" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 27, 2022

ရှင်သန်နေထိုင်ရေးအတွက် အသက်စွန့်နေကြတဲ့ ရိုဟင်ဂျာ တွေဘဝ

VOA
၂၉ မေ၊ ၂၀၂၂
ဆုမွန်
FILE PHOTO: Rohingya refugees continue their journey after crossing the Myanmar-Bangladesh border in Palong Khali, Bangladesh, November 1, 2017. REUTERS/Hannah McKay/File Photo FROM THE FILES - 3RD ANNIVERSARY OF ROHINGYA MUSLIM EXODUS FROM MYANMAR

ဒီသီတင်းပတ်ထဲ ပင်လယ်ပြင်ထဲ စက်လှေမှောက်ပြီး ကလေးငယ်လေးတွေအပါအဝင် လှေစီးပြေး ရိုဟင်ဂျာ တဒါဇင်ကျော် ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလမဟာမင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုရိုဟင်ဂျာတွေ ပင်လယ်ထဲ အသက်ဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏကြုံရတာ ဘာကြောင့်ပါလဲ။ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရတဲ့ မြန်မာနိုင်ငံကနေ လွတ်မြောက်ရေး ပင်လယ်ပြင်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ထွက်ပေါက်လမ်းရှာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်နဲ့ရင်း ဘဝတွေပေးဆပ်ခဲ့ကြရတဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေ ဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ထွက်ပြေးလာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (၁) သန်းကျော်အရေး နိုင်ငံတကာက မေ့မထားကြဖို့ ဘာရှန်ချာကျွန်းက ဒုက္ခသည်တွေအပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က မေလ (၂၅) ရက် ဒါကာသတင်းစာရှင်းလင်းပွဲမှာ သတိပေးလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲ ကလေးတွေအပါအဝင် ရိုဟင်ဂျာ တဒါဇင်ကျော်ဟာ မြန်မာ့ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက်သလို မြန်မာနဲ့ ဒေသတွင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကြံမိကြံရာ လုပ်မိကြတဲ့ ခံစားချက်ကို အခု နောက်ဆုံးဖြစ်ရပ်က ပြသနေပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ဆိုပါတယ်။

သူတို့အတွက် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေတဲ့ သိန်းချီခိုလှုံနေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မွန်းကျပ်တဲ့ဒုက္ခတွေထဲက လွတ်မြောက်ရုန်းထွက်နိုင်ခြေ ရှိမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အန္တရာယ်ရှိမှန်းသိရက်နဲ့ ကမ်းမမြင်လမ်းမမြင် ပင်လယ်လမ်းတွေကို မျက်စိစုံမှိတ် ရွေးချယ်ခဲ့ကြတာလို့ ဘာလုခါလီ ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကုလပညာပေးအစီအစဉ်တွေမှာ ဦးဆောင်ပညာပေးနေသူ ဦးစိုးမြင့်က ပြောပြပါတယ်။

“ Human Trafficking လူကုန်ကူးတို့ လှေစီးပြေးဒုက္ခသည်အဖြစ် ရောက်သွားတဲ့အခါ ဘယ်လိုအခက်အခဲအန္တရယ်နဲ့ ကြုံရနိုင်တာတို့ သတင်းအချက်အလက်ဖလှယ်တာတို့ ပညာပေးတာတို့ သူတို့ကို ကျနော်တို့ စခန်းတိုင်းမှာ အမြဲတမ်းလုပ်နေတယ်။ ကျနော်ကိုယ်တိုင်ဆိုရင် စခန်းပေါင်း (၂၇) ခုကို တာဝန်ယူရတယ်။ Monitoring ရယ် Training ရယ် ပေးတယ် UNHCR ရယ် တာဝန်ပေးချက်အရ။ ဒါပေမဲ့ ဒီလူတွေကို ၄၊ ၅ နှစ်ကြာအောင် ပညာပေးပေမဲ့၊ ဘာဖြစ်လို့ အောင်အောင်မြင်မြင် မဖြစ်သလဲလို့ သွားကြည့်တဲ့အခါ ဒီမျှော်လင့်ချက် “နေရပ်ရင်းမွေးရပ်ကို ပြန်ရောက်နိုင်ခြင်း” ဆိုတဲ့ မျှော်လင့်ချက်က ဝေးသထက်ဝေးနေတယ်။ ဘာမှကို မျှော်လင့်ချက်က မရှိတော့ဘူး။ နံပတ်တစ် ပညာရေးအားနည်းချက်၊ နံပတ်နှစ် လူတွေက စခန်းထဲမှာ ကြာလာတော့ ရရာလမ်းကြောင်းကို ရွေးပြီးတော့-ဒီ့ထက်ကောင်းမယ့် ဘဝမျိုးများ ကိုယ့်ဘဝမှာ ရနိုင်မလားဆိုပြီး စဉ်းစားပြီး လုပ်လိုက်တာ နားမလည်တာမဟုတ်ဘူး။ သူတို့သွားမယ့် လမ်းကြောင်းတွေမှာ အခက်အခဲတွေမျိုးစုံရှိနိုင်တယ်။

အသက်အန္တရာယ် ကြုံရလောက်နိုင်တဲ့ ရာခိုင်နှုန်းများတယ် ဒါမျိုးတွေ သိရက်သားနဲ့ကို ထွက်နေကြတာ။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ ပညာပေးပေး သူတို့ရဲ့ လက်ငင်းအခက်အခဲကို ရှေ့တန်းတင်ပြီးတော့ သူတို့က ဆုံးဖြတ်တာပါ။”

ရိုဟင်ဂျာမူဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာလည်း မျှော်လင့်ချက်မဲ့နေသလို သူတို့နေထိုင်ခဲ့ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ နေနေကြဆဲ မူဆလင်တွေအတွက်လည်း နိုင်ငံတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြား ထွက်ပေါက်ပိတ်နေသလို ဖြစ်နေလို့ ပင်လယ်လမ်း၊ ကုန်းလမ်း ရေလမ်းတွေကနေ သူတို့အတွက် အဆင်ပြေနိုင်မယ့်နိုင်ငံတွေဆီ ခရီးဆက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြတာလို့လည်း ဦးစိုးမြင့်က ရှင်းပြပါတယ်။

“ ဒီရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ ၄၊ ၅၊ ၆ နှစ်လောက်တောင် နေနေကြရတာ။ သူတို့မှာ ရှေ့ကို မျှော်လင့်ချက်က ဝေးသထက် ဝေးနေတယ်။ အဲ့တာကြောင့် သူတို့က ရရာလမ်းကြောင်းကနေ သူတို့ရဲ့ဘဝရှေ့ရေးအတွက် သူတို့မိသားစုဘဝ ရှေ့ရေးအတွက် ရရာလမ်းကြောင်းကနေ ထွက်ပေါက်ရှာကြတာပေါ့ဗျာ။ မျက်စိစုံမှိတ်ပြီးတော့ ထွက်တော့တာပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီရိုဟင်ဂျာဒုက္ခသည်တွေက ကမ့်တွေထဲကနေ ထွက်ကြတာလား။ မြန်မာပြည်ထဲကနေ ထွက်ကြတာလား။ ဘယ်လိုလမ်းကြောင်းတွေကနေ ထွက်ကြပါသလဲရှင့်။

“ထွက်ပေါက်လမ်းကြောင်းက နှစ်ကြောင်းရှိတယ်။ တကြောင်းက ဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရေကြောင်းလမ်းနဲ့ လှေတွေစီးပြီးတော့ သွားကြတဲ့လမ်းကြောင်းက တကြောင်း၊ နောက်တကြောင်း မြန်မာပြည်ထဲကို ပြန်ဝင်ပြီးတော့ ရခိုင်ဘက်က ကုန်းကြောင်းလမ်းနဲ့ တကြောင်း။ ဒီလမ်းကြောင်းနှစ်ကြောင်းနဲ့ သွားနေကြတာပါပဲ။ အခြေအတွေကြည့် အဆက်အသွယ်တွေယူပြီး သွားကြတာပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ ကျမတို့သိသလောက် သူတို့သွားလိုတဲ့နိုင်ငံတွေ နေရာတွေဆီကို အောင်အောင်မြင်မြင်နဲ့ ရောက်သွားတဲ့သူတွေ ရှိနိုင်သလို လမ်းမှာတင် အများကြီးဒုက္ခရောက်ပြီး စက်လှေပျက်တာတို့ လမ်းမှာ ဒုက္ခပေါင်းစုံနဲ့ ကြုံရတာတွေရှိတယ်။ အဓိက သူတို့ဘာတွေရင်ဆိုင်ရ ကြုံရနိုင်ခြေတွေရှိလဲ၊ တချို့ဆို မိသားစုလိုက် သွားကြတာ ကလေးလေးတွေပါ ပါသွားတာတွေ ရှိတော့လေ။

“ကလေးလေးတွေ ပါသွားတယ်ဆိုတာက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ဟိုမှာရှိနေတော့-သွားကြတာပါ။ ဧရာဝတီတိုင်းမှာ ပါသွားတဲ့ သူတွေထဲဆို အသက် (၂၀) အရွယ် မိန်းကလေးတွေပါ ပါလာတာ တွေ့ရတယ်။ ဒီမိန်းကလေးတွေဟာ လမ်းမှာရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကြရပြီး တကယ်လို့ ကံကောင်းလို့ ကိုယ်သွားချင်တဲ့နေရာကို ရောက်သွားရင်တော့ ဒီ့ထက်ကောင်းတဲ့ ဘဝတခုခုကို ပိုင်ဆိုင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထွက်သွားကြတာပါပဲ။

မဆုမွန်။ ။ ဟုတ်ပြီ အဲ့တော့ ဦးစိုးမြင့်တို့ဆိုရင် ရိုဟင်ဂျာတွေအတွက် ပညာပေးတွေ လုပ်ခဲ့တာရော သူတို့အတွက် တောင်းဆိုလှုပ်ရှား ပေးနေတာတွေရောရှိတော့ အခုလို သူတို့ရဲ့ ဘဝရဲ့လွတ်မြောက်ရာလမ်းတွေကို မျှော်လင့်ပြီးသွားကြတာပဲ ဒါပေမဲ့ လမ်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံရတယ်။ ဆိုတော့ ဒီ့ကမ့်တွေထဲမှာရှိတဲ့ သူတွေကိုရော မြန်မာပြည်ထဲက သူတွေကိုရော ဘယ်လိုမျိုး အကြံပေးချင်တာရှိလဲ။ တာဝန်ရှိတဲ့သူတွေဘက်ကရော ဘာတွေ လုပ်ပေးသင့်တယ်လို့ အကြံပေးချင်ပါလဲရှင့်။

“ဒီလှေစီးပြေးဒုက္ခသည်တွေအဖြစ်နဲ့ လမ်းခရီးမှာတင် အသက်ဆုံးခဲ့ရတဲ့ဒုက္ခသည်တွေအတွက် ကမ္ဘာ့အသိုင်းအဝိုင်းကရော ဒီဒုက္ခသည်စခန်း တာဝန်ရှိသူတွေကရော မြန်မာအစိုးရဘက်ကရော တကယ်ကို သနားညှာတာပြီးတော့ အဓိက ဖြေရှင်းချက်က တခုတည်းပဲ။ မိမိနေရပ်ရင်းဒေသကို သိက္ခာရှိရှိနဲ့ ပြန်နိုင်ရေး။ အဲ့တာဖြေရှင်းချက်ရဲ့ အရင်းအမြစ်။ နံပတ်တစ်အချက်က လိုအပ်တဲ့အဆင့်အထိ နိုင်ငံသားအခွင့်အရေးကို ပေးပြီးတော့ မြန်မာနိုင်ငံဘက်မှာ လွတ်လပ်စွာ သွားလာခွင့် ပညာသင်ကြားခွင့်၊ နောက် ကိုယ်နေထိုင်ခဲ့တဲ့ဒေသကို ပြန်ပို့မယ်ဆိုတဲ့ အာမခံချက်ကလေး ရရင်တော့၊ အားလုံးက ပြန်ကြမှာပဲ။ ဘယ်သူမှ ကျနော်တို့ကို တွန်းအားပေးစရာမလိုဘူး။ နိုင်ငံတကာရှေ့မှောက်မှာ အာမခံချက်ကလေးရအောင် လုပ်ပေးပါ။ ဒီနေ့ပြီးပြီဟေ့ အာမခံချက်ရပြီဆိုရင် မနက်ဖြန် အသုတ်လိုက် ကျနော်တို့ ပြန်ကြမှာ။ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျနော်တို့ အဲ့တာပဲ တောင်းဆိုချင်တယ်။ ထပ်တလဲလဲ တောင်းဆိုချင်တယ် ဒါပေမဲ့ ခရီးက မရောက်ဘူးဖြစ်နေတယ်။”

လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အခုလို အသက်ဆုံးရတဲ့အထိ ကြုံနေရတဲ့ အဖြစ်မျိုးတွေ နောင် မကြုံရလေအောင် ဒုက္ခသည်စခန်းအသီးသီးမှာ အချင်းချင်း အသိပညာပေး ဖလှယ်ပေးနိုင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီး လိုအပ်တယ်လို့လည်း စခန်းတွေထဲ ကိုယ်တိုင် ဒုက္ခသည်တွေကို သင်တန်းပေး ကူညီပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က အကြံပြုပါတယ်။

“ဒီကိစ္စက ခဏခဏ ဖြစ်လာပြီဆိုတော့ကာ စေတနာ့ဝန်ထမ်းတွေကို စခန်းတွေအလိုက် တိုးပြီးတော့ ထားရမှာပါ။ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ စခန်းပေါင်း (၃၄) ခုလောက်ရှိတယ်။ အဲ့ဒီ့စခန်းပေါင်း (၃၄) ခုစလုံးမှာ စခန်းတခုမှာ ပရိုဂျက်တခုချ ပေးရမှာပါ။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ ထားပေးရမှာပါ။ သူတို့ကို သင်တန်းပေးရမှာပါ။ ဒါမှ သူတို့က အိမ်တိုင်း အိမ်တိုင်းဝင်ပြီးတော့ ပညာပေးလို့ရမှာ။ အထူးသဖြင့် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး စာစောင်တွေ စာအုပ်တွေ ပညာပေးနိုင်အောင် အိမ်တွေမှာ အဲ့တာလုပ်ရမှာပါ ပြီးတော့ ရပ်ကွက်အလိုက် သင်တန်းတွေ ဖွင့်သင့်တယ်။ တချို့ကျတော့ စာမတတ်တာ ရှိတယ် သူတို့ကိုကျတော့ ပန်းချီနဲ့ပေါ့။ ကာတွန်းတို့ ဘာတို့ ဆွဲပြီးတော့ ဖုန်းနံပတ်တွေ ထည့်ပေးတာမျိုး အဲ့လိုလုပ်ရမှာပါ။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း ရအောင် လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်အောင် အဲ့တာတွေကို ဆက်တိုက်ဆောင်ရွက်ရမှာပါ။”

တကယ်တော့ ဒုက္ခတောကနေ လွတ်မြောက်ရေး လှေစီးပြေးထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခတွေ အဆင့်ဆင့် ထပ်ကြုံရတာတွေ ရှိပါတယ်။ သူတို့ကို လူကုန်ကူးခံရတာတွေအပါဝင် ပွဲစားတွေ ဆက်သွယ်ပေးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့အခါ ဒုက္ခသည်စခန်းတွေထဲမှာ ရှိသမျှစုဆောင်းငွေတွေ လိမ်လည်ခံရတာမျိုးရှိသလို ထွက်သွားတဲ့ လမ်းကြောင်းတွေမှာလည်း သဘာဝဘေးအန္တရာယ်မျိုးစုံကြောင့် အသက်ဆုံးရသလို-သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေအပြင် ပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုလို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ကိုအောင်မြိုင်က ပြောပြပါတယ်။

“သူတို့လမ်းမှာလည်း ဒုက္ခခံကြရတယ် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ် ပင်လယ်ပြင်ထဲ အစာအာဟာရပြတ်တာ စားဝတ်နေရေးဒုက္ခရောက်တာ ပြီးတော့ ပွဲစားတွေကနေ အဆင့်ဆင့်သွားကြတဲ့အခါ အမျိုးသမီးတွေရော အမျိုးသားတွေကိုရော ပွဲစားတွေက အကြပ်ကိုင်ပြီးတော့ တချို့တလေတွေဆို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေရှိတယ်။ ပြီးတော့ ရေလမ်းကြောင်းကဆိုလည်း အသက်အန္တရာယ်ကြုံရတာမျိုး ခံရတာတွေလည်းရှိတယ်။ ရေလမ်းမဟုတ်ဘဲ၊ ထိုင်းလိုနေရာရောက်သွားလည်း လမ်းမှာ ပွဲစားက ရိုက်နှက်တာမျိုး ထိုးကြိတ်တာမျိုးလည်း ခံရတယ်။ သတ်ပစ်လိုက်တာမျိုးတောင် ရှိတယ်။ ဒါပေမဲ့ သွားကြတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဘာမှ မျှော်လင့်ချက် မရှိတော့ဘူးလေ။ သေရင်လည်းသေဆိုပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ အဲ့လိုဆန္ဒလေးတွေနဲ့ သွားကြတာ ဒီလူတွေမှာက ဒီမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလေ။”

ဒီလိုအခက်အခဲမျိုးစုံနဲ့ ကြုံနေကြရတဲ့ ရိုဟင်ဂျာအရေး ရေရှည်အဖြေတရပ် ရရှိဖို့ကတော့ မြန်မာနိုင်ငံအပေါ်မှာ အဓိကမူတည်ကြောင်းလည်း ကုလမဟာမင်းကြီးက ပြောဆိုထားပါတယ်။ သူတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အခြေအနေပေးရင် နေရပ်ပြန်လိုကြောင်း ပြောခဲ့ကြတယ်လို့လည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒါကာမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့၊ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာအရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */