအတွင်း ရပ် ကွက်တွေမှာ မီးသတ်ကားသွားလာနိုင်လောက်တဲ့ လမ်းကျယ်ကျယ်ဝန်းဝန်းရှိဖို့၊ ရေလှောင်ကန်တွေထားဖို့နဲ့ နေအိမ်တွေဆောက်လုပ်ရာမှာ လောင်စာနည်းတဲ့ပစ္စည်းတွေအသုံးပြုဆိုတာတွေလည်း ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လတုန်းကလည်း ရိုဟင်ဂျာဒုက္ခသည်းစခန်းတွင်း မီးလောင်မှုမှာ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒုက္ခသည် တသောင်းကျော် နေစရာမဲ့ဖြစ်ခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */