Saturday, May 18, 2024

မီးရှို့ခံရလို့ တစ်မြို့လုံးနီးပါး မီးလောင်ပြာကျသွားတဲ့ ဘူးသီးတောင်မှာဘာဆက်ဖြစ်နေလဲ

BBC
၁၈ မေ ၂၀၂၄, ၀၃:၅၈ GMT 

ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်က နေအိမ်တွေ မီးလောင်ခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ ( ပုံဟောင်း)
 
အာရက္ခတပ်တော် ( ရက္ခိုင့်တပ်တော် အေအေ) နဲ့ စစ်တပ်တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မှာ မေလ ၁၇ ရက် မနေ့က ညပိုင်းက မြို့ပေါ်ရပ်ကွက်နေအိမ်တွေအားလုံး မီးရှို့ခံရလို့တစ်မြို့လုံးနီးပါး ပြာကျပျက်စီးသွားပြီလို့ မြေပြင်အခြေအနေကိုသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘူးသီးတောင်ရဲ့ နေရာအများစုကို အေအေက ထိန်းချုပ်ထားပြီး စစ်တပ်ကလည်း ဒီဒေသလက်မလွှတ်ရရေးကြိုး စားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ အေအေတပ်ဖွဲ့ဝင်တချို့က မြို့ပေါ်နေထိုင်သူတွေအနေနဲ့ မေလ ၁၈ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာဖို့ သတိပေးပြောတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

'' သူတို့ပြောတာတော့လာဖယ်ခိုင်းတာက အေအေက လာဖယ်ခိုင်းတယ်လို့ပြောပါတယ်။ သူတို့ အားလုံးထွက်ကြရမယ်လို့လာပြောတော့ ပြင်ဆင်နေကြချိန်မှာပဲ ည ၁၀ နာရီမှာ နေအိမ်တွေကို မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။ အဲဒီတော့ အရပ်သားတွေအားလုံးညတွင်းချင်းအားလုံးထွက်ပြေးကုန်ကြရတယ်။ မီးရှို့တာတော့ဘယ်သူတွေရှို့လဲ သူတို့မသိဘူးပြောပါတယ်။ သူတို့ အားလုံးကမောင်တောဘက်ကိုပြေးကြဖို့လုပ်ကြပါတယ်။ ဒါပေမဲ့ သွားတဲ့လမ်းကို စစ်တပ်ကလည်း သွားခွင့်မပြုဘူးပြောတယ်။ နောက်ပြီး ဒီမနက်ဖွင့်ပေးမယ်လို့ လည်းသူထပ်ပြောတယ်။ အခု မနက်(မေ ၁၈) ကျတော့ ကျွန်တော့် ညီတွေနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်'' လို့ မေလ ၁၇ ရက် ညပိုင်း ၁၀ နာရီလောက်အထိ ဘူးသီးတောင်မြို့ပေါ်က ညီဖြစ်သူနဲ့ တယ်လီဖုန်းပြောခဲ့ရတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြန်ပြောပြပါတယ်။

အနည်းဆုံးမြို့ပေါ်ရပ်ကွက် ၆ ခုထက်မနည်းက နေအိမ်အားလုံးနီးပါးမီးလောင်ခဲ့တာဖြစ်ပြီး မြို့ပေါ်က နေစရာနေရာမရှိဖြစ်နေကြတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကသူနောက်ဆုံးသိထားတဲ့ အချက်အလက်ကိုပြောပါတယ်။

'' လူတွေအားလုံး ည ၁၁ နာရီ ၁၂ နာရီလောက်အထိလမ်းမမှာပါ။ ဘူးသီးတောင်အကျဥ်းထောင်ရှေ့နေရာမှာ အကုန်စုနေခဲ့ကြတယ်ပြောပါတယ်။ တချို့မိသားစုဆိုရင် ၁၀ ယောက်ထွက်လာရင် ၃ ယောက်လောက်က ပျောက်နေပြီး အဆက်အသွယ်ပြတ်သွားကြတာလည်းဖြစ်ကြတယ်'' လို့ ဆိုပါတယ်။

ဘီဘီစီအနေနဲ့ အေအေတပ်ဖွဲ့ဝင်တွေက ဘူးသီးတောင်မြို့ပေါ်ကမြို့ခံတွေကိုထွက်ခွာခိုင်းတာနဲ့ နေအိမ်တွေမီး ရှို့ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။ အေအေဘက်ကဖြေကြားတုံ့ပြန်ချက်ရှိလာတဲ့အခါ ထပ်မံဖြည့်စွက်ဖော်ပြသွားမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်‌ကျော်မိုး ကတော့ ဘူးသီးတောင်မြို့ တခုလုံး ဒီကနေ့ မနက် မီးလောင်ပြာကျသွားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖေါ်ပြထားပါတယ်။

စစ်ပွဲမှာ စစ်ဥပဒေရှိတယ်လို့ အဓိပ္ပါယ်ရတဲ့ “War has rules” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသားထားတာ ဖြစ်ပြီး မြေပြင်က ရိုဟင်ဂျာ တချို့နဲ့ စကားပြောထားတာကိုပြန်လည်တင်ပြထားတာလို့လည်း သုံးနှုန်းဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့ဟာ ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီအင်အားအတောင့်တင်းဆုံး နယ်မြေတစ်ခုဖြစ်ပြီး အမှတ် ၁၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း လေးရင်းကို အေအေဘက်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

အစောပိုင်းရက်တွေတုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲက အာရက္ခတပ်တော် (AA)ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခိုလှုံလာခဲ့ကြတဲ့ မွတ်ဆလင်အရပ်သား ၇ ထောင်လောက်ရှိနေတယ်လို့ သိရပါတယ်။

အေအေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ ဦးတည်လာနေကြတဲ့ မွတ်ဆလင်လူအုပ်ကြီးကို တပ်ဖွဲ့ဝင်တွေက လုံခြုံရေးပေးပြီး ကူညီရွှေ့ပြောင်းပေးနေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အေအေရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ရဲ့ တယ်လီဂရမ် Chennel ကနေ မေလ ၁၃ ရက် မှာ ထုတ်ပြန်ခဲ့ပြီး သူတို့ကို ဘယ်နေရာတွေကို ခေါ်ဆောင်သွားခဲ့လဲဆိုတာတော့ အတိအကျ ပြောဆိုတာမျိုး မရှိပါဘူး။

ထွက်ပြေးလာခဲ့တဲ့ရွာတွေက တချို့မွတ်ဆလင်တွေကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ရင်းနဲ့ ပူးပေါင်းသွားကြတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးထားသလို ထွက်ပြေးလာခဲ့ကြသူတွေထဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေသာပါဝင်တာကိုလဲ ဗီဒီယိုဖိုင်ကနေတစ်ဆင့် တွေ့မြင်ရပါတယ်။

တဖက်မှာလည်း ပြီးခဲ့တဲ့ရက်က ဒေသခံတွေမြို့ကိုစွန့်ခွာလာခဲ့ကြတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကရခိုင်လူမျိုးတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဘူးသီးတောင်တစ်မြို့လုံး မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေကပြောဆိုထားကြပါတယ်။ နှစ်ဖက်တပ်တွေအပြန်အလှန်စွပ်စွဲမှုတွေရှိနေတဲ့ ဘူးသီးတောင်မြို့ရဲ့ မြေပြင်အခြေအနေမှန်ကိုသိရဖို့ ဘီဘီစီကဆက်လက်မေးမြန်းနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */