" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 8, 2023

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကန် ဒေါ်လာ ၂၆ သန်း ထပ်မံကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ မတ်၊ ၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့ မတ်လ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ မနေ့ကျင်းပတဲ့ ၂၀၂၃ ခုနှစ် ရိုဟင်ဂျာအရေး နိုင်ငံတကာအလှုရှင်းများရဲ့ စည်းဝေးပွဲမှာ အမေရိကန်ပြည်ထောင်စုက အဲဒီ ငွေကြေးပမာဏကို ကတိကဝတ်ပြုခဲ့တာလို့ Ned Price က ပြောကြားလိုက်တာပါ။

ဒီငွေတွေကို မြန်မာနိုင်ငံက ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့နိုင်ငံတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ကို ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းခွဲနီးပါး ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့အချိန်ကစလို့ ရခိုင် ပြည်နယ်နဲ့ ရိုဟင်ဂျာပဋိပက္ခအတွက် အမေရိကန်က ကနေ့အချိန်ထိ ဒေါ်လာ ၂.၁ ဘီလီယံ ကူညီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့လည်း Ned Price က ပြောပါတယ်။

အခုထပ်ပေးမယ့် အကူအညီတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဘက်စလုံးမှာရှိနေပြီး အခက်အခဲကြုံတွေ့နေရတဲ့သူတွေအတွက် အမေရိကန်ရဲ့မိတ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ်လိုအပ်တဲ့ စာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်လက် ပံ့ပေးနေနိုင်မှာဖြစ်တယ်လို့လည်း Ned Price က ပြောပါတယ်။ ဒါ့အပြင် ဒီအကူအညီတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ သိန်းခွဲနီးပါးအတွက်အလည်း အထောက်အကူ ပြုစေမယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာပဋိပက္ခ ၆ နှစ်နီးပါး ကြာလာတဲ့အချိန်မှာ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုက ကျေးဇူးတင်ကြောင်းနဲ့ ဒီပဋိပက္ခ ရေရှည်ပြေလည်နိုင်မယ့် နည်းလမ်းထွက်ပေါ်လာရေးအတွက် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်အပါအဝင်၊ ရိုဟင်ဂျာဒုက္ခသည်တွေ၊ လုပ်ဖော်ကိုင်ဘက်နိုင်ငံ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သံဓိဌာန်ပြုကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */