" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 13, 2023

ရိုဟင်ဂျာစခန်းမီးလောင်မှု ထိထိရောက်ရောက်အရေးယူဖို့ ဒုက္ခသည်တွေမျှော်လင့်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.12
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့ပြီးနောက် မီးလောင်ပြင်မှာထိုင်နေတဲ့ ရိုဟင်ဂျာကလေးငယ်တစ်ဦး။Reuters

ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁)မှာနေအိမ်သုံးထောင်ကျော်ဆုံးခဲ့ရတဲ့ မီးလောင်မှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှို့မီးလို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

ဒီမီးလောင်မှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ဒုက္ခ သည်တွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေက တောင်းဆိုနေကြပါတယ်။

ဒီမီးလောင်မှုကြောင့် ရိုဟင်ဂျာတစ်သောင်းခြောက်ထောင် အိုးမဲ့အိမ်မဲ့ထပ်ဖြစ်ရပါတယ်။
၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို တွေ့မြင်ရစဉ်။ (Photo:Reuters)

စာသင်ကြားတဲ့နေရာ နှစ်ဆယ်လောက်လည်း မီးလောင်သွားလို့ ကလေး ၈၀၀ လောက်စာသင်ကြားဖို့ အခက် အခဲ ဖြစ်နေတယ်လို့ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ် ၁၁ က နေအိမ်မီးလောင်သွားတဲ့ ကျောင်း ဆရာ ဦးကိုင်ရိုက RFA ကိုပြောပါတယ်။

ARSA အဖွဲ့ဝင်အချင်းချင်းဖြစ်တဲ့ ပြဿနာကနေ ဒီမီးရှို့မှုဖြစ်တာလို့လည်း သူကယူဆပါတယ်။

“ကျွန်တော်တို့လည်း ရှို့မီးလို့ယူဆပါတယ်။ ARSA ဒုတိယအဖွဲ့ခေါင်းဆောင်က အဲ့ဒီအဖွဲ့က ခွဲထွက်ပြီးတော့ အ ခုမီးလောင်ခဲ့တဲ့နေရာမှာနေခဲ့တယ်။တစ်လလောက်ရှိပြီ။ သူနဲ့အပေါင်းအပါ အယောက်နှစ်ဆယ် လောက်ပါတယ်။သူတို့ကို ဖမ်းဖို့ဆီးဖို့ သူတို့အဖွဲ့က မကြာခဏလာတယ်။ မမိဘူး။နောက်ဆုံးမီးရှို့သွားတာက သူတို့အဖွဲ့က ဖြစ်မယ်လို့ မီးရှို့တဲ့အချိန်မှာ ကျွန်တော်တို့လူတွေက တားတယ်။ တားရင် ပစ္စတိုနဲ့ လက်နက်နဲ့ပစ်ပစ်မယ်လို့ ခြိမ်းခြောက်တာရှိတယ်။ အဲ့ဒါဗီဒီယိုလည်းရှိတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီမီးလောင်မှုနဲ့ပတ်သက်လို့ ကော့ဇ်ဘဇားခရိုင် အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတာဝန်ရှိသူတွေပါတဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းစစ်ဆေးနေပြီး အဖြေတစုံတရာ မရသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
 
ဘင်္ဂလားဒေ့ရှ်အစိုးရက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက တောင်းဆိုလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီကိစ္စကို မှန်မှန်ကန်ကန်ထိထိရောက်ရောက်၊ အရေးယူဆောင်ရွက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြတ်ပြတ်သားသားနဲ့ထိရောက်စွာအရေးမယူဘူးဆိုရင်နောက်ထပ် အကြမ်း ဖက် လုပ်ရပ်က ပိုပြီးတော့ ဆိုးဝါးလာစေမှာကို ကျွန်တော်တို့က ပိုပြီးတော့ စိုးရိမ်ပါတယ်။ အဖွဲ့တစ်ခုမှာ လူဦးငါးဦးအလိုက် စခန်းတိုင်းစခန်းတိုင်းမှာ ကင်းစောင့်ကြတယ်။ ကင်းစောင့်တဲ့ကြားထဲမှာတောင် လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေလုပ်ဆောင်လာခဲ့တာဖြစ်တယ်။”

၂၀၂၁ ခုနှစ်ကစပြီး အသက်အိုးအိမ်မလုံခြုံမှုတွေကြောင့် ကော့ဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်း ၃၄ ခုအတွက် ဒုက္ခသည်တွေက ကိုယ်ထူကိုယ်ထ ကင်းသမား အယောက်လေးထောင်လောက်ထားပြီး ညစဉ် အလှည့်ကျ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေက နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေ ဆဲပဲလို့ ဒုက္ခသည်တွေကပြောပါတယ်။

မတ်လ ၅ ရက်နေ့ မီးလောင်မှုဟာ ARSA အဖွဲ့ရဲ့လက်ချက်လို့ ဒုက္ခသည်တွေက ပြောဆိုနေကြပေမယ့် RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းပြီးနောက် မြင်ကွင်း (Photo:Reuters)

မီးဘေးသင့်ဒုက္ခသည်တွေအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်တဲ့ ကိုအောင်မြိုင်က ဒုက္ခသည်တွေအေးအေးချမ်းချမ်းခိုလှုံနေထိုင်နိုင်အောင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာက အကူအညီပေးဖို့ လိုတယ်လို့ပြောပါတယ်။

“စွပ်စွဲမှုတွေက အမျိုးမျိုးရှိတယ်ပေါ့။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်က သေသေချာချာစုံစမ်းစစ်ဆေးပြီးမှ ဘယ်သူလုပ်တယ်ဆိုတာ သိမှာပေါ့နော်။ အမှန်တရားပေါ်ပေါက်လာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ အေးအေးချမ်းချမ်းနဲ့ခိုလှုံနေထိုင်နိုင်အောင် အစိုးရဘက်ကကော နိုင်ငံတကာဘက်ကကောဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။”

အရင်မီးလောင်မှုတွေနဲ့ပတ်သက်ပြီးလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ခဲ့ပေမယ့် ထိထိရောက်ရောက်တဲ့အရေးမယူဘဲ အခုက ထိထိရောက်ရောက်ကိုင်တွယ်ဖို့ အချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ရိုဟင်ဂျာအရေး အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

“အရင်တုန်းကလည်း ဒီလိုဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအများကြီးပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ပိုမိုထိရောက်တဲ့ ထင်သာမြင်သာရှိတဲ့လုပ်ငန်းစဉ်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုချပြဖို့ လိုသလိုနိုင်ငံတကာကိုလည်း ချပြဖို့လိုတယ်။ ဒီလုပ်ငန်းစဉ်တွေက အရင်တုန်းကမရှိခဲ့ဘူး။ စုံစမ်းစစ်ဆေးတယ်။ပြီးရင်ပျောက်သွားတယ်။ လူတွေကလည်း ဖြစ်သွားတဲ့ဟာ ကြာသွားတဲ့အခါ ဒီဟာပေါ်မှာ အာရုံကမရှိတော့ဘူး။ အဲ့လိုဖြစ်စဉ်တွေက မနည်းဘူး။ ဒီကိစ္စလည်းဒီလိုပဲဖြစ်မယ်ထင်တယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ရဲ့ အရာရှိတစ်ဦး NO-MAN LAND မှာ ပစ် ခတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့အခါ တရားစွဲတာတို့၊ ဘာတို့ ဒါပဲရှိတယ်။ ရိုဟင်ဂျာတွေနဲ့ပတ် သက်ပြီး ထင်သာမြင်သာရှိအောင်လုပ်ခဲ့တာ ဒါမျိုးတွေတော့ အခုထိမတွေ့ရသေးဘူး။”

အခုတော့ သောင်းနဲ့ချီတဲ့ မီးဘေးသင့်ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းအတွင်း ဖြစ်သလိုနေထိုင်နေရပြီး နေအိမ်တွေပြန်ဆောက်နိုင်ဖို့ အကူအညီတွေ လုံလုံလောက်လောက် ရဖို့လိုအပ်နေတယ်လို့ ပြောကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */