" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 10, 2024

စစ်တွေမြို့ပေါ်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာခုနစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.10

စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်အကြားကို မတ်လ ၉ ရက်နေ့ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိုဟင်ဂျာငါးဦးက နေရာမှာတင် သေဆုံးခဲ့ပြီး နှစ်ဦးကတော့ ဒီနေ့မနက်ပိုင်း စစ်တွေဆေးရုံမှာ သေ ဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမဆုံးဖြစ်ဖြစ်ချင်းက ငါးယောက်၊ ဒီမနက်က နှစ်ယောက်သေတယ်။ နောက်ထပ်တစ်ယောက်ကလည်း ထပ်ဆုံးတယ်လို့ သတင်းတွေ ကောလာဟလထွက်နေတယ်။ ဒါက အတည်ပြုလို့မရသေးဘူး။ လောလောဆယ်တော့ ခုနစ်ယောက်လို့ ပြောလို့ရတယ်။ ပထမဆုံးသေသွားတဲ့ငါးယောက်က မိသားစုတစ်စုလုံး ပါသွားတာလို့ပြောကြတယ်။ ထိခိုက်ဒဏ်ရာရတာ ငါးယောက်လောက်ရှိတယ်လို့ ပြောကြတယ်”

ဒဏ်ရာရသူအများစုဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေမှာ လက်နက်ကြီးအစတွေ ထိမှန်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေကိုတော့ စစ်တွေဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ရွှေ့ပြောင်းသွားလာလို့မရတာကြောင့် ကြောက်စိတ်တွေနဲ့နေထိုင်နေရပါတယ်”
သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်ကို ဆက်သွယ်ရေးအခက်အခဲကြောင့် သေချာမသိရသေးပေမယ့် ကလေးနဲ့ သက်ကြီးပိုင်း အမျိုးသမီးတချို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေ့ပြောင်းသွားလာလို့မရတာကြောင့် ကြောက်စိတ်တွေနဲ့နေထိုင်နေရတယ်လို့ စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

“အောင်မင်္ဂလာနဲ့ ကသည်းနဲ့က တစ်ဆက်တည်းပေါ့။ အခုဖြစ်တာကတော့ ကသည်းရပ်ကွက်မှာကျသွားတာ။ အားလုံးကတော့ စိုးရိမ်နေကြတာပေါ့။ ဘယ်အချိန် ဘယ်ကာလမှာ ကျလာမလဲဆိုတာကတော့ မသိကြဘူးပေါ့။ လူတွေကတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေနဲ့ နေနေရတာပေါ့”

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နာရီပိုင်းအကြာမှာ ကသည်းရပ်ကွက်ကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လုံခြုံရေးတင်းကျပ်ထားသလို မြို့ပေါ်မှာလည်း လူအသွားအလာ သိပ်မရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို စစ်တွေမြို့ပေါ်မှာ သွားလာခွင့်ပေးထားပေမယ့် မြို့ပြင်ထွက်ခွင့်တော့ မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရဲတပ်ဖွဲ့ဝင်တွေတချို့အား တွေ့ရစဥ်။ (Photo: RFA)

အရပ်သားတွေနေရာကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်ပစ်ခတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိလုပ်နေသလားလို့ သံသယဖြစ်မိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“လက်နက်ကြီးကျတာက တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်ဆိုတော့ ဒီလက်နက်ကြီးကို ပစ်ခတ်မှုက တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိနေပြီလားဆိုပြီး အဲဒီလိုသံသယဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါက စစ်ရေးပစ်မှတ်မဟုတ်ဘူးလေ”

အဲဒီလက်နက်ကြီးကျည်ကို စစ်တွေမြို့ပေါ်မှာရှိတဲ့ အမှတ် (၁၂) ရဲတပ်ရင်းကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမတွေ့ရသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဲဒီအကြောင်း သူမသိဘူးလို့သာ တုံ့ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့မဈေးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်တိုက်ပွဲဖြစ်နေပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် အရပ်သား ၁၁၁ ဦးသေဆုံးပြီး ၃၅၇ ဦးဒဏ်ရာရခဲ့တယ်လို့ (AA) က ထုတ်ပြန်ထားပါတယ်။


ဆက်နွယ်သောသတင်းများ

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */