" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2024

❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့ ❞

 မင်း သေ့
February 29 at 4:36 AM  ·
❝ အောင်ဆန်းစုကြည်မှ ထွန်းမြတ်နိုင်သို့  ❞

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ၊ မြန်မာ့လူ့အဖွဲ့အစည်းကို အကြီးအကျယ် လှုပ်ရမ်းပစ်နိုင်ခဲ့ပါတယ်။ အဲသည့် အလှုပ်အရမ်းတွေထဲမှာ၊ “အိုက်ဒေါ - အပြောင်းအလဲ” ဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့ လူထုတွေထဲမှာ လူငယ်ထုရဲ့ ထက်သန်ပြင်းပြမှုဟာ အင်မ တန် အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီထက်သန်ပြင်းပြမှုကို ရိုက်ချိုးဖို့အတွက်၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ ဦးကျိုးအောင် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ဦးမကျိုးဘဲ ခေါင်းထောင်ဖို့အတွက် မြန်မာလူငယ်တွေဟာ နည်း နာ နိဿယကို ပြောင်းလဲခဲ့ကြတယ်။ အဲဒါကတော့ အကြမ်းမဖက်လူထုတော်လှန်ရေးနည်းမှသည် လက်နက်ဆွဲကိုင်တော်လှန်တဲ့ လက်နက်ကိုင်လမ်းစဉ်အဖြစ် လှည့်ပြောင်းခဲ့ကြပါတယ်။ 

အိုက်ဒေါ အပြောင်းအလဲ
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပေါ် လူထုရဲ့ တစ်ခဲနက် ထောက်ခံမှုကလည်း ကြီးမား ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် လူထုရဲ့ ခံပြင်းစိတ်၊ လူထုရဲ့ နာကျည်းစိတ်နဲ့ အာဏာရှင် မြန်မာစစ်တပ်အပေါ် အမုန်းတရားဟာ ကြီးစွာသော အပံ့အပိုးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးထဲ တိုးဝင် လှုပ်ရှားမှု ကြီးမားခဲ့ပါတယ်။ အဲသည့်လို လက်နက်ကိုင်တော်လှန်ရေးထဲ တိုးဝင်လှုပ်ရှားမှု ကြီးမားခဲ့တဲ့ လှိုင်းဟာ လူငယ်တွေရဲ့ အာရုံတွေကိုလည်း လှည့်ပြောင်းနိုင်ခဲ့ပါတယ်။ 


အဲသည့်အလှည့်အပြောင်းကတော့ …
• သူတို့ဟာ ဘယ်သူ့ကို စံပြထားမလဲ၊
• ဘယ်သူ့ကို အိုက်ဒေါထားမလဲ၊
• ဘယ်သူကို အတုယူမလဲ၊
• ဘယ်သူ့ကို နမူနာ ကြည့်ရမလဲ၊
• ဘယ်သူ့ကို ဟီးရိုး ထားရမလဲ…. ဆိုတာတွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
❐ ဖန်စီ ဖြစ်လာတဲ့ ချေဂွေဗားရား


၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆန့်ကျင်တော်လှန်ကြတဲ့အခါမှာ၊ မြန်မာလူငယ်တွေဟာ သူတို့ နာမူနာ ကြည့်ရမယ့်သူတွေကို လိုက်ရှာဟန်တူပါတယ်။ အဲသည့်ထဲမှာ သူတို့တတွေဟာ ချေဂွေဗားရားကို တွေ့ခဲ့ကြတယ်။ ချေဂွေဗားရားရဲ့ ဟန်နဲ့ မျက်နှာသွင်ပြင်ဟာ မြန်မာလူငယ်တွေအနေနဲ့ သူတို့ ငယ်စဉ်ဘဝတုန်းက ပုံသွင်းခံခဲ့ရတဲ့ သူရဲကောင်းဇာတ်လမ်းတွေနဲ့ အပ်အပ်စပ်စပ်ဖြစ်နေပါတယ်။ ဒါ့အပြင် စွန့်လွှတ်အနစ်နာခံခြင်းနဲ့ ရဲရင့်ခြင်း အပြင်၊ ယနေ့ခေတ် လူငယ်တွေအတွက် ‘ဖန်စီ’ ဖြစ်တဲ့ ဟန်ပန်ကိုလည်း ချေဂွေဗားရားမှာ တွေ့ရပါတယ်။ ဒါပေမယ့် ချေဂွေဗားရား ဖြစ်တည်ခဲ့ရာ တော်လှန်မြေနဲ့ မြန်မာပြည်ဟာ အတော်ကြီး ဝေးကွာလှပါတယ်။ သမိုင်းအားဖြင့်လည်း အလှမ်းဝေးလွန်းလှပါတယ်။ ခေတ်အားဖြင့်လည်း ကွာဟလှပါတယ်။ 

မြန်မာလူငယ်တွေဟာ ချေဂွေဗားရားကို ဓာတ်ပုံတွေမှာ မှင်မောင်းကောင်းကောင်းနဲ့ တွေ့မြင်ရလို့ အားကျစိတ်ဖြစ်ပေမယ့် လက်တွေ့မှာ ချေဂွေဗားရားရဲ့ ဘဝနဲ့ မြန်မာလူငယ်တို့ရဲ့ ဘဝဟာ သဘာဝအားဖြင့် ကွဲပြားနေသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ချေဂွေဗားရားရဲ့ ဘဝကို ကိုယ်နဲ့ အနီးကပ်ဆုံး အနီးစပ်ဆုံးလူလောက် မြင်ယောင်မှန်းဆ ပုံဖော်ဖို့ ခက်လှပါတယ်။ မြန်မာလူငယ်တွေ အနီးကပ်ဆုံး လက်တွေ့ မျက်ဝါးထင်ထင် တွေ့နိုင်မြင်နိုင် မှန်းဆနိုင်တဲ့ အိုက်ဒေါက ဘယ်သူဖြစ်မှာပါလဲ။

 
ဗိုလ်ချုပ်ထွန်းမြတ်နိုင် သို့
တိုင်းရင်းသားလွတ်မြောက်မှုတော်လှန်ရေး တပ်တွေထဲက သက်တမ်းအနုဆုံး ဖြစ်ပေမယ့် လက်နက်ကိုင် အင် အား ဒုတိယအကြီးဆုံးအဆင့်လောက်ထိ ရှိလာတဲ့ ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ လက်နက်ကိုင်တော်လှန်ရေးတွင်းကို ဝင်ရောက်သွားကြတဲ့ မြန်မာလူငယ် အများစု အတွက် အိုက်ဒေါ ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ငယ်ရွယ်မှုနဲ့ စမတ်ကျမှုအပြင်၊ သူ့ရဲ့ ရုပ်ရည် ဥပဓိဟာ မြန်မာလူ ငယ်တွေအတွက် အထင်ကြီး အားကျစရာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရက္ခိုင့်တော်လှန်ရေးကို လက်တွေ့အားဖြင့် ကာယကံမြောက် မ,တည် ထူထောင်မှုကို အောက်ခြေအဆင့်ကနေ စနစ်တကျ တည်ဆောက်လာခဲ့ပုံဟာ၊ နွေဦးတော်လှန်ရေးအတွင်းက မြန်မာလူငယ်တွေအတွက် လေးစားအားကျစရာ ဖြစ်ခဲ့ပါတယ်။ 


ရက္ခိုင့်တပ်တော်ရဲ့ ပဲ့ကိုင်ရှင်
ရက္ခိုင့်တပ်တော်ဟာ ၂၀၀၉ ခုနှစ်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမှာ စတင် လူငယ် (၂၆) ယောက် သေနတ်တစ် လက်နဲ့ စတင်သန္ဓေတည်ခဲ့ကြပါတယ်။ ဒီလို အောက်ခြေကနေ ရက္ခိုင့်တပ်တော်ကို သန္ဓေတည်လာခဲ့ရာကနေ နွေဦးတော်လှန်ရေးအတွင်းမှာ တပ်သားအင်အား (၃) သောင်းကျော် (၄) သောင်းနီးပါး အထိ အင်အားကြီးထွားလာတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တော် အဖြစ် တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ အဲသည့်လို အင် အားကြီးထွားလာအောင် တည်ဆောက်တဲ့နေရာမှာလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆန္ဒဇောကြီးမား ထက်သန်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နဲ့ မဟာမိတ် စုဖွဲ့ရေး အမြင်သဘောထားတွေဟာ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ကြတဲ့၊ မြန်မာလူငယ်အများစုရဲ့ လေးစားအားကျဖွယ်ရာဖြစ်ခဲ့ပါတယ်။ 


တချိန်က ရက္ခိုင်လူငယ်လေး တစ်ယောက်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ရက္ခိုင်အမျိုးသားတော်လှန်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အိပ်မက်မက်ခဲ့သူ ဖြစ်ပါတယ်။ ရက္ခိုင်အမျိုးသားရေးစိတ် ပြင်းထန်ပြီး လက်တွေ့ကျတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ စစ်တွေမြို့ အထက (၂) မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ ဆယ်တန်း ကျောင်းသားအရွယ်ကတည်းက ရက္ခိုင်တော်လှန်ရေးသမား ဖြစ်ချင်စိတ် လွန်ကဲခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ရက္ခိုင်လွတ်မြောက်ရေးကို လုပ်ရမယ်လို့ စိတ်အား ပြင်းပြခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဆယ်တန်းအောင်ပြီးတဲ့အခါ စစ်တွေတက္ကသိုလ်မှာပဲ ဥပဒေတန်းကို အဝေးသင်နဲ့ ဘွဲ့ယူခဲ့သူဖြစ်ပါတယ်။ 


သူ တက္ကသိုလ်ကျောင်းသားဘဝ အသက် (၂၀) လောက်မှာပဲ ရက္ခိုင်အမျိုးသား ညီညွတ်ရေးပါတီ / ရက္ခိုင်ပြည်တပ်မတော် (NUPA/AA) ထဲကို ဝင်ဖို့ NUPA ခေါင်းဆောင် ခိုင်ရာဇာနဲ့ ဆက်သွယ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို သွားခဲ့ပါတယ်။ သူ ရောက်ရှိသွားချိန်မှာတော့ ခိုင်ရာဇာ အပါအဝင် ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေကို အိန္ဒိယက ဖမ်းပြီး သတ်ပစ်ခဲ့ကြပါတယ်။ အဲသည့်အချိန်မှာ ရက္ခိုင်ပြည်ကို ပြန်လာပြီး အင်္ဂလိပ်စာကို ကြိုးစား သင်ခဲ့ပါတယ်။ ဒီလိုသင်တာကလည်း သူပုန်လုပ်ဖို့ သင်ယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာကို ကြိုးစားသင်ပြီး ရန်ကုန်တက်၊ ဧည့်လမ်းညွှန် အလုပ်ဝင်လုပ်ရင်း ရက္ခိုင်တော်လှန်ရေးအတွက် ဦးဆောင် သန္ဓေတည်ဖို့ ဆိုင်းပြင်းနေခဲ့ပါတယ်။ အဲသည့်မှာ တက္ကသိုလ်တစ်ခုမှာ ဆုံဖူးတဲ့ ရက္ခိုင်လူငယ် ဆေးတက္ကသိုလ်ကျောင်းသား ဇော်မျိုးသက်နဲ့ ပြန်ဆုံပြီး ရက္ခိုင့်တပ်တော်ကို သန္ဓေတည်ဖို့ ပိုမိုလေးနက်လာခဲ့ပါတော့တယ်။ 


ထွန်းမြတ်နိုင် နဲ့ ဇော်မျိုးသက်
သူနဲ့ ဇော်မျိုးသက်တို့ ပေါင်းပြီးတော့ ရက္ခိုင် စာပေ ယဉ်ကျေးမှုအသင်းတွေကနေ တစ်ဆင့် ရက္ခိုင်အမျိုးသားရေးအတွက် ရက္ခိုင်လူငယ်ပညာတတ်တွေကို စည်းရုံးရေးလုပ်ငန်းတွေ စခဲ့ပါတော့တယ်။ “ထွန်းမြတ်နိုင်က အိပ် မက်တော်တော်ကြီးတယ်။ တော်တော်လေးကို Mobilizing လုပ်နိုင်တယ်။ စည်းရုံးနိုင်တဲ့ စွမ်းရည်တွေ သူ့မှာ ရှိတယ်။ သူက Social ကောင်းတယ်။ သူ့ရဲ့ တော်လှန်ရေးအတွေးအခေါ်က တခြား ရက္ခိုင်လူငယ်တွေနဲ့ ကွဲထွက်ပြီး ရှေ့တန်းရောက်နေခဲ့တယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပေါ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက မှတ်ချက်ပေးခဲ့ရတာ တွေ့ရပါတယ်။ 


နွေဦး နဲ့ လက်နက်ကိုင်လမ်းစဉ်
ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ရက္ခိုင့်တပ်တော်ရဲ့ ဂုဏ်သတင်းဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ တိုင်းရင်းသားနယ်မြေတွေကို သွားရောက်တဲ့ မြန်မာလူငယ်တွေကို ရက္ခိုင်တပ်မှူးတွေကလည်း အခြေ ခံစစ်ပညာတွေကို စနစ်တကျ လေးလေးနက်နက် သင်ကြားပေးခဲ့ပါတယ်။ ရက္ခိုင်တပ်မှူးတွေဟာ အတော်ကြီး စည်းစနစ်ကျတယ်လို့ ဂုဏ်သတင်းကျော်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်ခုခံတော်လှန်စစ်ဟာ တောရော၊ မြို့ရော အပြန့်ကျယ်ပြီး တော်လှန်ရေးဒီရေ တရိပ်ရိပ် မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးဟာ လက်နက်ကိုင်ပုန်ကန်တော်လှန်မှုတွေနဲ့ အုံကြွလာခဲ့ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပလူထုက လက်နက်ကိုင်တော်လှန်ရေးကို အားပေးကူညီလာတာတွေ ရှိခဲ့ပါတယ်။ 

နိုင်ငံတကာသတင်းမီဒီယာတွေကလည်း စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် လက်နက်ကိုင်ခုခံတော်လှန်ခြင်းကို အပြုသဘောဆောင် အားပေး ဖော်ပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်တော်လှန်ရေး ရေချိန်မြင့်ပြီး လူငယ်တွေအ‌ကြား လက်နက်ကိုင်လမ်းစဉ် ရေပန်းစားလာခြင်းဟာ သူတို့ရဲ့ အိုက်ဒေါ အပြောင်းအလဲကို ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တာ တွေ့ရပါတယ်။ 


ဘောကျော်ဟဲ - ဂွမ်မော် - ထွန်းမြတ်နိုင်
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထက် စီနီယာကျတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ အဲသည့်ထဲမှာ စစ်ရေးကို ဦးစီးကွပ်ကဲနေတဲ့ ကရင်က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ၊ ကချင်က ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဂွမ်မော်တို့က မြန်မာလူငယ်တွေကြားမှာ ထင်ရှားပါတယ်။ ဒါပေမယ့် သူတို့ထက် အသက်ပိုမို ငယ်ရွယ်တဲ့ ရက္ခိုင့်တပ်တော်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာလူငယ်တွေရဲ့ အာရုံကို ပိုပြီး လှုပ်နှိုးစေနိုင်တာကို တွေ့ရပါတယ်။ 


အသက် (၈၀) အဖွား အရွယ် အောင်ဆန်းစုကြည်
ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုအတွင်းမှာ နှစ်ပေါင်း (၃၀) ကျော် (၄၀) နီးပါး နင်းဖြတ်လာခဲ့တဲ့ လူထု အ သည်းကျော် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အသက် (၈၀) ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်လူထုတော်လှန်ရေးကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ငြင်းဖျက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအိုက်ကွန် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွက် လူထုခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ပြီး ရွေးကောက်ပွဲ လမ်းကြောင်းထဲ ဝင်လာပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လွှတ်တော်လမ်းကြောင်း၊ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကနေ အကြမ်းမဖက်တော်လှန်ရေးမူကို ကိုင်စွဲပြီး နင်းဖြတ်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အစိုးရဖွဲ့ခွင့်ရခဲ့ပါတယ်။ 


သနားကရုဏာကိုရ / အိုက်ဒေါ မဖြစ်တော့
၂၀၂၀ ရွေးကောက်ပွဲမှာလည်း အစိုးရဖွဲ့ရလောက်အောင် လူထုထောက်ခံမဲ ရရှိပေမယ့် မြန်မာစစ်တပ်ခေါင်း ဆောင်တွေရဲ့အာဏာသိမ်းခြင်းကို ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ထောင်ချဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို မကျေနပ်လို့ မြန်မာပြည်သူလူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလိုအကြမ်း မဖက် ဆန္ဒပြ သပိတ်မှောက်တာကို လက်နက်နည်းနဲ့ အကြမ်းဖက် ဖြိုခွင်းခံရလို့ လူထုဟာ မြန်မာစစ်တပ်အပေါ် အမုန်းတရားကြီးမားခဲ့ပါတယ်။ အဲသည့် အမုန်းတရားကို လက်နက်နည်းနဲ့ အံတုဖို့ ကြိုးစားရင်း မြန်မာ လူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးထဲ ဒုလိုက်ဒေးလိုက် ရောက်ရှိသွားကြပါတော့တယ်။ အသက်အားဖြင့် (၈၀) နီးပါး ရောက်ရှိလာတဲ့ လူထုအိုက်ကွန် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အချိန်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံထားရပါတယ်။ အကျဉ်းကျနေတဲ့ လူထုခေါင်းဆောင်တစ်ယောက် ဟာ မြန်မာလူငယ်တွေရဲ့ သနားကရုဏာကို ရရှိပေမယ့် နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်လမ်းစဉ်လျှောက်တဲ့ မြန်မာလူငယ်တွေရဲ့ အိုက်ဒေါအဖြစ်တော့ လက်ခံခြင်း မခံရတော့ပါဘူး။ နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက်တော်လှန်ရေးကို မငြင်းပယ်သည့်တိုင်၊ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်အစား လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်က မြန်မာလူငယ်တွေရဲ့ သည်းခြေကြိုက် ဖြစ်လာတာတွေ့ရပါတယ်။ ဒီလို အလှည့်အပြောင်းဟာ မြန်မာလူငယ်တွေ ကြားမှာ စံနမူနာ အပြောင်းအလဲတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။
 

အာဏာရှင်ကို ဖိန့်ဖိန့်တုန်စေမယ့် တော်လှန်ရေးစစ်ခေါင်းဆောင်
လက်နက်ကိုင်လမ်းစဉ်လျှောက်ကြတဲ့ မြန်မာလူငယ်တွေဟာ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တပ်ကို ဦးဆောင် ကွပ်ကဲနေတဲ့ စမတ်ကျကျ၊ လူရည်သန့် တော်လှန်ရေးခေါင်းဆောင်တွေကို အားကျ အတုယူခဲ့ကြပါတယ်။ မြန်မာလူငယ်တွေဟာ ဦးအောင်ကြည်ကို မေ့သွားပါပြီ။ မြန်မာလူငယ်တွေဟာ ဦးအောင်ရွှေကို မသိကြတော့ပါဘူး။ ဒါပေမယ့် မြန်မာလူငယ်တွေဟာ ဘော်ကျော်ဟဲကို သိတယ်။ ဂွမ်မော်ကို သိတယ်။ ထွန်းမြတ်နိုင်ကို သိပါတယ်။ အဲသည့်ထဲမှာ လက်နက်ကိုင်လမ်းစဉ် လျှောက်ကြတဲ့ မြန်မာလူငယ်တွေရဲ့ အိုက်ဒေါဟာ ရက္ခိုင့်တပ်တော်ကို ဦးစီး ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြစ်လာပါတော့တယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်လမ်းစဉ် လျှောက်ကြတဲ့ မြန်မာလူငယ်တွေဟာ ဒုတိယ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြစ်ရေးအတွက် အိပ်မက် မက်ကြတဲ့သူတွေ ရှိနိုင်သလို၊ လက်နက်ကိုင်တပ်ရဲ့ အကြီးအမှူးအဖြစ်နဲ့ အာဏာရှင်မြန်မာစစ်တပ်ကို ဖိန့်ဖိန့်တုန်အောင် ခြောက်ခြား တုံ့လှုပ်စေမယ့် စစ်ခေါင်းဆောင်တွေအဖြစ် ရည်မှန်းချက် ထားနေတာ တွေ့မြင်နေရပါတယ်။ နွေဦးတော်လှန်ရေးအခင်းအကျင်းဟာ မြန်မာလူငယ်တွေ ဆုပ်ကိုင်ထားတဲ့ စံတန်ဖိုးတွေနဲ့ စံနမူနာတွေကိုလည်း လှည့်ပြောင်းစေနိုင်ခဲ့ပါပြီ။ 


မင်းသေ့
၂၉ ၊ ဖေဖော်ဝါရီ ၂၀၂၄

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */