" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 17, 2023

ပြည်သူကို လေကြောင်းနှင့်လက်နက်ကြီးဖြင့် စစ်ကောင်စီ တပ် တိုးမြှင့် တိုက်ခိုက်နေကြောင်း သံအမတ်ကြီးဆို

MYANMAR PRESS AGENCY (MPA)
Nov 17, 2023

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုနှင့် လက် နက်ကြီးဖြင့် ပစ်ခတ်မှုတို့အား အဆင်ခြင်မဲ့ တိုးမြှင့်လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့သည်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုဆုံးဖြတ်ချက်မချမီ နိုဝင်ဘာ ၁၅ရက်တွင် သက်ဆိုင်ရာနိုင်ငံအဖြစ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ရာ အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ သည်။

စစ်ကောင်စီတပ်အနေနှင့် ယင်းသို့ တိုက်ခိုက်ခြင်းဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကိုကြိမ် ဖန်များစွာ ကျူးလွန်ထားကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။

“ကျနော်တို့ရဲ့ သံအမတ်ကြီးက ကုလသမဂ္ဂရင်ပြင်ကနေ နိုင်ငံတကာသိအောင် ပြောစရာရှိတာပြော ရ မှာ ပဲဆိုတဲ့ မူကို ကိုင်စွဲပြီး မြန်မာပြည်သူတွေရဲ့ အသံ ကို ထုတ်ဖော်ပြောကြားနေတာပါ။ ပြောရ ရင် သံအမတ်ကြီးက သူ့အလုပ်သူ တာဝန်ကျေပွန်စွာ လုပ် ဆောင်နေတာပါ။သံအမတ်ကြီး ရဲ့ ပြော ကြား ချက်တွေဟာ မြန်မာ့အရေးကို ထိုင်ကြည့်နေကြတဲ့ နိုင်ငံတကာအ သိုင်းအဝိုင်းကို အရှက်ရစေ ပါ တယ်”ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးကပြောသည်။

မြန်မာပြည်သူများသည် လူမဆန်၍ အကြမ်းဖက်သည့် တရားမဝင်စစ်တပ်၏ လုပ်ရပ်များ ကြောင့် ၃၃ လကျော်ကြာ ဒုက္ခကြုံတွေ့နေရကြောင်းလည်း သံအမတ်ကြီးကပြောသည်။

စစ်ကောင်စီတပ်သည် ၁၀၂၇စစ်ဆင်ရေး စတင်ချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ဖြင့် ပစ်ခတ်မှုတို့ကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက် နေကြောင်း ထီးချိုင့်နှင့် လွိုင်ကော်မြို့ပေါ် တိုက်ခိုက်မှုများက သက်သေခံနေသည်ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

“ထီးချိုင့်နဲ့ အခုလွိုင်ကော်ပေါ့။ပြည်သူတွေရှိနေတာသိလျက် ဗုံးကြဲလိုက်တာပဲ။စစ်တပ်က သူတို့ကို ထိရင် ပြည်သူကို ပြန်မဲမယ်ဆိုတဲ့ မူကို တောက်လျှောက်ကျင့်သုံးလာခဲ့တယ်။ဆက်ပြီးတော့လည်းကျင့် သုံးဦးမှာပဲ”ဟု ၎င်းကပြောသည်။

နိုဝင်ဘာ၁၆ရက်၊ည ၉နာရီခန့်တွင်စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုကြောင့် လွိုင် ကော်မြို့၊နာနတ်တောရပ်ကွက်မှ အမျိုးသား၁ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် ကလည်း လွိုင်ကော်မြို့နယ်၊မြေနီကုန်းရွာသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျကာ ၈နှစ် အရွယ်ကလေး(ကျား)တစ်ဦး သေဆုံးခဲ့ကြောင်း Karenni Human Rights Group က ယနေ့ (နိုဝင်ဘာ၁၇ရက်) သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကြောင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၃၁ ဦး သေဆုံးခဲ့ပြီး ယင်းအထဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌ စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ထီးချိုင့် မြို့ရှိ နေအိမ်နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးသွားသည့်အပြင် မင်္ဂလာရန်ကင်းကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒာသီရိ ကျည်စထိမှန်၍ ပျံလွန်တော်မူခဲ့ကြောင်း AAPP ကထုတ်ပြန်ထားသည်။

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */