Saturday, May 18, 2024

ဘူးသီးတောင်မြို့ကို သိမ်းလိုက်ကြောင်း AA ကြေညာ

RFA
RFA Burmese
2024.05.18

ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည့်ပုံ။ AA Info Desk


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က စစ်ကောင်စီ စစ်တပ်စခန်းအားလုံးကို သိမ်းယူလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းတချို့အပါအဝင် စခန်းအားလုံးကို မေလ (၁၈) ရက် နေ့လယ်မှာ တစ်ခုမကျန် သိမ်းပိုက်နိုင်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်း တွေကို မေလ ၁၈ ရက်နေ့က သိမ်းယူတာလို့လည်း ရေးသားထားပါတယ်။

မေလ ၁၄ ရက်နေ့က ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နဲ့ ခမရ (၂၃၃) စတဲ့ တပ်ရင်း (၄) ရင်းကို သိမ်းယူနိုင်ခဲ့ပြီး၊ မေလ ၁၃ ရက်နေ့မှာ နခခ (၃) ၊ မေလ (၁၆) ရက်နေ့မှာ နခခ (၈) စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီဗျူဟာနဲ့ တပ်ရင်းတွေက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီထံ သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ AA ကို တိုက်ခိုက်နေတဲ့ တပ်ဖွဲဝင်တွေကိုလည်း လိုက်လံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေနဲ့ မြို့တွင်းကို ထွက်ပြေးနေတာကြောင့် စစ်ရေးသတိနဲ့နေဖို့လည်း AA က သတိပေးထားပါတယ်။

ဘူးသီးတောင်မြို့ကို AA က သိမ်းယူလိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်ဆယ်ခုကို AA က သိမ်းပိုက်ထားတာပါ။

ဆက်နွယ်သောသတင်းများ
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */