အပိုင်း(၁)…
"ရိုဟင်ဂျာဆိုများ၏ လုတ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
ရိုဟင်ဂျာဆိုသည်မှာ
-----------------------------
ပုံပြင်ထဲမှ အာရပ်များ
-----------------------------
မြေပေါ်ရှိခဲ့သော အမည်နာမ မဟုတ်ကြောင်း ရှင်းလင်းချက်
---------------------------------------------------------------------
"ရိုဟင်ဂျာဆိုများ၏ လုတ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"ဒေါက်တာအေးချမ်း(ရက္ခဝံသ၊ ရက္ခိတ)
ပါမောက္ခ ခန်းဒါး (Kanda) နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံ၏ စာအုပ်မှ အခန်း(၁)ကို ကူးယူဖော်ပြအပ်ပါသည်။
---------------------------------------------------------
“ရိုဟင်ဂျာဆိုတာ ဘာလဲဗျာ” ဟု လွန်ခဲ့သော ၁၅ နှစ်ခန့်က ပါမောက္ခအဆင့်ရှိသူ တစ်ဦးက ကျွန်တော့်အား မေးဖူးပါသည်။ ဒဏ္ဍာရီစကားတစ်ခုကို လုပ်ကြံပြောသူက ပြော၍ နိုင်ငံရေးအတွက် ဝါဒဖြန့်ရန် တွင်တွင်ကြီး သုံးသူကသုံးနေကြသည့် ဝေါဟာရတစ်ခုဖြစ်ကြောင်း ရှင်းပြရပါသည်။
ကျွန်တော် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ်က ဤမေးခွန်းကို အကြိမ်ကြိမ် ဖြေကြားခဲ့ရ၏။ ထို့အတူ ဂျပန်နိုင်ငံသို့ ရောက်သောအခါ၌လည်း ဂျပန်ရောက် မြန်မာတိုင်းရင်းသား လူငယ်များက ဤပြဿနာသည် ရှင်းလင်း၍မရနိုင်လောက်အောင် ငြင်းခုံနေရသောကြောင့် အင်္ဂလိပ်ဘာသာဖြင့် စာတမ်းတစ်စောင် ရေးသားရန် တိုက်တွန်းလာကြပါသည်။
ကမ္ဘာကသိအောင် ရှင်းလင်းရတော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ဂျပန်နိုင်ငံ သို့ ရောက်ပြီး တစ်နှစ်ခန့်အကြာတွင် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနမှ ဆက်သွယ်လာပြန်သည်။
ဘင်္ဂါလီစကားပြောသူ ရာနှင့်ချီ၍ သူတို့သည် မြန်မာနိုင်ငံသား ရိုဟင်ဂျာများဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံရသည်ကို အကြောင်းပြကာ ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနေကြကြောင်း၊ “ရိုဟင်ဂျာလူမျိုးဆိုတာ ဗမာပြည်တွင် ရှိပါသလား” ဟု မေးမြန်းလာပါသည်။ မရှိလျှင် အကျိုးအကြောင်းနှင့် တရားရုံးတွင် သက်သေခံပေးရန် မေတ္တာရပ်ခံလေရာ အစိုးရသက်သေအဖြစ် ရိုဟင်ဂျာဆိုသူတို့၏ မရှိခဲ့သော ရာဇဝင်ကို ဤစာတမ်းတွင် ရှင်းလင်းထားသည့်အတိုင်း ခင်းကျင်းပြရပါတော့သည်။
ကျွန်တော်သည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံပါသည်။ သို့ရာတွင် သမိုင်းပညာရှင်သည် အမှန်တရားအပေါ် သစ္စာရှိရမည်ဟူသော အချက်ကြောင့် ဤသို့ဆောင်ရွက်ရခြင်းအပေါ် လုံးဝ လိပ်ပြာမလုံတော့ မဖြစ်မိပါ။
တရားရုံးချုပ်တွင် သက်သေပြရန် စုဆောင်းထားသည့် မှတ်တမ်းမှတ်ရာများကိုပင် ကိုးကားပြီး အင်္ဂလိပ်ဘာသာဖြင့် စာတမ်းတစ်စောင် ရေးသားကာ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးကျောင်း (SOAS) မှ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။
ရိုဟင်ဂျာဝေါဟာရနှင့် ပတ်သက်၍ သမိုင်းကြောင်းဆိုင်ရာ စိစစ်ချက်
------------------------------------------------------------------------
ရိုဟင်ဂျာဟူသည်မှာ ဝေါဟာရတစ်ခုအနေဖြင့် ရှိခဲ့ပြီး လူမျိုးတစ်မျိုးကို ရည်ညွှန်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ထိုအမည်နှင့် ယနေ့ မောင်တောခရိုင်မှ စစ်တကောင်းနွယ်ဖွား ဘင်္ဂါလီဆိုသူတို့နှင့် လုံးဝ မပတ်သက်ခဲ့ကြောင်းကို ခိုင်လုံအောင် တင်ပြခဲ့ပါသည်။
စင်စစ်မှာ ရိုဟင်ဂျာဆိုသည်ကား ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ထိစပ်နေသော မောင်တောခရိုင်မှ မူဆလင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးမှ မိမိတို့ဘာသာ ကင်ပွန်းတပ်ထားသော အမည်ဖြစ်သည်။
ယခင်က ဤအမည်ကို မည်သူမျှ မကြားဖူးကြ။ ရခိုင်ပြည်နယ်ကို အုပ်ချုပ်သွားကြသော အင်္ဂလိပ်အရာရှိတို့၏ မှတ်တမ်းများတွင်လည်း “ဘင်္ဂါလီ”၊ ကိုလိုနီခေတ် သန်းခေါင်စာရင်းတွင်လည်း “ဘင်္ဂါလီ”၊ လယ်ယာမြေ သီးစားချမှတ်တမ်းများ၌လည်း “ဘင်္ဂါလီ” ဟုသာ မှတ်တမ်းတင်သွားကြလေသည်။ သမိုင်းမှတ်တမ်းများကို မွှေနှောက်ပြီး လေ့လာကြည့်ကြလျှင် အဖြေမှန်ကို သိလိမ့်မည်။
လုပ်ကြံဖန်တီးထားသော သမိုင်းဇာတ်လမ်း
-----------------------------------------------
ဦးစွာ ရိုဟင်ဂျာဟုခေါ်သော ဇာတ်လမ်း မည်သို့ပေါ်ပေါက်လာသည်ကို လေ့လာသင့်ပါသည်။ ဤဇာတ်လမ်းကို ဦးစွာ လုပ်ကြံရေးသားသူမှာ လွတ်လပ်ရေးရပြီးခေတ် ဘူးသီးတောင်မြို့နယ် ပါလီမန်အမတ်ဖြစ်လာသူ အဗ္ဗဒူလ်ဂါးဖား ဖြစ်သည်။
ကိုလိုနီခေတ်က တံခါးမရှိ ဓားမရှိ ဝင်ရောက်လာခဲ့ကြသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုးပွားလာသော စစ်တကောင်းနွယ်ဖွား ဘင်္ဂါလီလူမျိုးများကို မြန်မာနိုင်ငံ တိုင်းရင်းသားများရသည့် အခွင့်အရေးအားလုံး ရရှိစေရန် ရည်ရွယ်ချက်ဖြင့် “မိမိတို့မှာလည်း ရှေးဦးမဆွကပင် မြန်မာနိုင်ငံတွင် နေထိုင်လာခဲ့သော တိုင်းရင်းသားဖြစ်ပါသည်” ဟူ၍ လံကြုပ်သမိုင်းတစ်ခုကို ဖော်ထုတ်ခြင်းမျှသာ ဖြစ်၏။
◾️ထိုဒေသရှိ မူဆလင်တို့သည် စစ်တကောင်းနယ်မှ ဝင်လာသူများမဟုတ်ဘဲ အေဒီ ၇ ရာစုနှင့် ၈ ရာစုမှစ၍ ရခိုင်ပြည်၌ အခြေချနေထိုင်ကြသော အာရပ်ကုန်သည်များ မှ ဆင်းသက်လာကြသူများဖြစ်သည်။
◾️ယင်းတို့ထဲတွင် အမျိုးမြတ်သူ အာရပ်နွယ်ဖွားများလည်း ပါဝင်ကြလေရာ ရခိုင်ဘုရင်က ရာထူးရာခံများချီးမြှင့်ပြီး တိုင်းရင်းသူများနှင့် လက်ထပ်ထိမ်းမြားခွင့်ပြုခဲ့သည်။
◾️ထိုသူတို့ကို ရိုဟင်ဂျာဟုခေါ်၍ အေဒီ ၇ ရာစုကပင် ရခိုင်၌ အစ္စလာမ်သာသနာ အမြစ်တွယ်ခဲ့ပြီဟူ၏။
သမိုင်းကို ဆေးရောင်ခြယ်ခြင်း
------------------------------------------
အဗ္ဗဒူလ်ဂါးဖားက ပုံကြမ်းလောင်းခဲ့သော ဇာတ်လမ်းကို တပည့်ဖြစ်သူ တဟီးရ်ဘသာ က ဆေး ရောင်အမျိုးမျိုးချယ်၍ ခမ်းနားထည်ဝါအောင် ဖန်တီးယူလိုက်ပံမှာ တမန်တော် မူဟာမက်၏ သားမက်တော် ဟာဇရသ်အလီ၏ သားဖြစ်သူ မူဟာမက်ဟနီဖာ သည် ခေါင်းဆောင်မှုအတွက် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သဖြင့် ရခိုင်ပြည် ဝေသာလီသို့ ဝင်ရောက်လာ၍ အသက်ထက်ဆုံး နေထိုင်သွားခဲ့ကြောင်းဖြင့် မိမိတို့ကို တမန်တော်၏အနွယ် ဆာယစ်ဒ် (Sayyids) များဖြင့်ပင် အမျိုးစပ်ပေးလိုက်လေသည်။
တဟီးရ်ဘာသာ ဆက်လက်လုပ်ကြံရေးသားပုံမှာ-
“ဝေသာလီပြည်ရှင်သည် ရခိုင်ပြည်တွင် လာရောက်ခိုလှုံလာကြသော အာရပ်လူကောင်းမျိုးများ၊ သင်္ဘောပျက်၍ ဝင်ရောက်လာကြသူ အာရပ်လူမျိုးများအား အဘက်ဘက်မှ စောင့်ရှောက်ထားခဲ့သည်။ ၎င်းတို့သည် နေရင်းဒေသ အာရေဗျသို့ မပြန်ကြတော့ဘဲ ကျေးရွာများ၌ပင် အိုးအိမ်တည် ထောင်ခဲ့ကြလေသည်။
ထိုအာရပ်လူမျိုးတို့သည်လည်း ဗလီဝတ်ကျောင်းများ တည်ဆောက်ကြလျှက် သာသနာပြုလုပ်ငန်းများ စတင်လုပ်ခဲ့ကြ၏။ ထိုအချိန်မှစ၍ အစ္စလာမ်ဘာသာမှာ ရခိုင်ပြည်၌ အခြေစိုက်ကာ ထွန်းကားလာခဲ့သည်။ မြန်မာပြည်တွင် အထက်ဖော်ပြခဲ့သော အာရပ်လူမျိုးများမှ ဆင်းသက်လာသည့် မွတ်စလင်များအား ‘ရိုဝှန်ညှာ’ (Rowangya) ဟုခေါ်ဆိုရာ၊ ၎င်းမှာ ‘အခွင့်အရေးပေးခြင်း’ ဟု အဓိပ္ပာယ်ရသည်” ဟူ၏။
သမိုင်းပညာရှင်တို့၏ အမှားနှင့် ဝါဒဖြန့်မှု
------------------------------------------------
ဤနေရာတွင် အာဏာရှင် ဟစ်တလာ စကားကို သတိရမိပါသည်။ သူက “လိမ်စရာရှိလျှင် ကြီးကြီးကျယ်ကျယ် လိမ်ပါ” ဟုဆိုသည်။ သို့သော် ဟစ်တလား လက်ရုံးများဖြစ်ကြသော ဂိုဘဲလ်နှင့် ဂိုအားရင်းတို့ပင်လျှင် ထိုမျှ မျက်နှာပြောင်တိုက်ပြီး လိမ်ဝံ့ကြမည် မထင်ပါ။
ရခိုင်နှင့် မြန်မာရာဇဝင်ကျမ်းများတွင် ရှေးက ကုလားသင်္ဘောများ မြန်မာ့ကမ်းခြေတွင် ပျက်လေ့ရှိကြောင်း ဖော်ပြကြ၏။ မည်သည့်ကုလားဟု တိတိကျကျ မဆိုပါ။ ယင်းတို့အနက် ဗျတ်ဝိနှင့် ဗျတ္တပုံပြင်သည် ထင်ရှား၏။ ရခိုင်ရာဇဝင်မှ ယင်းပုံပြင်များကို ဆာ အာသာ ဖေရာက (Sir Arthur Phayre) ယူပြီး ရခိုင်ကမ်းခြေမှာ အာရပ်သင်္ဘောများ ပျက်ကြောင်း သူ၏ရာဇဝင်စာအုပ်တွင် ရေးခဲ့သည်။
ဤနေရာတွင် ကျွန်တော်ကို မတန်မရာ ပြောဝံ့သည်ဟု ကဲ့ရဲ့လိုကကဲ့ရဲ့နိုင်ကြပါသည်။ ဖေရာသည် အုပ်ချုပ်ရေးအရာရှိကောင်းတစ်ဦး ဖြစ်ခဲ့၍ ရခိုင်ပြည်အပါအဝင် အောက်မြန်မာနိုင်ငံဆိုင်ရာ ကိုလိုနီခေတ် သမိုင်းသုတေသနအတွက် တိကျခိုင်မာသော အစီအရင်ခံစာများကို သမိုင်းမှတ်တမ်းများအဖြစ် ရေးသားထားခဲ့သောကြောင့် ဂုဏ်ပြုထိုက်သော်လည်း သူ့ကို သမိုင််းဆရာဟူ၍ကား ကျွန်တော် မသတ်မှတ်နိုင်ပါ။
သူရေးသားသည့် မြန်မာနိုင်ငံသမိုင်းသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်မှလွဲ၍ ညောင် ရမ်းခေတ် ခရစ်သက္ကရာဇ် ၁၇၁၀ တွင် ဦးကုလားပြုစုခဲ့သည့် မဟာရာဇဝင်တော်ကြီး အဆင့်မျှသာရှိပြီး သမိုင်းတန်ဖိုး အလွန်နည်းပါသည်။
ဖေရာ၏ ရေးသားချက်ကို အာရ်ဘီစမတ် (RB Smart) က စစ်တွေခရိုင် ဂေဇက်တီးယား (Gazetteer) တွင် ရာဇဝင်ကဏ္ဍ၌ ကူးယူဖော်ပြလိုက်ပြန်လေရာ သင်္ဘောပျက်ပုံပြင်ဆရာများအတွက် လမ်းခင်းပေးသကဲ့သို့ အဆင်ချောသွားလေတော့သည်။
မစ္စတာဂါးဖားနှင့် သူ၏တပည့်များသည် စူးစမ်းလေ့လာမှု အလျဉ်းမရှိဘဲ အရှေ့နှင့်အရှေ့တောင်အာရှတွင် အေဒီ ၈ရာစုမှ စတင်ပြီး အစ္စလာမ်သာသနာ ထွန်းကားကာ ဒေသခံတိုင်းရင်းအချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင့် မဆင်မခြင်ရေးသားကြလေသည်။
မိမိတို့ဆန္ဒအလျောက် သမိုင်းကို မဆင်မခြင် ရေးသားခဲ့ကြသည်။ ၎င်းတို့ ဆန္ဒဂတိဖြင့် မဆင်မခြင် ရေးသားချက် နှင့် သမိုင်းပညာရှင် များသုတေသနပြုရေးသားချက်တို့ မည်မျှကွဲလွဲသည်ကို ယခုလေ့ လာကြည့်ပါမည်။ တရုတ်ထန်မင်းဆက် မှတ်တမ်းကို ကိုးကား၍ သုတေသနပြုထားရာတွင်…
ရှေးဟောင်းကုန်သွယ်မှုလမ်းကြောင်းနှင့် သမိုင်းဆိုင်ရာ အလွဲများ
----------------------------------------------------------------------------
သမိုင်းမှတ်တမ်းများအရ “ပါရှန်း၊ အာရပ်နှင့် အိန္ဒိယတောင်ပိုင်းသား တို့သည် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်မှုတွင် အဓိကကျသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အရှေ့တောင်အာရှကို ကျော်လွန်၍ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ကာ ကန်တွန် (Canton) နှင့် ကွမ်ကျိုး (Quanzhou) မြို့များအထိ ရောက်ရှိလာလေ့ရှိပြီး၊ တရုတ်ပြည်ထွက်ကုန်များကို ဝယ်ယူကာ အနောက်နိုင်ငံများတွင် ပြန်လည်ရောင်းချရန် ထွက်ခွာသွားလေ့ရှိကြသည်။
နောက်ပိုင်းတွင် တရုတ်တို့က သူတို့၏ သင်္ဘောထက် လျှင်မြန်သော 'ဂျန့်' (Jian) ခေါ် ရွက်ထပ်သင်္ဘောများကို အသုံးပြုလာသောအခါ၊ ၎င်းတို့ သည် စူမတြာနှင့် မလက္ကာတို့မှ စောင့်၍ ကုန်စည်များကို ဝယ်ယူလေ့ရှိကြသည်။
"ရိုဟင်ဂျာဆိုများ၏ လုတ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ" ဒေါက်တာအေးချမ်း(ရက္ခဝံသ၊ ရက္ခိတ)
ပါမောက္ခ ခန်းဒါး (Kanda) နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံ၏ စာအုပ်မှ အခန်း(၁)ကို ကူးယူဖော်ပြအပ်ပါသည်။
Link : Here
<><><><><><><><><><><><><><><><><><><><><><><><>><><<><><><><><>
အပိုင်း(၂)
"ရိုဟင်ဂျာဆိုများ၏ လုပ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
--------------------------------------------------------------
"ရိုဟင်ဂျာဆိုများ၏ လုပ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
ဒေါက်တာအေးချမ်း (ရက္ခဝံသ၊ ရက္ခိတ)
ပါမောက္ခ၊ ခန်းဒါး နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံ၊ ၏ စာအုပ်မှ အခန်း(၁)ကို ကူးယူဖော် ပြအပ်ပါသည်။
-------------------------------------------------------
ဘာသာရေးနှင့် ဇာတိမြေ
-----------------------------
အေဒီ ၈ ရာစုအထိ ရောက်ရှိလာသော ကုန်သည်များတွင် ပါရှန်းနှင့် အာရပ်တို့မှာ အများဆုံးဖြစ်သော်လည်း၊ သူတို့တို့အားလုံးကား မူဆလင်များ မဟုတ်ကြပါ။ ၎င်းတို့ထဲတွင် ခရစ်ယာန်၊ ရေဝတီနှင့် ဇိုရိုစတာ (Zoroastrian) ဘာသာဝင်များလည်း အမြောက်အမြား ပါဝင်ကြသည်။ သူတို့၏ ဇာတိမြေမှာလည်း ယီမင်၊ အိုမန်နှင့် ဟာဒရာမောတ်(Hadramawt) အရပ်ဒေသများ ဖြစ်ကြသည်”ဟူ၍ ဖော်ပြထားပါသည်။
သို့ဖြစ်လျှင် အနှီသင်္ဘောပျက်ပုံပြင်ကို ပြောဆိုသူများသည် အဘယ်ကြောင့် မူဆလင်အာရပ် တို့၏ သင်္ဘောများကိုသာ ရခိုင်ကမ်းခြေ၌ ပျက်ခိုင်းရပါသနည်း? ဤသည်မှာ စဉ်းစားစရာပင် ဖြစ်တော့ သည်။
အခြေချနေထိုင်မှု သမိုင်းအမှန်
-------------------------------------
ပုံပြင်ဆရာများက အာရပ်ကုန်သည်များသည် အေဒီ ၈ ရာစုကပင် အရှေ့တောင်အာရှတွင် အခြေချနေထိုင်ခဲ့ကြောင်း၊ တိုင်းရင်းသားများနှင့် အကြောင်းပါ၍ အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်စေခဲ့ကြောင်း, အစ္စလမ်လူနေမှုဘဝကို ထူထောင်နိုင်ခဲ့ကြကြောင်း ရေးသားကြသော်လည်း၊ စမ္ပနိုင်ငံ( ဗီယက်နမ်တောင်ပိုင်း)နှင့်စူမတြာတွင်သာ တိုင်းရင်းသားများနှင့် အနည်းအကျဉ်းသာ လက်ထပ်ပေါင်းသင်းခဲ့သော်လည်း လူ့အဖွဲ့အစည်းအတွင်း ရောနှောနေထိုင်လေ့မရှိကြောင်း ဗြိတိသျှ သမိုင်းပညာရှင် ဒီဂျီအီးဟော (D.G.E. Hall) က ရေးသား၏။
ခိုင်လုံသော အထောက်အထားများကို ကိုးကား၍ ဆိုပါမည်။ အာရပ်လူမျိုးများ အရှေ့တောင်အာရှသို့ အခြေချပြောင်းရွှေ့နေထိုင်ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ဝန်းကျင် သို့မဟုတ် (၁၈ ရာစုနှောင်းပိုင်းနှင့် ၁၉ ရာစု) တွင်မှ စတင်ခဲ့ခြင်းဖြစ်သည်။
• ယနေ့ စင်ကာပူမြို့နှင့် အင်ဒိုနီးရှားပြည်ရှိ အာချေးပြည်နယ်၊ စူမတြာတောင်ပိုင်းရှိ ပါလန်းဘန်းမြို့နှင့် ဂျာဗားကျွန်းရှိ ဆူရာဘာယာမြို့များတွင် လမ်းလျှောက်သွားလျှင် ဘဟာဆာအင်ဒိုနီးရှားစကားတွင် အာရပ်ဘာသာဝေါဟာရကို ညှပ်ပြီး ပြောလေ့ရှိသော အရှေ့အလယ်ပိုင်းနွယ်ဖွား ရုပ်သဏ္ဍန်ရှိသူများကို တွေ့ရတတ်ပါသည်။
အာရပ်မှတ်တမ်းများနှင့် ဝေသာလီခေတ် သမိုင်းအမှန်
--------------------------------------------------------------
သူတို့တို့နှင့် စကားပြောကြည့်လျှင် ၎င်းတို့သည် ဘိုးဘွားများလက်ထက်ကတည်းက အင်ဒိုနီးရှားတွင် လာရောက်အခြေစိုက်ခဲ့ကြသော အာရပ်နွယ်ဖွားများဖြစ်ကြောင်း၊ မျိုးရိုးအားဖြင့် မည်သို့ ခေါ်ကြောင်း၊ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီဖြစ်ကြောင်း၊ သူတို့၏ ဘိုးဘွားများ၏ ဇာတိမြေမှာ အာရေဗျကျွန်းဆွယ်တောင်ပိုင်းရှိ ယခု ယီမင်နိုင်ငံ (Yemen)၊ ဟာဒရာမော့ (Hadramawt) ဒေသဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြကြပါလိမ့်မည်။ ထိုသူတို့မှတစ်ပါး အရှေ့တောင်အာရှတွင် အာရပ်လူမျိုးများ အခြေချနေထိုင်ခဲ့သည့် သမိုင်းဝင်မှတ်တမ်း မရှိပါ။
အာရပ်ရေကြောင်းပြ (မာလိန်မှူး) တို့၏ မှတ်တမ်းများ
--------------------------------------------------------------
အာရပ်သင်္ဘော မာလိန်မှူး (Pilots) ဆိုသူတို့သည် ရောက်လေရာတွင် မူဆလင်မြို့ရွာများအကြောင်းကို မှတ်တမ်းတင်လေ့ရှိကြသည်။ ထိုမူဆလင်တို့၏ ကွဲပြားသော အကျင့်စရိုက်များကိုလည်း ပေါ်လွင်အောင် ရေးမှတ်လေ့ရှိသည်။ ဥပမာ- အိဗ်မ်မာဂျစ် (Ibn Majid) သည် မလက္ကာရှိ မူဆလင်တို့၏ လူနေမှုဓလေ့ထုံးစံများကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချပြီး ရေးမှတ်သွားခဲ့သည်။
ရခိုင်ပြည်တွင် အခြေစိုက်သည်ဆိုသော အာရပ်လူမျိုးများအကြောင်းကို အာရပ်မှတ်တမ်းများတွင် လိုက်ရှာကြည့်သောအခါ-
• အာရပ်မာလိန်မှူးတို့သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်၍ အရှေ့တောင်အာရှသို့ ရွက်လွှင့်လာလျှင် စစ်တကောင်းမြို့ အကြောင်းကို စုံစုံလင်လင် မှတ်တမ်းတင်ပြီးနောက် မလေးကျွန်းဆွယ်သို့ ရောက်သည်အထိ မည်သည့်မြို့ရွာအကြောင်းကိုမျှ ဟုတ်တိပတ်တိ မှတ်တမ်းမတင်ခဲ့ကြတော့ချေ။
၁၅ ရာစုအလယ် ရခိုင်ပြည်အကြောင်းကို သမန်ကာရှန်ကာ ရေးမှတ်သွားသူ အာရပ်မာလိန်မှူး နှစ်ဦးသာရှိ၏။ အိဗင်မာဂျစ် နှင့် ဆူလေမန် တို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးက ရခိုင်ပြည်၏ မြို့တော်သို့သွားရာ ရေလမ်းမှာ ကျောက်ဆောင်ထူပြော၍ ရေကြောင်း ရှုပ်ထွေးကြောင်းကိုသာ ရေးသားထားခဲ့ကြလေသည်။ ဤအချက်သည်ပင်လျှင် တစ်ဆင့်စကားကို မှတ်တမ်းတင်သွား ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ ရခိုင်မင်းနိုင်ငံခေတ်တွင် အာရပ်တို့နှင့် ဆက်ဆံရေးရှိခဲ့သည်ဟု လည်းကောင်း၊ အာရပ်တို့ တွင်ကျယ်နေကြသော ရေကြောင်းကုန်သွယ်ရေးနှင့် ရခိုင်ပြည် ချိတ်ဆက်မိခဲ့သည်ဟုပင် ကောက်ချက်ချရန် အလွန်ခဲယဉ်းပေသည်။
ဝေသာလီမြို့ဟောင်းနှင့် ရှေးဟောင်းသုတေသန
--------------------------------------------------------
ဝေသာလီ (Vesali) ကား အေဒီ ၁၀ ရာစုနှောင်းပိုင်းတွင် ပျက်စီးခဲ့ဟန်တူသည်။ ဝေသာလီပျက်ခြင်းသည် ဧရာဝတီမြစ်ဝှမ်းသို့ မြန်မာတို့ ဝင်ရောက်လာခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု တခါက စာတမ်းတစ်စောင် ကျွန်တော် ရေးသားခဲ့ဖူးပါသည်။ သင်္ဘောပျက်ပုံပြင်ဆရာများသည် ထိုစာတမ်းကို ဆုပ်ကိုင်၍ မိမိတို့အလိုကျ ကောက်ချက်ချခဲ့ဘူးကြသည်။
၎င်းတို့က ဝေသာလီတွင် မူဆလင်များ စတင်နေထိုင်ခဲ့ပြီဖြစ်ကြောင်း အဓမ္မကောက်ချက် ဆွဲယူကြလေသည်။ သို့သော် ယခုအခါ ဝေသာလီမြို့ဟောင်း ကို ရှေးဟောင်းသုတေသန ဦးစီးဌာနမှ တူးဖော်ပြီးဖြစ်ရာ-
• အစ္စလာမ်ဘာသာ ထွန်းကားခဲ့ကြောင်း သက်သေခံ အထောက်အထား တစ်စုံတစ်ရာမျှ မတွေ့ရှိရကြောင်း ကွယ်လွန်သူ ခေါင်းဆောင်ကြီး အဗ္ဗဒူလ်ဂါးဖား သိခွင့်မရသွားရှာပေ။ သူ၏ နောက်လိုက်များမှာကား သိသော်လည်း မသိကျိုးကျွံ ပြုနေကြပေလိမ့်မည်။
(ခ) မွတ်စလင်ကမ္ဘာနှင့် ရေကြောင်းကုန်သွယ်မှု
--------------------------------------------------
မြောက်ဦးခေတ် ရခိုင်ပြည်၏ ကြွယ်ဝချမ်းသာပုံကို ဥရောပတိုက်သားများ၏ ခရီးသွားမှတ်တမ်းများတွင် မှတ်တမ်းတင်ရှိသည်ကို အထူးတလည် တင်ပြရန်လိုမည် မဟုတ်ချေ။ တြိပူရနယ်မှ မော်တင်စွန်းအထိ ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်ကမ်းခြေတစ်လျှောက်လုံးကို စိုးမိုးထားနိုင်ခဲ့သည်ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာ ရေကြောင်းကူးသန်းရောင်ဝေမှုအပေါ် အကျိုးအမြတ် ဖြစ်ထွန်းနေခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်ခဲ့ပါ။
ရခိုင်သမိုင်းကို လေ့လာသူများအနေဖြင့် အေဒီ ၁၆ နှင့် ၁၇ ရာစုအတွင်း ထိုသို့သော မင်းနိုင်ံငယ်တစ်ခုက တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာရခြင်း အကြောင်းအရင်းများသည် ၁၇ ရာစုနှောင်းပိုင်းနှင့် ၁၈ ရာစုအတွင်း တဟုန်ထိုး ပြန်လည်ကျဆင်းသွားရသည့်အကြောင်းများနှင့် ဆက်စပ်နေကြောင်း အခိုင်အမာ သုံးသပ်မိနိုင်ကြပေလိမ့်မည်။
ရေကြောင်းကုန်သွယ်မှု အလှည့်အပြောင်း
-------------------------------------------------
အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးတွင် အေဒီ ၁၅၁၁ ခုနှစ်၌ ပေါ်တူဂီတို့ မလက္ကာ (Malacca) ကို သိမ်းယူခြင်းသည် အာရှရေကြောင်း ကုန်သွယ်ရေး၏ ခေတ်တစ်ခုကို စတင်ပြီး၊ ၁၆၄၄ ခုနှစ်တွင် ဒတ်ခ်ျ (Dutch) တို့က ပေါ်တူဂီတို့ထံမှ မလက္ကာကို ပြန်လည်သိမ်းယူခြင်းသည် ထိုခေတ်ကို အဆုံးသတ်စေခဲ့သည်။ အကြမ်းဖျင်းအားဖြင့် ပြောရသော် ထိုရာစုနှစ်တစ်ခုခွဲခန့်သည် ရခိုင်ပြည်အား ကြွယ်ဝချမ်းသာသော ခေတ်တစ်ခုဆီသို့ ပို့ဆောင်ပေးခဲ့လေသည်။
ပေါ်တူဂီတို့၏ ကုန်သန်းရောင်းဝယ်ရေးမူဝါဒသည် ဆိပ်ကမ်းကုန်သန်းရောင်းဝယ်ရေးအပေါ် အခြေပြု၏။ ကျွန်းပိုင်း အရှေ့တောင်အာရှ၏ ဆိပ်ကမ်းအခြေပြု နိုင်ငံငယ်လေးများနှင့် ကုန်သန်းရောင်းဝယ်ကြသည်။ ဤကာလတွင် ရခိုင်ပြည်သည် လယ်ယာစိုက်ပျိုးရေးနှင့် တွဲဖက်၍ ရေကြောင်းကုန်သန်းရောင်းဝယ်မှုအပေါ် အခြေခံသော နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲ ရပ်တည်လာခဲ့သည်။
ဘာသာရေးနှင့် ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှု
------------------------------------------------------------
အစ္စလာမ်ဘာသာဝင်များဖြစ်ကြသော မလေးနှင့် စုမတြကျွန်းသားများသည် မလက္ကာကဲ့သို့သော မူဆလင်နိုင်ငံကို ဘာသာရေးအယူဝါမတူသော ပေါ်တူဂီတို့က သိမ်းပိုက်လိုက်သည်ကို မနှစ်မြို့ကြပေ။ ထို့ပြင်လည်း ဘုရားသခင်က ထိုဟင်းခတ်အမွှေးအကြိုင်တို့ကို မိမိတို့အား ကောင်းချီးပေးခြင်းမျှသာ ဖြစ်ကြောင်း ယုံကြည်ကြသည်။ ၁၆ ရာစုဆန်းတွင် ကျွန်းပိုင်း အရှေ့တောင်အာရှသားတို့ ခံယူထားကြပုံကို ပေါ်တူဂီခရီးသွား တောင်မေပီရက်စ် (Tome Pires) က ဤသို့ မှတ်တမ်းတင်ခဲ့သည်မှာ----
“မလေးလူမျိုးတို့တွင် ဆိုရိုးစကားရှိသည်။ ဘုရားသခင်သည် တီမောကျွန်းကို သစ်မွှေးတို့ပေါက်ရောက်စေရန်၊ ဘန်ဒါကျွန်းကိုမူကား ငရုတ်ကောင်း၊ မော်လုကကျွန်းကို လေးညှင်းပွင့်တို့ ပေါက်ရောက်စေရန် ဖန်တီးခဲ့သည်။ ၎င်းတို့ကို ကမ္ဘာ့အခြားဒေသများတွင် ရှာ၍ မတွေ့မည်ကား သေချာ၏။”
ပေါ်တူဂီတို့သည် အာချေး (Aceh) တို့နှင့် ရာစုနှစ်နှင့်ချီ၍ စစ်ပွဲများ ဆင်နွှဲခဲ့ရလေသည်။ ဒတ်ခ်ျတို့က အရှေ့အိန္ဒိယကျွန်းစုများကို ဒတ်ခ်ျတို့ ကိုလိုနီအဖြစ် သိမ်းယူပြီး ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်လိုက်သည်အထိ အာချေးနှင့် မလက္ကာကုန်သည်တို့၏ ဖရသု (Paratus) ခေါ် သင်္ဘောများသည် မြောက်ဦးဆိပ်ကမ်းသို့ ဝင်လာမစဲရှိခဲ့သည်။ ဤသည်မှာ မွတ်စလင်ကမ္ဘာနှင့် မြောက်ဦးမင်းနိုင်ငံ၏ ကုန်သွယ်မှုအစပင် ဖြစ်သည်။
ဥရောပသားတို့၏ အမြင်နှင့် မြောက်ဦးရှိ မွတ်စလင်များ
----------------------------------------------------------------
ဤနေရာတွင် စကားမစပ် ပြောစရာတစ်ခုရှိ၏။ ထိုခေတ်က ဥရောပသားအတော်များများသည် မြောက်ဦးကို အင်းဝမင်းနိုင်ငံ၏ ဆိပ်ကမ်းမြို့အဖြစ် မှားယွင်းဖော်ပြလေ့ရှိကြောင်းကို မလက္ကာမြို့တွင် သူ့၏ ခရီးသွားမှတ်တမ်းကို ၁၅၁၂ မှစ၍ ၁၅၁၅ခုနှစ်အထိ ရေးသားခဲ့သော တောင်မေပီရက်စ်က ထောက်ပြခဲ့သည်။ ပီရက်စ်သည် မလက္ကာမြို့တွင် သူတွေ့ခဲ့ရသော ဆန်ကုန်သည် ရခိုင်လူမျိုးတစ်ဦးအကြောင်းကိုပင် မှတ်တမ်းတင်သွားခဲ့လေသည်။ သူသည် ရခိုင်ပြည်နှင့် ပဲခူးအကြောင်းကို အသေး စိတ် ရေးမှတ်သွားခဲ့လေသည်။ သို့ဖြစ်ရာ ပဲခူးသို့ရောက်သော အာရပ်နှင့် မြောက်ဦးသို့ ရောက်သော အာရပ်လည်း မှားနိုင်သေးသည်။ မည်သို့ဆိုစေ မြောက်ဦးဆိပ်ကမ်း၌ကား မွတ်စလင်ကုန်သည်တို့၏ အရေအတွက်သည် ကူးသန်းရောင်ဝယ်မှုအပေါ် အဖြေပြုကာ အတိုးအဆုတ်ရှိ၏။ တောမေပီရက်စ်က----
• ၁၅၁၀ ပြည့်လွန်နှစ်များတွင် မြောက်ဦး၌ ကလိင်္ဂ (Kalinga) တိုင်းသားများနှင့် ဘင်္ဂါလီ ကုန်သည် အမြောက်အမြားကို တွေ့ခဲ့ရသည်ဟုဆို၏။
• ဘုရင့်အမှုတော်ကို ထမ်းဆောင်နေကြသော မွတ်စလင်အမြောက်အများလည်း ရှိကြသည်။ တူရကီလူမျိုး တစ်ဦးဆိုလျှင် ဘုရင့်၏ အကြံပေးအရာရှိအဖြစ် အမှုထမ်းနေကြောင်း သိရ၏။
• မင်းခမောင်း (King Min Khamoung) လက်ထက်တွင် မွတ်စလင်ကုန်သည် အမြောက်အမြား လာရောက်ရောင်းဝယ်ကြရာ ပါရှန်း၊ အာရပ်၊ မာသူလီပတမ် (Masulipatnam) နှင့် ဂိုလကွန်ဒါ (Golconda) တို့မှ လာရောက်ကြသူ များလေသည်။
"ရိုဟင်ဂျာဆိုများ၏ လုပ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
ဒေါက်တာအေးချမ်း (ရက္ခဝံသ၊ ရက္ခိတ)
ပါမောက္ခ၊ ခန်းဒါး နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံ၊ ၏ စာအုပ်မှ အခန်း(၁)ကို ကူးယူဖော် ပြအပ်ပါသည်။
Link : Here
====================
◾️ အပိုင်း(၃)
• "ရိုဟင်ဂျာဆိုများ၏ လုတ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
• -----------------------------------------------------------------
• "ရိုဟင်ဂျာဆိုများ၏ လုတ်ဇာတ်များနှင့် သမိုင်းဖြစ်ရပ်များ"
• ဒေါက်တာအေးချမ်း (ရက္ခဝံသ၊ ရက္ခိတ)
• ပါမောက္ခ၊ ခန်းဒါး နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံ၊ ၏ စာအုပ်မှ အခန်း(၁)ကို ကူးယူဖော် ပြအပ်ပါသည်။
• -------------------------------------------------------
မြောက်ဦးခေတ် လူမျိုးစုံနေထိုင်မှုနှင့် သမိုင်းဆိုင်ရာ ဆန်းစစ်ချက်
---------------------------------------------------------------------------
မြောက်ဦးမြို့တော်၌ နေထိုင်ခဲ့သော ဘင်္ဂါလီကဗျာဆရာ အလ္လာအိုးလ် (Alaol)က ၁၆၃၅ ခုနှစ်တွင် စပ်ဆိုသော ကဗျာတစ်ပုဒ်၌ မင်းနေပြည်တော်တွင် လူမျိုးပေါင်းစုံ နေထိုင်ခဲ့ကြပြီး အီဂျစ်၊ တူရကီ၊ အာသံ၊ အာချေး (အင်ဒိုနီးရှား)၊ မလေး၊ ကုဒ်ရှ် (Kurd)၊ အာဖဂန်၊ မဂို (Mughal)၊ ဟိန္ဒူ၊ ဗမာ၊ မွန်၊ ယိုးဒယား၊ အာမေးနီးယား၊ ဒတ်ချ်၊ ဒိန်းမတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် နှင့် ပေါ်တူဂီ လူမျိုးများ ပါဝင်သည်ဟုဆိုသည်။
သို့ဖြစ်ရာ သည်မျှများပြားလှသော လူမျိုးများထဲမှ အာရပ်လူမျိုး တစ်မျိုးတည်းကိုသာ မီးမောင်းထိုးပြ၍ မရပြီ။ မူဆလင်ကမ္ဘာနှင့် ကူးသန်းရောင်းဝယ်ရာတွင် မူဆလင်ကုန်သည်တို့၏ ယုံကြည်မှုကို ရရှိစေရန် ရခိုင်ပြည်သုံးဒင်္ဂါးများ၌ ဘုရင်၏ ဘွဲ့တံဆိပ်ကို အာရဗီအက္ခရာ ဖြင့် ရေးထိုးရန်လို၏။ ရခိုင်ဘုရင်များသည် မူဆလင်ကုန်သည်များကို လက်ခံတွေ့ဆုံရာအခမ်းအနား၌ အစ္စလာမ်ဘာသာဝင် စူလတန်ဘုရင်တို့ထက် ဘုန်းတန်ခိုး မနိမ့်ကျကြောင်းကို ညွှန့်ဆိုပြသ၏။ ထို့ပြင် မူဆလင်မောင်းမမိဿံများ အမြှောက်အမြား ထားရှိ မူဆလင် သူကောင်းမျိုးတစ်ဦးကို ဂွေးသင်းပြီး"မော်လိပ်”ဟူသော ရာထူးဖြင့် အမှုထမ်းစေ၏။
သမိုင်းဆိုင်ရာ အမှားအယွင်းများကို ပြန်လည်ချေပချက်
---------------------------------------------------------------
အေအက်ဖ်ကေ ဂျီလာနီ (Attequllah Gilani) ဆိုသူက အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ်ဘာသာဖြင့် သမိုင်းလိမ်စာအုပ်တစ်စောင် ထုတ်ဝေရာ မြန်မာသမိုင်းပညာရှင် ဂျီအိပ်ချ်လုစ် (G.H. Luce) နှင့် ဒေါက်တာသန်းထွန်း တို့ကို ကိုးကား၍ အောက်ပါအတိုင်း မှားယွင်းစွာ ဖော်ပြခဲ့သည် -
“ယခင် ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ၊ နောင် မန္တာလေးတက္ကသိုလ် ပါမေက္ခချုပ်ဖြစ်သော ဒေါက်တာသန်းထွန်းက ဤသို့ ရေးသား၏-
"ရခိုင်မင်းများသည် မူဆလင်ဘွဲ့များကို ခံယူကြ၏။ ထိုကျောက်စာပါ မင်းများသည် နတ်မြစ်အရှေ့ မေယုမြစ်ဝှမ်းမှ ရိုဟင်ဂျာများ ဖြစ်ဖွယ်ရှိ၏။ သူတို့ ထိုအရပ်၌ နေကြသည်မှာ အနှစ်တစ်ထောင်ခန့် ရှိပြီဟု ဆိုသည်။ သက္ကရာဇ် ၁၂၀၂မှစ၍ ဘင်္ဂလားကို မူဆလင်တို့ အုပ်စိုးလေရာ ကျောက်စာမှာလည်း ၁၄၄၂ခုနှစ်ထိုးဖြစ်သဖြင့် ရခိုင်မှ မူဆလင်မင်းသည် အဝမင်းနှင့် မဟာမိတ်ဖြစ်ခဲ့လေသည်။ နရမိတ်လှကား အင်းဝသို့ သွားရောက်လည်ပတ်ခဲ့ဟန် တူပါသည်ဟ” ဟု ဗြောင်လိမ်ထားသည်ကို တွေ့ရပါသည်။
အဆိုပါ အချက်များနှင့် ပတ်သက်၍ အမှန်တရားမှာ အောက်ပါအတိုင်းဖြစ်သည် -
--------------------------------------------------------------------------------------------
ဤအချက်ကို ဒေါက်တာသန်းထွန်းကိုယ်တိုင် မှားယွင်းစွာ ရေးမိကြောင်း ပြင်ဆင်ခဲ့ပြီး။ မူဆလင်ဘွဲ့ ဟူသည်မှာလည်း မည်သည့်ကျောက်စာမှာမှ မပါ။ ပန်းသေးတို့ အနွယ် ရခိုင်မင်း ဆိုသော စကားမှာလည်း စစ်ကိုင်း ထူးပါရုံကျောက်စာမှာသာ ပါရှိခြင်းဖြစ်၍ ရခိုင်ကျောက်စာလည်း မဟုတ်။ မူလထိုးလည်း မဟုတ်၊ ဆင့်ထိုးမျှသာ ဖြစ်သည်။
ဒေါက်တာသန်းထွန်းကား ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခ မဖြစ်ခဲ့ဖူးပါ။ မန္တလေးတက္ကသိုလ် တွင်သာ ပါမောက္ခအဖြစ် ၁၉၆၅ မှ ၁၉၈၂ ထိ တာဝန်ထမ်းဆောင်သွားပါသည်။ ပါမောက္ခချုပ် မဟုတ်ပါ။
ဂျီလာနီလိမ်ထားသကဲ့သို့ ပါမောက္ခ လုစ်ကလည်း ထိုသို့ မရေးခဲ့ပါ။ ရခိုင်မှ မူဆလင်များ ထိုဒေသသို့ ရောက်လာသည်မှာ အရင် အနှစ် ၄၀၀ ထက် မစောနိုင်ဟုသာ ရေးသားသည်။
သည်မျှအရှက်ကင်းမဲ့စွာ လိမ်ထားသည့် စာအုပ်ကို ဂျပန်ပညာရှင်ဆိုသူ တစ်ဦးက သံယောင်လိုက်၍ ပြောပြန်ပါသည်။ ထိုဆရာကြီးသည် ကျွှန်တော်၏ စာတမ်းကို ချေပခြင်း ဖြစ်သည်။ ကျွန်တော်စာတမ်းကို ပုံနှိပ်ထုတ်ဝေထားသော်လည်း သူ့စာတမ်းကို ထုတ်ဝေခြင်း မပြုပါ။ ၎င်းသည် ဂျပန်တရားရုံး ချုပ်တွင် သို့သာ သက်သေခံအဖြစ် တင်ပြခဲ့ပါသည်။ ထိုဂျပန်ဆရာကြီးကိုကား ဂျပန်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးအဖြစ် လူသိများကြပါသည်။
ရခိုင်ဘုရင်များ မူဆလင်ဘွဲ့ခံယူခြင်းနှင့် ပတ်သက်သော သမိုင်းစစ်တမ်း
-----------------------------------------------------------------------------------
ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်မင်းများ မူဆလင်ဘွဲ့နာမည်များ ခံယူခဲ့ခြင်းကို အရှေ့တိုင်း(သမိုင်း)တွင် သာဓကပြ၍ရသောနေရာ အတော်များများ ရှိပါသည်။ အစ္စလာမ်ဘာသာဝင်တို့သည် (ကာဖိရ် - Kafir)ဟုခေါ်သော မူဆလင်မဟုတ်သူ တစ်ဦး၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရခြင်းသည် ဂုဏ်အသရည် ယုတ်လျော့ကျဆင်းသည်ဟု ယူဆတတ်ကြသည်။ ထို့ကြောင့် မူဆလင်ဘွဲ့ကို ခံယူခြင်းဖြင့်လက်အောက်ခံ မူဆလင်ဘာသာဝင်များကို နိုင်ငံတော်အတွင်း၌ အခြားဘာသာဝင်များနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်စေသည်။ ထိုဓလေ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသရှိ ချက္ကမရာဇာ (Chakma Rajas) များ ယနေ့တိုင် ကျင့်သုံးလျှက် ရှိနေကြပေသေးသည်။
ဘွဲ့အမည်များ ခံယူခဲ့ပုံ
------------------------
• မင်းခမောင်း (၁၆၁၂-၁၆၂၂): "ဝရဓမ္မရာဇာ" ဟူသော ဗုဒ္ဓဘာသာဘွဲ့အပြင် "ဟူဆိန်ရှား" (Hussain Shah) ဟူသော မူဆလင်ဘွဲ့ ကို ခံယူခဲ့သည်။
• သားဖြစ်သူ မင်းဟာရီက (သီရိသုဓမ္မရာဇာ)ဟူသော ဗုဒ္ဓဘာသာဘွဲ့နှင့် "ဆလင်ရှား" (Salim Shah) ဟူသော မူဆလင်ဘွဲ့ ကို ခံယူခဲ့ကြ၏။
ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်မင်းများ မူဆလင်ဘွဲ့နာမည်များကို ခံယူကြခြင်းသည် အဆန်းမဟုတ်ကြောင်း အစ္စလာမ်ယဉ်ကျေးမှုပြန့်ပွားပုံကို အထူးလေ့လာလိုက်စားသူသုတေသီ ဖိလစ်ဝဂွန်နာ (Phillip Wagoner) က ဤသို့ကောက်ချက်ချထားသည် -
ဦးစွာ နားလည်ရမည်အချက်မှာ "အစ္စလာမ်ဓလေ့ကို လက်ခံခြင်းသည် နိုင်ငံရေးမဟာဗျူဟာတရပ်ကို ရည်ညွှန်းခြင်းမျှသာ ဖြစ်သည်ဟူသော အချက်ဖြစ်၏။ ထိုဗျူဟာဖြင့် အုပ်စိုးသူမင်းသည် ကမ္ဘာအနှံ့ ကျယ်ပြန့်စွာ ယုံကြည်ကိုးကွယ်နေကြသော အစ္စလာမ်ဘာသာ၏ စံနှုန်းများနှင့်အညီ မိမိ၏ တန်ခိုးဩဇာကို ကျားကန်ပေခြင်းပင် ဖြစ်၏။ ဤသို့သော အစ္စလာမ်မှုပြုခြင်းသည် ဘာသာဝါဒကူး ပြောင်းခြင်းလည်း မဟုတ်၊ ယုတ်စွအဆုံး ရိုးရာဓလေ့ ဒေသခံအစဉ်အလာများကိုပင် တစိုးတစိမျှ ထိခိုက်ခဲ့သည် မဟုတ်ချေ။"
သမိုင်းလိမ်များကို ချေပချက်
--------------------------------
“ရခိုင်မင်းများ မူဆလင်ဘွဲ့အမည်များ ခံယူကြခြင်းကိုပင် ရခိုင်ပြည်၌ မူဆလင်မင်းဆက် အုပ်စိုးခဲ့လေဟန် ဗြောင်လိမ်နေကြသော သမိုင်းလိမ်ဆရာများကား ဤအချက်ကို သတိပြုမိခဲ့ဟန် မတူပါ။ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်သော မင်းတို့သည် အိန္ဒိယနိုင်ငံ၊ မောရိယမင်းဆက် သီရိဓမ္မာသောက(အသောကမင်းကြီး) ကို စံထားကြကြောင့်ကို ခေတ်သစ်သမိုင်းပညာရှင်တို့ ထောက်ပြခဲ့ကြလေပြီ။
အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားချက်များ
-------------------------------------------------------
ပညာအရည်အချင်းရှိသော မူဆလင်များကို ရာထူဌာနန္တရပေး၍ မြှောက်စားသော်လည်း မြို့ပြအုပ်ချုပ်ရေးတွင် တာဝန်ပေးခြင်း မရှိကြောင်းကို တွေ့ရသည်။
မင်းဖလောင်းလက်ထက်တွင် "မီးချောင်းမြို့စား" ကွယ်လွန်သဖြင့် မူဆလင်တစ်ဦးဖြစ်သော "မျာလီ" ဆိုသူက မြို့စားရာထူး လျှောက်ထားသောအခါ မဟာပညာကျော် အမတ်ကြီး က-
"မရမာနှင့် ကုလားသည် လူချင်းတူသော်လည်း စိတ်ချင်းမတူပါ၊ မရမာတို့အရပ်၌ ကုလားကို မြို့စားထားလေသော် ကုလားတို့အယူသို့ပါလေအောင် သွေးဆောင်ပြုလေလျှင် မရမာတရားကွယ်လျှက် ကုလားအကျင့်သို့ ပါလေသော် ပြည်သူတို့အား သနားခြင်းမရှိသည်နှင့်တူတော့မည်”ဟူ၍" လျှောက်တင် ခဲ့သဖြင့် ထိုကုလား၏ လျှောက်ထားချက်ကို ပယ်ချခဲ့ဘူးသည်။
မူဆလင်မှတ်တမ်းများမှ သက်သေ
-----------------------------------------
ရခိုင်မင်းများသည် မိမိတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင် မင်းများဖြစ်ကြောင်းနှင့် ပြည်သူတို့ကိုလည်း ဗုဒ္ဓတရားတော်အတိုင်း လိုက်နာ၍နေထိုင်ကြရန်လည်း ထုတ်ပြန်ကြေငြာသော ဓလေ့ရှိ၏။ ပြည်သူတို့ လိုက်နာရမည့် ကျင်ဝတ်နှင့်ပတ်သက်၍ မင်းရာဇာကြီး(၁၅၉၃-၁၆၁၂)လက်ထက်တွင်ထုတ်ပြန်သော အမိန့်တစ်ရပ်တွင်…
“ပြည်သူတို့လည်း ကောင်းသောအကျင့်ကိုသာ ကြိုက်သင့်သည်။ ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါးတို့သည် သီလတည်သော ပညာရှိတို့၏ အလေ့မှန်သည်။ အဒိန္နဒါနာ- သူ့ဥစ္စာကို ခိုးခြင်း၊ ပါဏာတိပါတာ- သူ့အသက်ကို သတ်ခြင်း၊ ကာမေသုမိစ္ဆာစာရာ- သူ့မယား သူ့သားသမီးကို ဖျက်ဆီးသမှု ပြုခြင်း၊ သမ္ဖပ္ပလာပဝါစာ- သရော်ဟော်ရမ်း ပြောဆိုတတ်ခြင်း၊ အဘိဇ္ဈာ- မတရားသောအမှုကို ကြံစည်ခြင်း၊ ဗျာပါဒ- သူတစ်ပါး ပျက်စီးလျှင် ဝမ်းမြောက်တတ်ခြင်း၊ မိစ္ဆာဒိဋ္ဌိ- ဟုတ်မှန်သောတရားကို မသိ၍ ယုံမှားခြင်း၊ ဤတရားဆယ်ပါးကို ရှောင်ကြဉ်မှ သူတော်ကောင်း သုစရိုက်မှန်သည်။ အသက်ထက်ဆုံး သူတော်ဓလေ့ကို မြဲမြံကြစေ” ဟု ထုတ်ပြန်ထားလေရာ ဗုဒ္ဓဘာသာ၏ အဆုံးအမကို လက်ကိုင်ထားကြရန်သာ ဆုံးမပဲ့ပြင်ထားကြောင်း တွေ့ရသည်။
ရခိုင်ပိုင်နက်တွင် နေထိုင်သော ဘင်္ဂလားနယ်သား မူဆလင်တို့ ရခိုင်ဘုရင်ကို မည်သို့ ရှုမြင်ကြကြောင်း လေ့လာရသော်---
“ရခိုင်ဘုရင် မည်သည်မှာ မိစ္ဆာဒိဋ္ဌိတဦးမျှသာဖြစ်၍ သူ၏အယူဝါဒမှာလည်း မူဆလင်အယူလည်း မဟုတ်၊ ဟိန္ဒူအယူလည်း မဟုတ်ချေ။
ထိုသူတို့ကား “မည်သည့်မိန်းမကိုမဆို ယူ၍ရ၏။ နှမကိုလည်း ယူ၏။ အမိမှလွဲ၍ မိန်းမဟူသမျှကို ယူ၏။ ယောက်ျားဖြစ်သော်လည်း မုတ်ဆိတ်ကျင်စွယ်လည်း မထား” ဟူ၍ သူတို့ကို အုပ်ချုပ်မင်းလုပ်နေသူများကို မှတ်တမ်းတင်၏။
ဤမှတ်တမ်းကား မဂိုသမိုင်းဆရာ ရှိဟပ်အူဒင်တာလစ်ရှ် (Shihabuddin Talish) ၏ မှတ်တမ်းဖြစ်ပေရာ ရခိုင်မင်းများ မူဆလင်မဟုတ်ကြကြောင်း မူဆလင်မှတ်တမ်းများကပင် ဖော်ပြထားသည်ကို ငြင်းဆိုနိုင်မည် မဟုတ်ချေ။
Arakan Historical Research Society(AHRS)
ရခိုင်သမိုင်းသုတေသနအဖွဲ့(ရသသဖ)
ပညာရေးနှင့်ထုတ်ဝီရေးဌာန
၃၁. ၁. ၂၀၂၆
Link : Here



No comments:
Post a Comment