" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 10, 2024

စစ်တွေမြို့ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ ဦး သေဆုံးကာ ကလေးငယ်များအပါအဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရ

Narinjara
ရက်စွဲ: ၁၀ မတ် ၂၀၂၄ 

ယမန်နေ့ ညက စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် စစ်တွေမြို့ လူနေရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲ၍ မွတ်ဆလင် ၅ဦး ပွဲချင်းပြီးသေဆုံးကာ ၁၀ ကျော် ထိခိုက် ဒဏ်ရာရရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့ဆေးရုံကြီးတွင် လူနာစောင့် အမျိုးသမီးတစ်ဦးက "ကျမ အခုမှ ဆေးရုံကပြန်လာတာပါ။ ပွဲချင်းပြီး ဆုံးတာက ၅ ယောက်ပါ။ ဒဏ်ရာရတာတော့ တစ်ဆယ်ကျော်ပါတယ်။ ဒဏ်ရာရတဲ့အထဲ ကလေးတွေ ၅ ယောက်လောက်တွေ့ခဲ့ရတယ်။ လူနာစောင့်ပါလာတဲ့ တစ်ယောက်ပြောတာက သူ့ညီ မိသားစုမှာ လင်မယား နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးပြီး သူတို့ရဲ့ ကလေးနှစ်ယောက်က ဒဏ်ရာ ပြင်းထန်တယ်လို့ ပြောပါတယ်။ မြင်ရတာ အထူးစိတ်မကောင်းပါဘူး "ဟု ပြောသည်။

ယမန်နေ့ မတ်လ ၉ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီရဲတပ်ရင်းထဲရှိ အမြောက်တပ်က ရည် ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် စစ်တွေမြို့ပေါ် ရှိ အင်ပါလာ မွတ်ဆလင်ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့သည်။

စစ်တွေမြို့မှ နိုင်ငံရေးသမားတစ်ဦးက “ အခု စစ်ကောင်စီက ရခိုင်မှာ လူမျိုးရေး ဘာသာရေး ပဋိပ က္ခတွေဖြစ်အောင် ဖန်တီးနေတာတွေကို လူတိုင်းမြင်နေရ၊ သိနေရတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်တွေမြို့ ပတ်ပတ်လည်လည်မှာ စစ်တပ်တွေက အခြေစိုက်ထားတာ။ မြစ်ထဲမှာဆိုရင်လည်း ရေတပ်သင်္ဘောတွေနေရာယူထားတာ။ သူတို့လက်ချက်ကလွှဲပြီး ဘယ်သူမှလက်ချက်မှ မဖြစ်နိုင်ဘူး”ဟု ပြောဆိုသည်။

စစ်တွေတွင် ညမထွက်ရ အမိန့်ထုတ်ထား သဖြင့် မည်သူမျှ အပြင်သို့ သွားလာမရဲဖြစ်နေချိန်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် နေရာသို့ စစ်ကား ၃ စီးဝင်ရောက်လာပြီး ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။ သေဆုံးသူများကို ဆေးရုံမှ လူနာတင်ကား ၂ စီးဖြင့် သွားရောက် ယူဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယခုကဲ့သို့ မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီက အင်အားပြင်း လက်နက်ကြီးများဖြင့်ပစ် ခတ်၍ အစုလိုက် အပြုံလိုက် လူသေဆုံးမှုများရှိနေသဖြင့် အထူးစိုးရိမ်စရာကောင်းနေသည်ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

"လက်နက်ကြီး ကျတဲ့နေရာကို ကြည့်ပြီး ကသဲရွာလို့ထင်ခဲ့တာ။ လက်နက်ကြီးကျတာ ကသဲရွာနားက အင်ပါလာ (အောင်မင်္ဂလာ) မှာကျတာပါ။ အခုက ဒုတိယအကြိမ် သေဆုံးမှုဆိုတော့ မြို့ခံတွေ တော်တော်ကို စိုးရိမ်ကြောက်လန့်နေပါတယ်။ ဘယ်အချိန်ဘာဖြစ်လာမလဲ မသိဘူး"ဟု ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်း၊ နယ်လုံးဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ဖေဖော်ဝါရီ ၂၉ ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ အပြစ်မဲ့အရပ်သား အနည်းဆုံး ၂၁ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၎င်းပစ်ခတ်မှုကို စစ်ကောင်စီ ရေတပ်နေဗီတစ်စီးပေါ်မှ စျေးဝယ်သူများနှင့် စည်ကားနေစဉ် ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် စစ်ရှုံးနေသဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး တိုက် ခိုက်နေကာ မြို့၊ ရွာ အတွင်းရှိ နေအိမ်များ၊ ဈေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများကို လေယာဉ်များ၊ အမြောက်ဒုံးကျည်များဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

(NN-7)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */