" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 7, 2022

ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)ရိုဟင်ဂျာတွေက တိုင်း ရင်းသားတွေ ဟုတ်ရဲ့လား

တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၅)
ရဲဟိန်းအောင်
ဧပြီလ(၅) ရက် ၂၀၂၂


ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဗမာပြည်က ပြည်သူလူထုတွေကြားထဲမှ အ ပြောများဆုံး ဇာတ်ကြောင်းတွေ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ဒီတပတ် ပြောပြမယ့် အ ကြောင်း အရာကတော့ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး အမေးမြန်းခံရဆုံးမေးခွန်းအကြောင်းပါ။ ကျနော့် အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဆိုင်ရာနဲ့ လူမျိုးစု ရေးရာ ကိစ္စတွေ၊ သူတို့ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွေကို ကာလတခု အချိန်ယူပြီး လေ့ လာဖြစ်ခဲ့တယ်။ နောက်ပိုင်မှာ စာတမ်းနဲ့ အစီရင်ခံစာတချို့ ရေးသားဖြစ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေး ပါတီတချို့ကို ဟောပြောပို့ချတာ၊ သင်တန်းပေးတာ၊ ဆွေးနွေးတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့လို လုပ်ခဲ့တဲ ကာလတလျှောက် အမေးခံရဆုံးမေးခွန်းကတော့ “ရိုဟင်ဂျာ တွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းပါ။


ဒီမေးခွန်းက နွေဦးတော်လှန်ရေးကာလမတိုင်ခင်ကရော အခုလို ပြည်သူတွေ အမြင်ပိုပွင့်လာတဲ့ ကာလအထိရော ကျနော်အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ်။ မေးခွန်းရဲ့ နောက်ဆက်တွဲနဲ့ အတူ တွဲလျက်ပါလာတဲ့ အမြင်တွေလည်း ရှိပါတယ်။ အဲ့ဒါက သူတို့က တိုင်းရင်းသား အခွင့်အရေးကို ဘာလို့ လိုချင်နေကြတာလဲ။ နောက် တိုင်းရင်းသား ဖြစ်ပြီးရင် နိုင်ငံရေး အာဏာတွေ ဘာတွေရသွားရင် ဘယ်လို လုပ်မလဲဆိုတာတွေပါ။ ဒါတွေက ကျနော်တို့လူ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ် ယုံကြည်မှု မတူတဲ့ သူတွေနဲ့ ပတ်သက်ပြီးရှိနေတဲ့ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်ကို ထင်ဟပ်နေပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ၊ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အမြင်ဗဟု သုတ ကန့်သတ်ခံရတဲ့ အခြေအနေတွေကို စစ်တပ်အပါအဝင် အာဏာရှိတဲ့ သူတွေ ကအသုံးချပြီး ရိုဟင်ဂျာ လူ မျိုး စုတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်ခွဲခြားမှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ 


“ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ဒီမေးခွန်းမှာ ပါ နေ တဲ့ အရေး အကြီးဆုံးက တိုင်းရင်းသားဆိုတဲ့ ဝေါဟာရ။ “တိုင်းရင်းသား” လို့ဆိုလိုက်တာနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃စု အတွင်း ကျနော်တို့ လူ့အဖွဲ့အစည်းကသူတွေ ပြေးမြင်ကြတာက ၁၃၅ ဆိုတဲ့ စာရင်းပါ။ ဒီစာရင်မှာပါရင် တိုင်း ရင်းသားဖြစ်ပြီး ဒီစာရင်မှာ မပါရင် တိုင်းရင်းသား မဟုတ်ပါဘူး။ ဒီအယူအဆက အခုချိန်ထိတောင် အရှိန်အဟုန် တခုနဲ့ လွှမ်းမိုးနိုင်ဆဲ ရှိပါသေးတယ်။ ဒီစာရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတဲ့ အပိုင်းတွေကို ဆန်းစစ်ဖို့နဲ့ သုံးသပ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အဲ့လို ပျက်ကွက်ခဲ့ကြတဲ့ သူတွေထဲမှာ သက်ဆိုင်ရာ ပညာရေးအဆောက်အအုံကသူတွေ၊ အုပ်ချုပ်သူတွေ၊ လွတ်လပ်တဲ့ ပညာရှင်တွေ အတော်များများပါပဲ။ ရိုဟင်ဂျာ လူမျိုးစုတွေပတ်သက်ပြီး ပြောကြရင် တော်တော်များများရဲ့ အလွယ်ကောက်ချက်ကတော့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူး၊ မပါတဲ့ အတွက် တိုင်းရင်းသား မဖြစ်နိုင်ဘူးဆိုပြီး ဖြစ်ပါတယ်။ 


ဒီနေရာမှာ တိုင်းရင်းသား ဖြစ်မှုနဲ့ ပတ်သက်ပြီး အာဏာရှင်တွေရဲ့ တည်ဆောက်ထားတဲ့ အချက်အလက် တွေကို လည်း ကျနော်တို့က ရှင်းရှင်းသိထားဖို့ လိုအပ်ပါတယ်။ ဗမာပြည်မှာ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစလို့ နိုင်ငံ သားဖြစ်မှု ဥပဒေတွေ ပြဌာန်းကျင့်သုံးခဲ့ပါတယ်။ အခု ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အတိုင်ခင်အထိ အသက် ဝင်ကျင့်သုံးခဲ့တဲ့ ဥပဒေကတော့ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၄) အဖြစ် အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ဥပဒေပါ။ ၁၉၈၂ နိုင်ငံသား ဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၃) မှာတော့ “နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ စ၍ ပင်ရင်းနိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုး နွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။” လို့ဖော်ပြထားပါတယ်။ 

ဒီအချက်အရ မြန်မာနိုင်ငံသားဖြစ်ဖို့ တနည်းမွေးရာပါ နိုင်ငံသားအခွင့်အရေး ရဖို့ဆိုရင် ၁၈၂၃ခုနှစ် မတိုင်ခင် လက်ရှိ ဗမာပြည်ရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်ခဲ့ကြောင်း ရှိနေကြောင်း သက်သေပြနိုင်ဖို့ လိုအပ်လာပါတယ်။ နောက် တချက်က တိုင်းရင်းသားဆိုတာ ဘယ်သူတွေလဲဆိုတဲ့ ကိစ္စပါ။ ဗမာပြည်မှာ တိုင်းရင်းသား (၁၃၅) မျိုးရှိ ကြောင်းနဲ့ ဘယ်သူတွေက တိုင်းရင်းသားဖြစ်ကြောင်းကို ပထမဆုံးဖော်ပြခဲ့တာက ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ထုတ် လုပ်သားပြည်သူ့သတင်းစာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရင်းနဲ့ ပတ်သက်လို့ ဘယ်လိုအခြေခံ အချက်တွေပေါ်မှာ ပြုစုထားတယ်ဆိုတာကလည်း တိကျတဲ့ သတ်မှတ်ချက်ကို အစိုးရ အဆက်ဆက် အခုအချိန် ထိ ဖော်ပြနိုင်ခြင်း မရှိပါဘူး။ 


ဒါတွေကတော့ ဗမာပြည်မှာ ရိုဟင်ဂျာ လူမျိုးစုတွေက တိုင်းရင်းသား ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့ သက်ဆိုင်တဲ့ အချက်တွေပါ။ အဲ့တော့ ဗမာပြည်ထဲမှာ နှစ်ပေါင်းရာနဲ့ချီပြီး တည်ရှိလာတဲ့ လူမျိုးစုတခုဟာ သူရဲ့ မွေးရာပါ နိုင်ငံ သား အခွင့်အရေးတွေ ရရှိဖို့အတွက် ၁၈၂၃ ခုနှစ် မတိုင်မီက ဗမာပြည်ထဲရောက်ရှိနေကြောင်း သက်သေပြဖို့လို အပ်သလိုဖြစ်နေပါတယ်။ နောက် ၁၃၅ မျိုးဆိုတဲ့ ခိုင်မာတိကျမှုမရှိပဲ အာဏာရှင် အဆက်ဆက် လိုသလိုတည် ဆောက်ထားတဲ့ စာရင်းတခုကို အသုံးပြုပြီး လူမျိုးစုတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခဲ့ကြပါသေးတယ်။ 

ဒီလိုလုပ်ခဲ့ကြတာက ဖက်ဆစ်စစ်တပ်နဲ့ စစ်အာဏာရှင်တွေတင်မကပါဘူး ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် တာဝန် ရှိသူတွေပါသလို၊ နိုင်ငံရေးနဲ့ ပညာရေး အသိုင်းအဝိုင်းတခုလုံးပါပဲ။ ပြည်သူတွေကတော့ အရပ်စကားနဲ့ ပြောရ ရင် ဒီလူတွေရဲ့ ဂျင်းထဲခြင်း ခံခဲ့ရသူတွေပါ။


ဒီတပတ်ကတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျနော်အမေးခံရဆုံးမေးခွန်းနဲ့ ဆက်စပ်တဲ့ အမြင်တွေကို တင်ပြ ပေးခဲ့တာပါ။ ကျနော်ရဲ့ အဖြေကို အခုမပေးသေးပါဘူး။ ဆက်လက်ဖော်ပြမယ်ဆောင်းပါးတွေမှာ ပါတဲ့ အချက် အလက်တွေကိုပဲ ဆန်းစစ်ပြီး ခင်ဗျားတို့ ကိုယ်တိုင်ဖြေကြားဖို့ပဲ တိုက်တွန်းလိုပါတယ်။ 


“The first duty of a revolutionary is to be educated.”
Che Guevara
တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၅)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */