" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, July 24, 2023

ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့်အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလား ဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

ဧရာဝတီ
24 July 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့နယ်အတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ထိပ်ပိုင်း ခေါင်း ဆောင်တဦးနှင့်အတူ အဖွဲ့ဝင် ၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရာဇဝတ်မှု အထူးနှ်ိမ်နှင်းရေးရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက သတင်း ထုတ်ပြန်သည်။

 ဇူလိုင်လ ၂၁ ရက်က တက္ကနဖ်မြို့နယ်၊ Bahachora Syam lamPur တောင်တန်း၌ ရာဇဝတ်မှုပေါင်းများစွာဖြင့် အလိုရှိနေသော ARSA အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ် အား စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖော်ပြကြသည်။

ထိုစစ်ဆင်ရေးတွင် ကနဦးဟာဗေ့စ်နုရ်မူဟာမတ်အား ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်း၏ ထွက်ဆိုချက်များအားအခြေ ခံ ၍ ARSA အဖွဲ့ဝင် ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရပြည်ထဲရေးဝန် ကြီးဌာန လက်အောက်ခံ အထူးရာဇဝတ်မှု နှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများကပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင် ဂျာ ဒုက္ခသည်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတဦးက “အခု ဖမ်းဆီးခံရတဲ့အဖွဲ့က ရာဇဝတ်မှု တွေ အများကြီးကို ကျုးလွန်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အလိုရှိနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးရမိထားသော ARSA အဖွဲ့ဝင်များမှာ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ်၊ အသက် ၃၀ အရွယ် မိုဟာမတ်ဟူဆိန်း၊ အသက်၂၃ နှစ်အရွယ် မူဟာမတ်ဖာရုပ်၊ အသက် ၃၆ နှစ်အရွယ် မိနီအာမတ်၊ အသက် ၃၉ နှစ်အရွယ် နူရ်အိစ္စလာမ်၊ အသက် ၂၁ နှစ်အရွယ် မာမတ်ယာဆိမ်းတို့ ဖြစ်ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးရမိစဉ် ပစ္စတိုသေနတ်၂ လက်၊ လက်လုပ်သေနတ် ၄ နှင့် တာကာငွေ ၉ သောင်းတို့ သိမ်းဆည်းရမိကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

                                                            ဖမ်းဆီးရမိသည့် လက်နက်များ(Bangla TV)

ဟာဗေ့စ်နုရ်မူဟာမတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း လှုပ်ရှားသည့် ARSA အဖွဲ့အတွက် ရန်ပုံငွေ ခွဲဝေကောက်ခံရေး တာဝန်ယူရသူတဦး ဖြစ်သလို ကူတုပါလောင်ဒုက္ခသည် စခန်းတခုလုံး၏ စစ်ရေး တာဝန်ခံတဦးလည်း ဖြစ်ကြောင်း၊ ၎င်းသည် ဖောက်ခွဲရေးပညာရပ်ကို ကျွင်းကျင်သူတဦးဖြစ်သလို ARSA အဖွဲ့ တွင် နာမည်ကျော် ကြားသူတဦးလည်းဖြစ်ကြောင်း လေ့လာစောင့်ကြည်သူများက သုံးသပ်ပြောကြားသည်။

ကုတူပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတဦးက “ဟာဗေ့စ်နုရ်မူဟာမတ်က ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ် မှု ၉ မှု ကျုးလွန်ထားတယ်။ သူက ARSA အဖွဲ့မှာ ထိပ်ပိုင်းခေါင်းဆောင်တဦးလို့လည်း ပြောလို့ရတယ်။ ကုတူပါ လောင်စခန်း မှာနေတုန်းကလည်း သူတို့ အာဆာမှန်းသိပေမယ့် ဘယ်သူမှ ဘာမှမလုပ်ရဲဘူး။ ရာဇဝတ်မှုတွေ ကျုးလွန်တာ များလာတော့မှ စခန်းကနေ ခဏ တိမ်းရှောင်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ARSA အဖွဲ့ကို အဓိအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်တွင် တဖွဲ့၊ မောင်တောမြို့နယ်တွင် တဖွဲ့၊ ဘူးသီးတောင် မြို့နယ်တွင် တဖွဲ့ စသဖြင့် ၃ ဖွဲ့ခွဲ၍ ဖွဲ့စည်းထားပြီး၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် မြို့နယ် ၃ ခု၌ လှုပ် ရှားလျက်ရှိကာ မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ လူမှောင်ခိုကူးမှုစသည့် ရာဇဝတ်မှုများကို ကျုးလွန် လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်လည်း ရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် မှုခင်းများကို ကျူးလွန် လျက်ရှိသလို အချင်းချင်းဂိုဏ်းများကွဲကာ သတ်ဖြတ်ခြင်းများ၊ လူမှောင်ခိုကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ၎င်းတို့အား မထောက်ခံသူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများကို ကျုးလွန်လျက်ရှိသည့်အတွက် ARSA အဖွဲ့သည် အား လုံးအတွက် ဘုံရန်သူ ဖြစ်လာကြောင်း ရိုဟင်ဂျာများက ဆိုသည်။

ARSA အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ၎င်းတို့ နယ်နိမိတ်အတွင်းမှ ရှင်းလင်းရန် လိုက်လံဖမ်းဆီးနေသလို ARSA အဖွဲ့နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကြားတွင်လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရိုဟင်ဂျာဒုက္ခသည် စခန်းများတွင်လည်း မခံမရပ်နိုင်ဖြစ်ကာ တန်ပြန်ခုခံတိုက်ခြင်းများရှိလာသည့်အတွက် ဒုက္ခ သည်စခန်းများတွင် လုံခြုံမှုမရှိဘဲ ရာဇဝတ်မှုခင်းများ ကျယ်ပြန့်စွာ ဖြစ်ပွားနေကြောင်းလည်း သိရသည်။

ARSA အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက်၂၈ နှစ်အရွယ် ဟာဗေ့စ်နုရ်မူဟာမတ် (Bangla TV

ယင်းပြင် ဇူလိုင်လ ၁၉ ရက်ကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုတောကြောတွင် ARSA အဖွဲ့ နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ARSA လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၅ ဦးထက်မနည်း သေ ဆုံးကာ AA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းများက ပြောသည်။

ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်အတွင်းက ရိုဟင်ဂျာ ကျေးရွာသားများကို ငွေညှစ်ခြင်း၊အနိုင်ကျင့် ဗိုလ် ကျကာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကျူးလွန်သည့်အတွက် တရားခံများကို ရှာဖွေ ဖမ်းဆီးစဉ် ARSA နှင့် AA တို့ကြား ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရ သည်။

ရိုဟင်ဂျာရပ်ရွာလူကြီးတဦးက “ARSA အဖွဲ့က ဘင်္ဂလားဘက်မှာတော့ နေလို့မရတော့ဘူး။ သူတို့ အဓိကတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းက တောင်ကြောတွေမှာ နေပြီးတော့ နယ်စပ်ဖြတ်ကျော်ပြီး ကျူး လွန်နေတာ။ ဒီဘက်က စစ်တပ်နဲ့ AA တို့ကသာ အပြီးတိုက်ထုတ်မယ်ဆိုရင် သူတို့ အမြစ်ပြတ်တာကြာပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ARSA အဖွဲ့ဟု အမည်ပေးထားသည့် လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သော ၂၀၁၆၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်ပြီးနောက် စတင်ပေါ်ပေါက် လာသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂၀၁၇ ခုနှစ် မောင်တော အရေးအခင်းကာလတွင် စစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာကျေးရွာသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက်ခိုလှုံနေကြသည့် နောက် ပိုင်းကတည်းက နှစ်နိုင်ငံ နယ်စပ် ခြေကုပ်ယူပြီး ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားမှုရှိခဲ့ကြောင်းသိရသည်။

တဖက်နိုင်ငံ ဒုက္ခသည် စခန်းများတွင် လူသစ်စုဆောင်းခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်သည့်အတွက် မြန်မာနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အကြမ်းဖက်အဖွဲ့ ကြေညာထားသလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ARSA အဖွဲ့၏ လုပ်ရပ်အပေါ် လက်မခံနိုင်သည့်အတွက် လိုက်လံ ဖမ်းဆီးမှုများရှိ ကြောင်းလည်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */