" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 30, 2024

ရခိုင်က အနာဂတ်မျှော်လင့်ချက် ပျောက်နေသူများ

VOA
အင်ကြင်းနိုင်

၃၀ ဇွန်၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသော ရိုဟင်ဂျာများ (Photo: AFP on October 16, 2017 - ပုံဟောင်း)

ရခိုင်က အနာဂတ်မျှော်လင့်ချက် ပျောက်နေသူများ

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ လူမျိုးစုတွေကြား ခွဲခြားဆက်ဆံမှုတွေ မြင့်မားနေတာ၊ သတင်းအမှားတွေဖြန့်တာစတဲ့ အခြေအနေဟာ ရိုဟင်ဂျာတွေအပါအ၀င် ရခိုင်လူနည်းစု တိုင်း ရင်းသားတွေအတွက် အနာဂတ်မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ရိုဟင်ဂျာ ဆရာဝန် ဒေါက်တာမာရီယာ ဘေဂင် က ဗွီအိုအေကိုပြောပါတယ်။ ကိုယ်တိုင်လည်း ရိုဟင်ဂျာအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်သလို ရခိုင်ပြည်အနှံ့ ဆေးကုသပေးခဲ့ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်းကမှ ရခိုင်က ထွက်လာတဲ့ ဒေါက်တာမာရီယာ ဘေဂင် ကို ဘန်ကောက်မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါက်တာမာရီယာ ဘေဂင် ။ ။ ရခိုင်ဘက်မှာတွေ့ကြုံခဲ့ရတဲ့ အခြေအနေကို ပြောရမယ်ဆိုရင် နေရာပေါ် မူတည်ပြီးတော့ ပြောရမယ်ထင်တယ်။ ကျမတို့တာဝန်ယူခဲ့ရတဲ့ central ရခိုင်လို့ခေါ်မှာပေါ့နော်။ စစ်တွေ၊ ဒီဘက်ကဆိုရင် ပုဏ္ဏားကျွန်း၊ မြင်းပြား၊ ရသေ့တောင် အဲ့ဘက်မှာဆိုရင်တော့ အာရခန် အာမီကစတင်ပြီးတော့ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်တဲ့ အချိန်မှာစပြီးတော့ သူက recruitment တွေလည်းဆက်လုပ်တယ်။ အများအားဖြင့် ရခိုင်အမျိုးသားတွေပေါ့ သူတို့တွေလည်း ပူးပေါင်းချင်တဲ့ သူတွေရှိသလို တပ်ထဲမဝင်ချင်တဲ့ သူတွေလည်းရှိတော့ ရခိုင်အမျိုးသားတွေကိုယ်တိုင်လည်း Arakan Army လက်ကနေ ထွက်ပြေးကြတာတွေလည်း ရှိတယ်။ အဲ့လိုဘဲ နောက်ပိုင်းမှာ စကစ ကလည်း Force recruitment တွေလုပ်လာတဲ့အခါမှာ ရခိုင်လူမျိုးတွေရော၊ ချင်းတွေရော ကျန်တဲ့တိုင်း ရင်းသားတွေရော ထွက်ပြေးခဲ့ကြတာ တွေလည်းရှိတယ်။ အဲ့ဒီတော့ Central ရခိုင်မှာဆိုလို့ ရှိရင်တော့ မြို့တမြို့ပြီးတမြို့ နိုင်လာတယ်။ စကစ က သူထွက်သွားရတဲ့ အချိန်မှာဆိုရင် မြို့ခံတွေကို ဓါးစာခံအနေနဲ့ ထားပစ်ခဲ့တာ။ လမ်းတံတားတွေကို ဖျတ်စီးခဲ့တာ။ နောက်စျေးတွေ ကျောင်းတွေ ဒါတွေကို target ထားပြီးတော့ ဗုံးကြဲခဲ့တာတွေ အများအပြားလုပ်ခဲ့တယ်။

အထူးသဖြင့် ပေါက်တောမြို့ပေါ့နော်။ ကျမတို့ ပေါက်တောမြို့ကို ကြည့်မယ်ဆိုရင် ပေါက်တောမြို့က နိုဝင်ဘာ ၁၃-၁၄ တိုက်ပွဲစကတည်းကိုက ပေါက်တောမြို့ကို အကြိမ်ကြိမ်လာပြီး လေကြောင်းကနေလာပြီး ဖျက်စီးခဲ့တာဆို အခုချိန်ထိမရပ်နားသေးဘူး။ အလားတူပဲ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း အဲ့ဒီဘက်မှာလည်း တောက်လျှောက် Airstrike လုပ်ခဲ့ကြတယ်။ စကစ ကနေပြီးတော့ လုပ်တဲ့အခါမှာဆိုရင် ဒီနေရာမှာ ပြန်ပြီးတော့ ပြန်လည်ထူထောင်ရေး ရခိုင်အဖွဲ့အစည်းတွေပေါ့။ ရခိုင် local NGO တွေကနေတဆင့် ဒီဟာတွေကို ပြန်ပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ပြီးတော့ ဒီနေရာမှာနေခဲ့တဲ့ မွတ်စလင်တွေရော ရိုဟင်ဂျာတွေရော အကုန်လုံးကို မြို့ရွာတွေထဲ ပြန်ပေးဝင်ဖို့ဆိုတဲ့ ပုံစံနဲ့ Arakan Army က လုပ်ဆောင်ပေးတာတွေ ရှိတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကြိုးစားပေးတာတွေ ရှိတယ်။ ဒါပေမယ့် တောက်လျှောက် Air attack ရှိနေတယ်။ လမ်းမိုင်းတွေ ကျန်ခဲ့တဲ့ဟာတွေကြောင့် ဒီ Displaced ဖြစ်သွားတဲ့သူတွေကို ချက်ချင်းပြန်ပေးဝင်ဖို့တော့ မဖြစ်နိုင်ကြဘူး။ ပြန်ပေးဝင်လိုက်မိတဲ့ဟာ ကျမတို့ မင်းပြားမှာဆိုရင် မြင်သာတယ်ပေါ့နော်။ ကျမတို့ ဒီအစည်းအဝေး ရှိလို့ဆိုလို့ ရိုဟင်ဂျာတွေ၊ ချင်းတွေကို မင်းပြားမြို့ပေါ် ခေါ်တဲ့အခါမှာဆိုရင် သတင်းပေါက်ကြားသလို ဖြစ်သွားတယ်။ သတင်းပေါက်ကြားတယ်လို့ ကျမတို့ ယူဆလို့ ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒီအစည်းအဝေးလုပ်မယ့် နေရာတွေကိုမှ လာပြီးတော့ Airstrikes လုပ်သွားတဲ့ဟာဆိုရင် ချင်းအမျိုးသားတွေရော၊ ကျမတို့ ရိုဟင်ဂျာတွေရော အထိအခိုက် သေဆုံးခဲ့ကြတာတွေလည်း ရှိတယ်။

ဆို‌တော့ Arakan Army ကလည်း သူထဲမှာလည်း သတင်းပေးတွေ ရှိနေတယ်ဆိုတဲ့ အနေအထားမျိုးတွေ ပြောဆိုလာတာတွေလည်း ရှိတယ်။ ဒီလိုရှိလာတဲ့အခါမှာဆိုရင် ပိုဆိုးတာက ကျန်တဲ့ Minority တွေဖြစ်တဲ့ ချင်းတို့ သက်မာတို့ ရိုဟင်ဂျာတို့ကို သူကဆက်ပြီး Recruit လုပ်နေရတယ်ဆိုပေမယ့် သူက ဒီအရာတွေပေါ်မှာ ဆက်ပြီးယုံကြည်မှု့တွေ သူ့မှာ လိုလာတယ်။ ဆိုတော့ အဲ့ဒီပြဿနာတွေလည်း သူ့မှာ ရင်ဆိုင်နေရတာကို တွေ့ရတယ်ပေါ့။ နည်းနည်းငြိမ်သွားတဲ့ နေရာတွေမှာဆိုရင်တော့ သူတို့ ကျန်းမာရေးပေါ့လေ။ တတ်နိုင်သမျှ စောင့်ရှောက်မှု့ ပေးနေရတာတွေ ရှိတယ်။ ဥပမာဆိုရင် ကျမတို့ မင်းပြားမှာ တံတားကိစ္စဆိုရင် အလားတူပေါ့နော်။ စစ်တပ်ကလာပြီး ဗုံးကြဲသွားတယ်။ ရိုဟင်ဂျာတွေ အများကြီး အဲ့ဒီနေ့ မနက်မှာပဲ သေသွားကြတယ်။ အဲ့ဒီအခါမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေက မရောက်နိုင်ခင်မှာ Arakan Army ရဲ့ ဆေးတပ်က ကယ်ထုတ်သွားပြီးတော့ သူတို့မှာရှိတဲ့ Clinic သေး 
သေးလေးမှာ သူတို့ရတဲ့နည်းနဲ့ ကုပေးခဲ့ကြတာ ရှိတယ်။ နောက်တခါ အဲ့ဒီနေရာကို လာပြီးတော့ ဗုံးကြဲမယ်လို့ ယူဆရတဲ့အခါမှာဆိုရင် တခြား ရခိုင်ရွာလေးကို သူတို့ ရွှေ့သွားပေးတယ်။ ရိုဟင်ဂျာ လူ နာတွေကိုပါခေါ်ပြီးတော့ သူတို့ ရွှေ့သွားတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ အဲ့ဒီရွာမှာပါထပ်ပြီး ဗုံးလာကြဲတယ်။ ပြောချင်တာ ဘာလဲဆိုရင် သတင်းပေါက်ကြားမှု့တွေပေါ့နော်။

ဒါမျိုးတွေရှိတာ ဗုံးကြဲခံရတဲ့အခါမှာဆိုရင် ရခိုင်လူမျိုးတွေလည်း အများကြီးသေဆုံးကြရတာ ရှိတယ်။ တခုတော့ ရှိတာပေါ့လေ ဒါကတော့ အရှေ့ရှေ့က Practice အတိုင်းကိုပဲ ဆက်ကျင့်သုံးတယ်ပဲ ပြောရမလား။ တခါတလေကျရင် အောက်ခြေမှာ လုပ်နေကိုင်နေသူတွေ ကိုယ်တိုင်က Aware မဖြစ်ကြတဲ့အခါမှာဆိုရင် Discrimination တွေပေါ့လေ။ ဆေးကုသပေးတဲ့အခါမှာဆိုရင် မွတ်စလင်တွေပေါ်မှာ ရိုဟင်ဂျာတွေအပေါ်မှာ ခွဲခြားဆက်ဆံတာတွေကတော့ ဆက်ပြီးတော့ ရှိနေတာပေါ့လေ။ အဲ့ဒီကတော့ ကျမ ထင်ပါတယ်။ အပေါ်ပိုင်းက Policy ဆိုတာထက်၊ အောက်ခြေက ပုံမှန်အတိုင်း သူတို့ ဆယ်စုနှစ်ပေါင်းများစွာမှာ လူနာဆိုရင်တောင်မှ လူမျိုးမတူရင် ခွဲပြီး‌တော့ ကုတာတို့ လူမျိုးမတူရင် ခွဲပြီးဆက်ဆံတာ ဒါတွေကအရမ်း ကျင့်သားဖြစ်နေတာတွေပေါ့။ ဒါတွေကို Arakan Army အနေနဲ့ ပိုတိုးတက်လာအောင် လုပ်ရမယ့်အပိုင်းလို့ မြင်တယ်။ အဲ့ဒီတော့ အခုနောက်ပိုင်း ရခိုင်ပြည်မြောက်ပိုင်းကို ဝင်လိုက်ပြီးတဲ့နောက်မှာ ရခိုင်ပြည်မြောက်ပိုင်းမှာ အခြေအနေ တင်းမာလာတဲ့ နောက်မှာဆိုရင် အဲ့ဒီနောက်ဆက်တွဲအနေနဲ့ Central ရခိုင်မှာပါ အခြေအနေကဆိုးလာတယ်ပေါ့။

အရင်ကဆိုရင် Central ရခိုင်မှာ ဒီတိုက်ပွဲကာလမှာဆိုရင် ကျမတို့ ဘာတွေတွေ့ရလဲဆိုရင် ရိုဟင်ဂျာ ရွာတွေက ရေဘူးတွေ မရှိတော့ရင်၊ ရခိုင်ရွာတွေက ရေပေးတာတွေ ရှိတယ်။ အဲ့ဒီလိုပဲ ချင်းရွာတွေ တခုခုမရှိဘူးဆိုရင် ရခိုင်ရွာမှာလာပြီးတော့ အကူအညီ တောင်းလို့ရတယ်။ ပြဿနာတွေကလာတဲ့အထိကို ရခိုင်ပြည် အလည်ပိုင်းက ရခိုင်တွေက ငါတို့ဆီကို ရိုဟင်ဂျာတွေက မပူးပေါင်းပါဘူးဆိုပြီး ပြောဆိုကြတာတွေ ကျမတို့ကြားရတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကျမတို့ သတင်းမှားတွေ သူတို့ကြားထဲမှာ မြောက်ပိုင်းမှာ ဘယ်လို ဘင်္ဂလားဒေ့ရ်ုက မွတ်စလင်တွေ အများကြီး ဝင်လာပြီးတော့ ဘယ်လို Arakan Army ကို တိုက်နေကြပြီ သတ်နေကြပြီဆိုတဲ့ သတင်းမှားတွေ တောက်လျှောက်ဝင်လာတာနဲ့အမျှ ပိုပြီးတော့ အင်တာနေရှင်နယ်ပေါ့။ ကျမတို့တွေအကုန်လုံး တမ္ဘာလုံးက AA ကို ဝိုင်းပြီး အပြစ်တင်ထိုးနှက်တာ မျိုးတွေလည်း အရမ်းသတင်းတွေ များလာတဲ့အခါမှာ ရခိုင်လူမျိုးတွေအနေနဲ့ကတအား သူတို့ရဲ့ ဘာလို့လဲဆိုတော့ Arakan Army က သူတို့ရဲ့ တခုထဲသော မျှော်လင့်ချက် ဖြစ်နေတဲ့အခါမှာ သူတို့ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခံရတယ်လို့ ခံစားရပြီးတော့ သူတို့တအား ဖြစ်ကြတယ်။ ဖြစ်ကြတဲ့အခါမှာဆိုရင် အဲ့ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျမတို့လူမျိုးတွေအပေါ်မှာပါ ပိုပြီးတော့ ခါးခါးသီးသီး ဆက်ဆံလာတာကို ကျမတို့ အလယ်ပိုင်းမှာ တွေ့ရတယ်။
ပြီးတဲ့အခါကြတော့ မွတ်စလင်တို့ ကျမတို့ ရိုဟင်ဂျာတွေ ကျောက်တော်မှာ သွားပြီးတော့ စျေးသွားဝယ်တာ ဘာညာဆိုရင်တခုခု ဖြစ်မှာစိုးတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြုချက်တောင်းရတာတွေလည်း ဖြစ်လာခဲ့တယ်။

ပြောရမယ်ဆိုရင် တဖြည်းဖြည်းနဲ့ Social ဖြစ်ပြီးတော့ Arakan Army က အကုန်လုံးကို Protection ပေးနေတဲ့ အနေအထားကနေမှ Dynamic က တော်တော်ကြီးကို ပြောင်းလဲလာတယ်လို့ မြင်ရတယ်။ အဲ့ဒီအခါမှာဆိုရင် အလယ်ပိုင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေအနေနဲ့လည်း အနေအထားက အရမ်းကျဥ်းကြပ်လာပြီးတော့ ငါတို့ကိုလည်း မကြာခင်မှာ Arakan Army က သတ်မလား၊ ဖြတ်မလား ငါတို့ကိုလည်း အတင်းအဓမ္မတွေပေါ့။ စစ်ထဲသွင်းမလားဆိုတဲ့ အနေအထားတွေ ပြန်ပြီးတော့ ခံစားလာရတာတွေ ရှိတယ်။ အစပိုင်းမှာဆိုရင် လုပ်တယ်ဆိုလို့ရှိရင်ပဲ ဖြစ်ဖြစ်ပေါ့နော်။ အဲ့ဒီအလယ်ပိုင်းမှာရှိတဲ့ မွတ်စလင်တွေက Arakan Army တွေ လာရင်၊ ထမင်းဟင်း ချက်ကျွေးတာတွေပြီးတော့ အခွန်ပေးနေတာတွေ ဒါတွေကို ပုံမှန်လုပ်ကိုင် ပေးနေတာတွေလည်း ရှိတယ်။ လုပ်ကိုင်ပေးနေတယ် ဆိုတာကလည်း စောစောက ပြောသလို မွတ်စလင်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ်၊ ကျမတို့ ရခိုင်ဖြစ်ဖြစ်၊ Arakan Army က ပြောတယ်ဆိုရင် သူတို့ ကြောက်ကြတယ်ဆိုတော့ မဖြစ်မနေ လုပ်ပေးနေရတဲ့ အနေအထားမျိုးတွေကိုတော့ ဆက်ပြီးတော့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ အခြေအနေက မြောက်ပိုင်းလိုတော့ တအားကြီး တင်းမာနေတာမျိုးတော့ မရှိဘူးပေါ့နော်။

မေး ။ ။ အဲ့ဒီတော့ အဲ့ဒီမှာ နှစ်ပိုင်းပေါ့နော်၊ အခြေအနေတွေက ရိုဟင်ဂျာတွေနေတဲ့ ရခိုင်မြောက်ပိုင်းမှာ တော်တော်လေးလည်း ရှုပ်ထွေးနေတော့ အထူးသဖြင့် ARSA ဆိုတဲ့ လက်နက်ကိုင် ရိုဟင်ဂျာအဖွဲ့တွေလည်း ရှိတယ်။ တခါ အဲ့ဒီအဖွဲ့တွေကို စစ်ကောင်စီက ပြန်ပြီးတော့ ပိုက်ဆံပေးတာတို့ ထောက်ပံ့တာတို့ဆိုတဲ့ သတင်းတွေပေါ့လေ ထွက်နေတယ်။ တဘက်မှာလည်း စစ်မှု့ထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ယူ စုဆောင်းခံရတဲ့ ရိုဟင်ဂျာတွေကလည်း ရှိနေတော့၊ ရှေ့တန်းမှာ အသေခံနေရတယ်ဆိုတဲ့ သတင်းတွေကလည်း ရှိနေတော့ နောက် ရိုဟင်ဂျာတွေကိုယ်တိုင် AA ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ရွာတွေပေါ့နော်။ ရခိုင်ရွာတွေမှာလည်း ရိုဟင်ဂျာတွေ မီးလာရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်ဆိုတော့ အဲ့ဒီမှာ ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင် ဒေသခံရိုဟင်ဂျာတွေ ကိုယ်တိုင်မီးရှို့တာက ဘယ်နေရာမှာ ဘယ်သူရှို့တယ်လို့ ပြောဖို့ အရမ်းခက်ခဲပါတယ်။ တချို့နေရာတွေမှာဆိုရင် ရိုဟင်ဂျာဒေသခံတွေက Arakan Army စစ်သားတွေက ရှို့တယ်လို့ ပြောတယ်။ တချို့နေရာတွေမှာလည်း ကျမတို့ကိုယ်တိုင် ပြန်ပြီးတော့ ရခိုင်နဲ့ ဟိန္ဒူလူမျိုးတွေဆီက ပြန်ကြားရတာလည်း စကစဘက်ကို ပါသွားတဲ့ ရိုဟင်ဂျာတချို့က ရှို့ပါတယ်ဆိုတာတွေလည်း ကျမတို့ တွေ့ရတယ်။ Footage တချို့လည်း တွေ့ရတယ်။ မအင်ကြင်းတို့လည်း တွေ့ရပါလိမ့်မယ်။ အဲဒီလိုဆိုတဲ့အခါကြတော့ မီးရှို့တာက နှစ်ဘက်လုံးက ရှို့တာ ရှိတယ်။ အဲဒီလိုပဲ အာရကန့်တပ်တော်က ဘူးသီးတောင်ကို တက်သိမ်းတဲ့အချိန်မှာ အများအားဖြင့် မီးရှို့ခဲ့တာဆိုရင်တော့ Arakan Army က မီးရှို့တယ်လို့ ပြောကြတယ်။ ဒါကလည်း တနည်းအားဖြင့် ကျန်ခဲ့တဲ့ ထွက် ပြေးသွားတဲ့ စကစ နောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို သုတ်သင်ဖို့ ကြိုးစားတယ်လို့ ကျမတို့ဘက်က မြင်မိတယ်။ စောင့်ကြည့်သူတွေအနေနဲ့ အဲဒီလို မြင်မိတယ်။ တနည်းအားဖြင့်ဆိုရင် စကစ က သူတို့တပ်သားတွေသာ ထွက်သွားတာဖြစ်ပြီး သူတို့လက်နက်ဝေမျှခဲ့တဲ့ RSO, ARSA က ဖမ်းဆီးပြီးတော့ Recruit လုပ်ထားတဲ့ သူတွေလည်း ကျန်ခဲ့ကောင်း ကျန်ခဲ့မယ်။ အဲဒီလို ကျမတို့က တွေးမြင်သုံးသပ်ရပါတယ်။

မေး ။ ။ အဲဒီတော့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်မှာ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနဲ့ အတူ ယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ကော ရှိပါသလား။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်ဘက်လုံးက အကယ်၍သာ အတူယဉ်တွဲနေထိုင်စရာ မလိုဘူးဆိုရင် မနေဘူးလို့ ပြောမယ်လူက များပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမရဲ့ အတွေ့အကြုံအရ ကျမဆို မြန်မာပြည်ဘက်မှာ ကျန်တဲ့နေရာဘက်မှာ ကြီးပြင်းလာရတာဆိုတော့ ရခိုင်ပြည်ထဲကို ရောက် သွားတဲ့အခါမှာ အလိုလိုနေရင် ကိုယ်က တဆင့်နိမ့် လူတန်းစားအနေနဲ့ ဆက်ဆံခံရတာမျိုး၊ ကိုယ့်ဆို တန်းတူသဘောမထားတာမျိုး၊ တခါတလေ ကျမတို့ဆိုရင် ရင်းနှီးဖို့ အရမ်းခက်ခဲတဲ့ အနေ အထားမျိုး - အဲဒါမျိုးတွေ ကြုံရတဲ့အခါမှာ အထဲမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ ခံစားချက်ကိုလည်း ပိုပြီးတော့ နားလည်မိတယ်။ ပြောရမယ်ဆိုရင် ငါတို့ အတူယဉ်တွဲနေထိုင်ရမယ်ဆိုတာကို မဖြစ်လိုသာ နေရတယ်ဆိုတဲ့ ခံစားချက်က နှစ်ဘက်လုံးမှာ ရှိပါတယ်။ ရခိုင်တွေအနေနဲ့လည်း ရိုဟင်ဂျာတွေလည်း အတူယဉ်တွဲနေထိုင်မယ်ဆိုရင် တန်းတူအခွင့်အရေးပေးပြီး အတူယဉ်တွဲနေထိုင်ရမယ်ဆိုတာထက် နင်တို့နဲ့ ငါတို့ဟာ တန်းတူပဲ၊ ငါတို့ရသမျှ အခွင့်အရေး နင်တို့လည်း ရစေရမယ်ဆိုတဲ့ ယုံကြည်လက်ခံမှု ထက် ငါတို့ ရခိုင်ကြီးစိုးတဲ့ စနစ်တခုအောက်မှာပဲ နင်တို့ လူနည်းစုတွေနေဆိုတဲ့ အလားအလာမျိုး Arakan Army ကလည်း ကျင့်သုံးနေတာကို ကျမတို့ တွေ့ရသလို၊ ရခိုင်လူမျိုးတွေအနေနဲ့လည်း ဒီဟာကိုပဲ ကျင့်သားရပြီးတော့ ဒီအတိုင်းပဲ ဆက်ပြီးတော့ နေချင်နေကြတာကို ကျမတို့အနေနဲ့ တွေ့မြင်ရတယ်။

သူတို့ရဲ့ ပြောစကားတွေအရဆိုရင် ဧည့်သည်က ဧည့်သည်လိုနေ။ ငါတို့နဲ့ ဆက်ပြီးနေချင်ရင်တော့ ကောင်းကောင်းနေမှ ရမယ်။ နင်တို့ပုံစံနဲ့ ငါတို့ခေါ်တဲ့အတိုင်းပဲ လက်ခံဆိုတဲ့ - အဲဒီလိုမျိုး ရခိုင်ဝါဒ ကြီးစိုးမှုအောက်မှာဆိုတော့ ရိုဟင်ဂျာတွေကလည်း ဘယ်သူမှ အဲဒီလို မနေချင်ကြပါဘူး။ ရိုဟင်ဂျာမှ မဟုတ်ပါဘူး - တခြားသော ချင်းလူမျိုးဖြစ်ဖြစ်၊ သက်လူမျိုးပဲဖြစ်ဖြစ် အကုန်လုံးက တခြားလူမျိုးတမျိုးရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူမှ နေလိုကြတာ မဟုတ်ပါဘူး။ ဒီတော့ ကျမအနေနဲ့လည်း ရခိုင်လူမျိုးတွေကို Arakan Army ကို ပြောပြချင်တာက စကစရဲ့ အုပ်ချုပ်မှု ဗမာကြီးစိုးမှုအောက်မှာ ရခိုင်တွေက အထိုက်အသင့် အခွင့်အရေး ရခဲ့ကြတယ်။ အစိုးရစနစ်ထဲမှာ ရခိုင်တွေ ရှိတယ်။ ရခိုင်ပြည် နယ်မှာဆိုရင် ရခိုင်ခရိုနီတွေ ရှိတယ်။ လုပ်ပိုင်ခွင့်ရခဲ့တဲ့ ရခိုင်တွေ ရှိတယ်။ ရခိုင်တိုင်းရင်းသားတွေက အသိအမှတ်ပြုခံခဲ့ရတယ်။ လဝကမှာ ရခိုင်တွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ ဒီရခိုင်လူမျိုးတွေ အကုန်လုံးက အခုအချိန်မှာ အာရက္ကတပ်တော်ကို ထောက်ပံ့ကြတယ်။ ငွေကြေးအရ ထောက်ပံ့ကြတယ်။ တော်လှန်ရေးစိတ်ဓါတ်နဲ့ ထောက်ပံ့တယ်ဆိုတာက ဗမာကြီးစိုးမှုအောက်မှာ မနေချင်လို့ သူတို့လုပ်နေတဲ့ ကိစ္စတွေ။

အဲဒီတော့ သူတို့က တခါပြန်ပြီးတော့ လူနည်းစုတွေကို ရခိုင်ကြီးစိုးတဲ့ဝါဒအောက်မှာ ဆက်ပြီးအုပ်ချုပ်ထားချင်တယ်ဆိုရင် Win-Win Situation မဟုတ်ဘဲနဲ့ တဘက်က အနိုင်နဲ့ပိုင်ပြီးတော့ ကျန်တဲ့သူတွေကို အာဏာနဲ့ အုပ်ချုပ်မယ်ဆိုရင် တနေ့နေ့တချိန်ချိန်မှာ အဲဒီနေရာမှာ တော်လှန်ရေးတွေ ထပ်ပြီးတော့ ပေါ်လာအုံးမှာပါပဲ။ ကျန်တဲ့ လူနည်းစုတွေကလည်း ခွဲထွက်ဖို့ဆိုတဲ့ ရရာနည်းလမ်းနဲ့ ပြန်တော်လှန်မှုတွေ ပေါ်လာအုံးမှာပဲ။ ဒါကို သူတို့ကိုယ်တိုင်ရဲ့ အဖြစ်အပျက်ပေါ်မှာ ပြန်ပြီးတော့ လေ့လာသုံးသပ်ပြီး လူမျိုးအားလုံးကို ပါဝါတန်းတူပေးပြီးတော့ တန်းတူလေးစားပြီးတော့ အုပ်ချုပ်တဲ့စနစ်တခုကို ထူထောင်နိုင်မယ်ဆိုရင်တော့ အတူတကွ နေထိုင်ရေးအိပ်မက်က ဖြစ်ကောင်းဖြစ်လာနိုင်ပါလိမ့်မယ်။

Arakan Army ရဲ့ သွားနေတဲ့ပုံစံအတိုင်းဆိုရင်တော့ ငါတို့အုပ်ချုပ်မှုအောက်မှာ ငါတို့က တန်းတူအုပ်ချုပ်မယ်။ ဒါပေမဲ့ ရခိုင်လူမျိုးတမျိုးကပဲ အုပ်ချုပ်သူ ဖြစ်ရမယ်ဆိုတဲ့ ဝါဒနဲ့ ဆက်သွားမယ်ဆိုရင်တော့ ရခိုင်ပြည်က ဘယ်တော့မှလည်း ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း တည်ငြိမ်အေး ချမ်းမှာ မဟုတ်ပါဘူး။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ဒေါက်တာ မာရီယာ။ အခုလို အချိန်ပေးပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါက်တာ မာရီယာ ။ ။ အခုလိုမျိုး ဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Link: Here

No comments:

Post a Comment