" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 7, 2023

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

မဇ္စျိမ
AFP
06 March 2023

Photo - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု၌ ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် တဲအိမ် ၂,၀၀၀ ခန့် မီးထဲပါပျက်စီးသွားပြီး လူ ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းများအနက် တစ်ခုဖြစ်သည့် ကူတူပါလောင်ရှိ စခန်းအမှတ် ၁၁ တွင် ဒေသစံ တော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးသည် ဝါး၊ တာပေါ်လင်စတို့ဖြင့် ဆောက်ထားသည့် တဲအိမ်များကို လျင်မြန်စွာ ဝါးမျိုသွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်ရေးရာ မဟာမင်းကြီး မီဂျနာ ရာမန်က အေအက်ဖ်ပီကို ပြောသည်။

“တဲအိမ် ၂,၀၀၀ လောက် မီးထဲပါသွားတယ်။ အတင်းအကျပ် နေရပ်စွန့်ခွာထားကြရတဲ့ မြန်မာနိုင်ငံသား ၁၂,၀၀၀ လောက်လည်း ဒီမီးလောင်မှုမှာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြရတယ်” ဟု သူက ပြောသည်။

မီးလောင်မှုကြောင့် ဗလီ ၃၅ လုံးနှင့် ဒုက္ခသည်များအတွက် သင်ကြားရေးစင်တာ ၂၁ ခုလည်း ပျက်စီးသွားခဲ့ပြီး လူသေဆုံးမှု သို့မဟုတ် ဒဏ်ရာရမှု သတင်းထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း သူက ပြောသည်။

“ကျွန်တော်နေတဲ့ အိမ်လေး မီးထဲပါသွားပြီ။ ကျွန်တော့်ဆိုင်လေးလည်း ပါသွားတယ်” ဟု အသက် ၃၀ နှစ်အ ရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည့် မာမန် ဂျိုဟာက ပြောသည်။

“မီးကြောင့် ကျွန်တော့်မှာ ရှိသမျှ အားလုံး ပါသွားပြီ”

အဆိုပါ မီးလောင်မှုကို အချိန်သုံးနာရီခန့်အတွင်း ထိန်းချုပ်နိုင်ခဲ့သည်။

မည်သည့်အကြောင်းရင်းကြောင့် မီးစလောင်ခဲ့သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် အာဏာပိုင်များက ညွှန်ကြားထားသည်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးခန့် ပေရေစုတ်ချာသော အခြေအနေများဖြင့် နေထိုင်ကြရသည့် အဆိုပါ ဒုက္ခ သည်စခန်းများတွင် မီးလောင်မှုက ဖြစ်နေကျဖြစ်သည်။

အဆိုပါ စခန်းတွင် နေထိုင်ကြသူအများစုသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေထိုင်နေကြသူများဖြစ်သည်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ၌ ၂၀၂၁ ဇန်နဝါရီနှင့် ၂၀၂၂ ဒီဇင်ဘာအကြား ရှို့မီးဖြစ်စဉ် ၆၀ ခု အပါအဝင် မီး လောင်မှုဖြစ်စဉ် ၂၂၂ ခု ဖြစ်ပွားခဲ့ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်သည့် ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီး ဌာန၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

၂၀၂၁ ခုနှစ် မတ်လက အဆိုပါ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အဆိုးဆုံးသော မီးလောင်မှုကြီးတစ်ခု ဖြစ် ပွား၍ လူ ၁၅ ဦးထက်မနည်း သေဆုံးကာ လူ ၅၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

(ကိုလူအေး ဘာသာပြန်သည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */