Wednesday, March 13, 2019

ကျောက်တော်မြို့က မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရသူ ၂ ဦး ပြန်လွတ်မြောက်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-13
 ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) နဲ့ တရားစွဲ ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် ဒေသခံ ၄ ဦးထဲက ၂ ဦးကို ရဲတပ်ဖွဲ့က မနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူ ၂ ဦးဟာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက မဟာနွယ် ကိုယ်ပိုင်အထက် တန်းကျောင်းပိုင်ရှင် ဦးကျော်ကျော်ညွန့်နဲ့ မဟာမုနိကျေးရွာက ဦးသန်းထွန်းတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရ တာကြောင့် ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သရက်တပင်ကျေးရွာက ဒေသခံ ၂ ဦးနဲ့ မဟာမုနိကျေးရွာက ဒေသခံ ၂ ဦး ကျောက်တော်မြို့မရဲစခန်းက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) (၂) တို့ နဲ့ အမှုဖွင့်ဖမ်း ဆီးခဲ့တာဖြစ်ပါတယ်။ မနေ့ညက ၂ ဦး ပြန်လည် လွှတ်မြောက်လာပြီဖြစ်တာကြောင့် သရက်တပင်ကျေးရွာနဲ့ မဟာမုနိကျေးရွာက ဒေသခံ ၁ ဦးစီ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။မြောက်ဦး မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနဲ့ ဒေသခံ ၁ ဦးကိုလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထားရာကနေ သက်သေမခိုင်လုံတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */