" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 10, 2024

စစ်တွေမှာ လူနေလူထပ်တဲ့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ၇ ဦးအထိရှိလာ

BBC
10.03.2024 

စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေက ‌အောင်မင်္ဂလာရပ်ကွက်ထဲကို မတ်လ ၉ ရက်ညပိုင်းမှာလက်နက် ကြီးကျခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိမြင့်တက်လာတယ်လို့ သိရပါတယ်။

မွတ်ဆလင်အများဆုံးနေထိုင်ပြီး လူနေထူထပ်တဲ့အဲဒီရပ်ကွက်ထဲကို မနေ့ည ၁၁ နာရီမှာ လက်နက်ကြီးကျချိန်တုန်းကတော့ သေဆုံးသူ ၅ ဦးအထိရှိခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ သေဆုံးသူ ၇ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှုခံယူနေရသူ ၁၀ ဦးကျော်အထိ ရှိတယ်လို့လည်း သိရပါတယ်။

''ထိခိုက်သူတွေထဲမှာ ကလေးတွေလည်း ပါနိုင်တယ်။ အဲဒီလိုလက်နက်ကြီး ကျရောက် ပေါက်ကွဲတာမျိုးဆိုရင် သူတို့(စစ်တပ်)က ချက်ချင်းလာပြီး ပိတ်ဆို့သွားလို့ သွားကြည့်လို့ မရဘူး။ အဖမ်းခံရမှာကိုလည်း စိုးရိမ်ကြတယ်လေ''လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။

အဲဒီကျည်ဟာ ဘယ်နေရာက ပစ်လိုက်တယ်ဆိုတာ အတိအကျမသိရပေမဲ့ စစ်တွေတက္ကသိုလ်အနီး ဘုမေရပ်ကွက်ထဲမှာရှိတဲ့ ရဲတပ်ရင်းဘက်က လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆ ပြောဆိုကြပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ညပိုင်းတုန်းကတော့ ရဲနဲ့ စစ်သားတွေ ပူးပေါင်းပြီး စစ်တွေမြို့ကို လှည့်လည်သွားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကိုတွေ့လာရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြို့တွင်းတွေနေရာတွေကို လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲမှုကြောင့်လည်း ဒေသခံတွေက လုံခြုံရေးစိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပတ်လည်မှာ ကင်းစခန်းတွေ အပြည့်ချထားပြီး လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်မှုတွေလုပ်ထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေဟာ မြို့တွင်းနေရာတွေမှာ သွားလာလို့ရပေမယ့် မြို့တွင်းနဲ့မြို့ပြင်ကို သွားလာခွင့်တွေ အပိတ်ထားတယ်လို့လည်း သိရပါတယ်။

အောင်မင်္ဂလာရပ်ကွက် လက်နက်ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */