အပိုင်း(၄)...........
ဗမာ (မြန်မာ) နိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း မွတ်စလင် အခြေချနေထိုင်မှု နယ်မြေတစ်ခု ဖြစ်ထွန်းလာပုံ
---------------------------------------------------------------
ဆရာကြီး ဒေါက်တာ အေးချမ်း ။ ခန်ဒါ အပြည်ပြည်ဆိုင်ရာ လေ့လာရေး တက္ကသိုလ်။
(Kanda University of International Studies)၏ စာတမ်းကို မြန်မာဘာသာပြန်ဆိုတင်ဆက်သည်။
အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးသောအခါ ဦးစိန္ဒက လူသိရှင်ကြား ကန့်ကွက်ရှုံ့ချခဲ့သည်။
၁၉၄၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြေပုံမြို့၌ "လုံးဆိုင်ရာ ရခိုင်ညီလာခံ" ကို ကျင်းပခဲ့ပြီး ရခိုင်ရှိ ပါတီအားလုံးမှ လူပေါင်း တစ်သောင်းခန့် တက်ရောက်ခဲ့သည်။
ထိုညီလာခံတွင် တက်ရောက်သူအချို့က ဗိုလ်ချုပ်အောင်ဆန်းကို အခွင့်အရေးသမားအဖြစ် မျက်နှာချင်းဆိုင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ပုန်ကန်လိုသည့် ကြွေးကြော်သံများကို အသုံးပြုခဲ့ကြသည် (British Library, London, India Office Records M/4/PRO: WO 203/5262)။
ဦးစိန္ဒသည် ၎င်း၏နောက်ကွယ်ရှိ ကွန်မြူနစ်များနှင့်အတူ ပုန်ကန်မှုဆီသို့ ရှေ့ဆက်သွားခဲ့သည်။ အမှန်စင်စစ် သခင်စိုး၏ အလံနီကွန်မြူနစ်များသည် ဦးစိန္ဒနှင့် ဖဆပလကြားမှ နားလည်မှုလွဲမှားမှုများကို အခွင့်ကောင်းယူခဲ့ကြခြင်း ဖြစ်သည်။
၎င်းမှာ ဆွဲဆောင်မှုရှိသော ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့အမျိုးသားညီညွတ်ရေးတပ်ဦး (ဖဆပလ) အတွင်းရှိ ဝါဒရေးရာ တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဝတ်လုံတော်ရ ဦးလှထွန်းဖြူ ဦးဆောင်သည့် ရခိုင်ပညာတတ်အချို့သည် ရန်ကုန်တွင် အစည်းအဝေးပြုလုပ်ကာ ရခိုင်လူမျိုးများအတွက် "ရခိုင်နစ္စတန်" (Arakanistan) နယ်မြေထူထောင်ရန် တောင်းဆိုခဲ့ကြသည် (British Library, London, India Office Records, M/4/2503)။
ရခိုင်လူမျိုးများ၏ ဤလှုပ်ရှားမှုများအားလုံးသည် မေယုနယ်ခြားဒေသရှိ မူစလင်များကို ထိတ်လန့်သွားစေခဲ့ပုံရသည်။ လွတ်လပ်ရေးရခါနီးအချိန်တွင် ပညာတတ်မူစလင်အများစုသည် အစ္စလာမ်ဘာသာအပေါ် အခြေခံသည့် စုပေါင်းလက္ခဏာ တစ်ရပ်နှင့် ၎င်းတို့၏ အသိုက်အဝန်းမှာ မြန်မာနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ယဉ်ကျေးမှု၊ လူမျိုးစုအရ ကွဲပြားသည်ဟူသော ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ရခိုင်လူမျိုးများသည်လည်း ၎င်းတို့၏ နယ်ခြားဒေသတွင် မူစလင်လူဦးရေမှာ လွှမ်းမိုးကြီးစိုးလာနေမှုကို ကြည့်၍ လူမျိုးရေးအရ လုံခြုံမှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် ပိုမိုစိုးရိမ်လာခဲ့ကြသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးအောင်ပွဲ ဆင်နွှဲပြီးနောက် မကြာမီမှာပင် မေယုနယ်ခြားဒေသရှိ ကျေးလက်တောရွာများ၌ လူမျိုးရေးပဋိပက္ခများ ပြန်လည်နိုးထလာခဲ့သည်။ ဂျီဟတ် (Jihad) စစ်ပွဲအသွင်ဖြင့် ပေါ်ပေါက်လာပြီး မူစလင်ဘာသာရေးဆရာ (မော်လဝီ) များက ဦးဆောင်သည့် ထိုလှုပ်ရှားမှုကြောင့် ဝေးလံခေါင်ဖျားသော ကျေးလက်ဒေသများတွင် ဓားပြတိုက်ခြင်း၊ မီးရှို့ခြင်းနှင့် မုဒိမ်းကျင့်ခြင်းများ ဖြစ်ပွားခဲ့သည်။ မိုရှေးယေးဂါး (Moshe Yegar) က မူဂျာဟစ်ပုန်ကန်မှု၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဂျပန်တို့သိမ်းပိုက်စဉ်က ထွက်ပြေးခဲ့သော မူစလင်များကို ၎င်းတို့၏ ကျေးရွာများတွင် ပြန်လည်အခြေချခွင့် မပြုခြင်းကြောင့်ဖြစ်သည်ဟု ရေးသားခဲ့သည် (Yegar 1972: 98)။
အမှန်စင်စစ် စစ်မဖြစ်မီက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရခိုင်ကျေးရွာပေါင်း နှစ်ရာကျော် ရှိခဲ့သည်။ စစ်ပြီးခေတ်တွင် ရခိုင်လူမျိုးများ ပြန်လည်အခြေချရန် သင့်တော်သော ကျေးရွာ ခြောက်ဆယ်သာ ကျန်ရှိတော့သည်။
ထိုခြောက်ဆယ်အနက် ကျေးရွာပေါင်း ၄၄ ရွာမှာ လွတ်လပ်ရေးရပြီး ပထမနှစ်အနည်းငယ်အတွင်း မူဂျာဟစ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ရခိုင်ရွာသား ထောင်ပေါင်းများစွာမှာ မြို့ပေါ်များသို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီး ၎င်းတို့၏ ကျေးရွာအများအပြားကို စစ်တကောင်းဘင်္ဂါလီများက သိမ်းပိုက်ခဲ့ကြသည် (ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ ၁၉၈၆: ၅၈-၆၀)။
မူဂျာဟစ်ထကြွမှုသည် လွတ်လပ်ရေးမရမီ နှစ်နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၆ ခုနှစ် မတ်လတွင် စစ်တကောင်းခရိုင်သား ဇက်ဖရ်ကာဝေါလ် (Zaffar Kawal) က ဦးဆောင်၍ မူစလင်လွတ်မြောက်ရေးအဖွဲ့ (MLO) ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၈ ခုနှစ် မေလတွင် မောင်တောမြို့မြောက်ဘက် ဂါးရာပြင်ကျေးရွာ၌ ညီလာခံတစ်ခု ကျင်းပခဲ့ပြီး အဖွဲ့အမည်ကို "မူဂျာဟစ်ပါတီ" (Mujahid Party) ဟု ပြောင်းလဲခဲ့သည်။
အနီးနားကျေးရွာများမှ စစ်တကောင်းဘင်္ဂါလီအချို့သည် စစ်အတွင်းက စုဆောင်းထားသော လက်နက်များကို ဖက္ကီးဘဇား (Fakir Bazaar) ရွာနှင့် ရှာဘီဘဇား (Shahbi Bazaar) ရွာရှိ ဗလီများသို့ ယူဆောင်လာခဲ့ကြသည် (ရန်ကုန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မော်ကွန်းတိုက်၊ DR 491 (56))။ ဇက်ဖရ်ကာဝေါလ်သည် စစ်သေနာပတိဖြစ်လာပြီး ၎င်း၏လက်ထောက်မှာ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှ တပ်ကြပ်ဟောင်း အဗ္ဗဒူဟူစိန် (Abdul Husein) ဖြစ်သည် (ကာကွယ်ရေးမော်ကွန်းတိုက်၊ DR 1016)။
မူဂျာဟစ်ပါတီသည် ၁၉၄၈ ခုနှစ် ဇွန်လ ၉ ရက် ရက်စွဲဖြင့် အူရဒူဘာသာဖြင့် ရေးသားထားသော စာတစ်စောင်ကို မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရထံ ပေးပို့ခဲ့သည်။
၎င်းတို့၏ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည် (ကာကွယ်ရေးမော်ကွန်းတိုက်၊ CD 1016/10/11) -
(၁) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ် အရှေ့ဘက်ကမ်းအကြား နယ်မြေကို မြန်မာနိုင်ငံရှိ မူစလင်များ၏ အမျိုးသားနယ်မြေ (National Home) အဖြစ် အသိအမှတ်ပြုရမည်။
(၂) ရခိုင်ရှိ မူစလင်များကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားများအဖြစ် လက်ခံရမည်။
(၃) မူဂျာဟစ်ပါတီကို နိုင်ငံရေးအဖွဲ့အစည်းအဖြစ် တရားဝင်အဆင့်အတန်း ပေးရမည်။
(၄) အူရဒူဘာသာစကားကို ရခိုင်ရှိ မူစလင်များ၏ အမျိုးသားဘာသာစကားအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး မူစလင်နယ်မြေရှိ ကျောင်းများတွင် သင်ကြားပေးရမည်။
(၅) ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များမှ ဒုက္ခသည်များကို ၎င်းတို့၏ ကျေးရွာများတွင် နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်အခြေချပေးရမည်။
(၆) အရေးပေါ်လုံခြုံရေးအက်ဥပဒေဖြင့် ဖမ်းဆီးထားသော မူစလင်များကို အခြေအနေမရှိ လွှတ်ပေးရမည်။
(၇) မူဂျာဟစ်ပါတီဝင်များအား အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်။
မိမိကိုယ်ကိုယ် "ရခိုင်မူစလင်များ" ဟု ခေါ်ဆိုခြင်းနှင့် "အူရဒူ" ကို ၎င်းတို့၏ အမျိုးသားဘာသာစကားအဖြစ် သတ်မှတ်ခြင်းက အိန္ဒိယတိုက်ငယ်အား နိုင်ငံနှစ်ခုအဖြစ် မခွဲခြမ်းမီက အိန္ဒိယမူစလင်များ ပြသခဲ့သည့် စုပေါင်းလက္ခဏာ (Collective Identity) စိတ်ဓာတ်မျိုး ၎င်းတို့တွင် ရှိနေကြောင်း ဖော်ပြနေသည်။
၎င်းတို့၏ တောင်းဆိုချက်များကို လျစ်လျူရှုခံရသောအခါ မူဂျာဟစ်များသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရခိုင်ကျေးရွာအားလုံးကို ဖျက်ဆီးခဲ့ကြသည်။
၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် မောင်တောမြို့နယ် ငပရူးချောင်းနှင့် အနီးနားရှိ ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး ရွာသားအချို့နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပြန်ပေးဆွဲခဲ့ကြသည် (ကာကွယ်ရေးမော်ကွန်းတိုက်၊ CD 1016/10/11)။ ၁၉၅၁ ခုနှစ် ဇွန်လ ၁၅ နှင့် ၁၆ ရက်တွင် အလယ်သံကျော်ကျေးရွာ၌ "လုံးဆိုင်ရာ ရခိုင်မူစလင်ညီလာခံ" ကို ကျင်းပခဲ့ပြီး "ရခိုင်မူစလင်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တောင်းဆိုချက်များ" ကို ထုတ်ပြန်ခဲ့သည်။ ၎င်းတွင် "ရခိုင်ပြည်၏ အဓိကလူမျိုးစုကြီးနှစ်ခုဖြစ်သော မူစလင်နှင့် ရခိုင် (Maghs) တို့အကြား အာဏာခွဲဝေမှု" ကို တောင်းဆိုထားသည်။
ထိုတောင်းဆိုချက်တွင် -
"ရခိုင်မြောက်ပိုင်းကို ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းတောင်တန်းနှင့် ကချင်ဇုန်တို့ကဲ့သို့ပင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တန်းတူညီမျှသော အဖွဲ့ဝင် လွတ်လပ်သည့် မူစလင်ပြည်နယ်တစ်ခုအဖြစ် ချက်ချင်းဖွဲ့စည်းပေးရမည်။
ထိုပြည်နယ်တွင် ပြည်ထောင်စု၏ အထွေထွေကွပ်ကဲမှုအောက်၌ ကိုယ်ပိုင် ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များ ရှိရမည်" (ကာကွယ်ရေးမော်ကွန်းတိုက်၊ DR 1016/10/13)။
ဤနေရာတွင်လည်း ထိုသူများကို "ရခိုင်မူစလင်များ" (Muslims of Arakan) ဟုသာ ဖော်ပြထားသည်ကို သတိပြုနိုင်ပါသည်။
"ရိုဟင်ဂျာ" (Rohingya) ဟူသော စကားလုံးကိုမူ ဘူးသီးတောင်အမတ် မစ္စတာ အဗ္ဗဒူဂါဖား (Mr Abdul Gaffar) က ၁၉၅၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်ထုတ် Guardian Daily သတင်းစာပါ "The Sudeten Muslims" အမည်ရှိ သူ၏ဆောင်းပါးတွင် ပထမဆုံးအကြိမ် ထည့်သွင်းသုံးနှုန်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လွတ်လပ်သောမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်သည် မူစလင်ခေါင်းဆောင်အချို့ကို နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လှုံ့ဆော်ပေးနိုင်ခဲ့သည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခဲ့ရာတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မူစလင်လေးဦး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။
တစ်ဖက်တွင်မူ မူဂျာဟစ်သူပုန်ထမှုကြောင့် နယ်စပ်ဒေသသည် ဆယ်စုနှစ်တစ်ခုကြာအောင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဆက်ခံခဲ့သည့် ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ရခိုင်နှင့် မွန်လူမျိုးများအတွက် ပြည်နယ်ပေးမည်ဟု ကတိပြုခဲ့သည်။ ၎င်းသည် တောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အာဏာရလာသောအခါ ရခိုင်နှင့် မွန်ပြည်နယ်များ ဖွဲ့စည်းရေး အစီအစဉ်များ စတင်လာခဲ့သည်။
ထိုအခါ သဘာဝကျစွာပင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ မူစလင်လွှတ်တော်အမတ်များက ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့ကြပြီး "ရိုဟင်ဂျာပြည်နယ်" ထူထောင်ပေးရန် တောင်းဆိုခဲ့ကြသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်သောအခါ ရိုဟင်ဂျာလှုပ်ရှားမှု အားလုံးနီးပါး မြေအောက်သို့ ရောက်သွားခဲ့သည်။
ဦးနေဝင်း၏ "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်" ၏ ပထမဆုံးခြေလှမ်းမှာ ၁၉၆၄ ခုနှစ်တွင် ပုဂ္ဂလိကလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခြင်းဖြစ်သည်။
ဤအစီအစဉ်သည် အိန္ဒိယနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပိုင်ပစ္စည်းများကို ပြည်သူပိုင်ကော်ပိုရေးရှင်းများအဖြစ် ပြောင်းလဲရန် ရည်ရွယ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မြို့ကြီးများတွင် နေထိုင်သော အိန္ဒိယနှင့် ပါကစ္စတန် စီးပွားရေးသမား အများစုသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။
လက်လီကုန်သွယ်ရေးကို ပြည်သူပိုင်သိမ်းရန် ဆုံးဖြတ်ပြီးနောက် နှစ်နှစ်အတွင်း အိန္ဒိယနွယ်ဖွား ၁၀၀,၀၀၀ ခန့်နှင့် ပါကစ္စတန်နွယ်ဖွား ၁၂,၀၀၀ ခန့်သည် ၎င်းတို့၏ နေရပ်သို့ ပြန်ခဲ့ကြသည်။
ဤမူဝါဒများကြောင့် အိန္ဒိယသို့ ပြန်သူများပြားလာခြင်းမှာ ၁၉၆၄ ခုနှစ်တွင် စတင်ခဲ့သည် (Donison 1970: 199-200)။
သို့သော် ရခိုင်မြောက်ပိုင်းမှ လယ်သမားမူစလင် အများစုမှာမူ စစ်ပြီးခေတ်တွင် အမျိုးသားမှတ်ပုံတင်ဌာနက ထုတ်ပေးထားသော အမျိုးသားမှတ်ပုံတင်ကတ်များကို ကိုင်ဆောင်ထားကြပြီး ထိုဖြစ်ရပ်များအပေါ် စိုးရိမ်မှုမရှိဘဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ၁၉၈၇ ခုနှစ်တွင် စတင်ကျင့်သုံးချိန်အထိ နယ်စပ်ဒေသများ၌ ဆက်လက်နေထိုင်ခဲ့ကြသည်။
၁၉၇၃ ခုနှစ်တွင် ဦးနေဝင်း၏ တော်လှန်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မူကြမ်းရေးဆွဲရန် ပြည်သူ့သဘောထားကို တောင်းခံခဲ့သည်။
မေယုနယ်ခြားဒေသမှ မူစလင်များသည် သီးခြားမူစလင်ပြည်နယ်တစ်ခု သို့မဟုတ် အနည်းဆုံးအားဖြင့် ၎င်းတို့အတွက် တိုင်း (Division) တစ်ခု သတ်မှတ်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ကော်မရှင်ထံ အဆိုပြုချက် တင်ပြခဲ့သည် (Kyaw Zan Tha 1995: 6)။
၎င်းတို့၏ အဆိုပြုချက်မှာ ထပ်မံပယ်ချခံခဲ့ရသည်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပသောအခါ မေယုနယ်ခြားဒေသမှ ဘင်္ဂါလီမူစလင်များသည် "ပြည်သူ့လွှတ်တော်" သို့ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲ ပြီးဆုံးပြီးနောက်တွင် လက်နက်ခဲယမ်းအချို့သည် မေယုနယ်ခြားဒေသမှ မူစလင်ခေါင်းဆောင်ငယ်များ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
၁၉၇၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် ရိုဟင်ဂျာပါတီအားလုံး၏ ညီလာခံကို ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ကျင်းပခဲ့ပြီး "ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေး" အတွက် တောင်းဆိုခဲ့ကြသည် (Mya Win 1992: 3)။
မြန်မာ့စစ်အစိုးရ အဆက်ဆက်သည် အထူးသဖြင့် နယ်စပ်ဒေသရှိ ဘင်္ဂါလီအများစုအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုရန် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ခဲ့သည်။
၎င်းတို့သည် ပထမ အင်္ဂလိပ်-မြန်မာစစ် (၁၈၂၄) မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော တိုင်းရင်း သားစုများကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တင်းတင်းကျပ်ကျပ် ကျင့်သုံးခဲ့သည်။
ဤဥပဒေအရ ထိုမူစလင်များသည် ရာစုနှစ်တစ်ခုကျော် နေထိုင်လာခဲ့သော မြေပေါ်တွင် နိုင်ငံခြားသားများကဲ့သို့ ဆက်ဆံခံခဲ့ရသည်။
၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်းရှိ မူစလင်အားလုံးမှာ ၂၄.၃ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အားလုံးကို "ဘင်္ဂလားဒေ့ရှ်နွယ်ဖွား" (Bangladeshi) အဖြစ် အမျိုးအစား ခွဲခြားထားကာ ရခိုင်ဗုဒ္ဓဘာသာဝင်များမှာ ရခိုင်ပြည်နယ် လူဦးရေ၏ ၆၇.၈ ရာခိုင်နှုန်း ရှိသည် (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၁၉၈၇: I-14)။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ထိုမူစလင်များသည် ရိုဟင်ဂျာအလံကို လွှင့်ထူကာ ထပ်မံလှုပ်ရှားလာခဲ့သည်။ နောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသောအခါ ၎င်းတို့၏ ပါတီများကို "ရိုဟင်ဂျာ" အမည်ဖြင့် အသိအမှတ်ပြုရန် တောင်းဆိုခဲ့ကြသည်။
ထိုတောင်းဆိုချက် ပယ်ချခံရသောအခါ ၎င်းတို့အနက် အချို့မှာ နည်းဗျူဟာပြောင်းလဲကာ "လူ့အခွင့်အရေးဆိုင်ရာ ဒီမိုကရေစီပါတီ" (NDPHR) ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် လေးခု၌ အနိုင်ရရှိခဲ့သည်။
(ထိုရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ALD မှ အမတ်လောင်း ၁၁ ဦး အနိုင်ရခဲ့သည်)။ သို့သော် ရွေး ကောက်ပွဲကော်မရှင်သည် ALD နှင့် NDPHR ပါတီနှစ်ခုလုံးကို ၁၉၉၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ပါတီဝင်အချို့မှာ မြေအောက်သို့ ရောက်ရှိသွားပြီး အချို့မှာ ပြည်ပသို့ တိမ်းရှောင်ခဲ့ကြသည်။
မကြာသေးမီက အချို့အုပ်စုများ၏ လှုပ်ရှားမှုများမှာ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လူမျိုးစုလက္ခဏာကို အသိအ မှတ်ပြုခံရရန်နှင့် အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် ဖြစ်သည်။သို့သော် အချို့သောအဖွဲ့များမှာမူ သီးခြားမူစလင်ပြည်နယ် တည်ထောင်ရေးဟူသော အစွန်းရောက်အယူအဆကို လက်ခံကျင့်သုံးကြသည်။
အောက်ပါတို့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လက်ရှိလှုပ်ရှားနေသော ရိုဟင်ဂျာအဖွဲ့အစည်းများ ဖြစ်သည် (Mya Win 1992: 3) -
၁။ RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့အစည်း)
၂။ ARIF (ရခိုင်ရိုဟင်ဂျာ အစ္စလာမ်တပ်ဦး)
၃။ RPF (ရိုဟင်ဂျာ မျိုးချစ်တပ်ဦး)
၄။ RLO (ရိုဟင်ဂျာ လွတ်မြောက်ရေး အဖွဲ့အစည်း)
၅။ IMA (ရခိုင်အစ္စလာမ် မူဂျာဟစ်အဖွဲ့ချုပ်)
ဆရာကြီး ဒေါက်တာ အေးချမ်း ။ ခန်ဒါ အပြည်ပြည်ဆိုင်ရာ လေ့လာရေး တက္ကသိုလ်။
(Kanda University of International Studies)၏ စာတမ်းကို မြန်မာဘာသာပြန်ဆိုတင်ဆက်သည်။

No comments:
Post a Comment