" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 9, 2019

NLD ရဲ့ ရခိုင်အရေးအပေါ် နုတ်ဆိတ်မှု ဝေဖန်ခံလာရ

ဧရာဝတီ
ထက်နိုင်ဇော်
9 November 2019
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရန်ကုန်-စစ်တွေ ကားလမ်းဘေးတွင် မီးလောင်ပြီး စွန့်ပစ်ထားသော ကားများ / ဇော်ဇော် / ဧရာဝတီ

  လက်ရှိ ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေဆုံးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင် တွေ အသတ်ခံရတာ၊ ပြန်ပေးဆွဲခံနေရတာနဲ့ နောက်ဆုံး သူ့ပါတီက လွှတ်တော်အမတ်တယောက် အဖမ်းခံရတာတောင် ကြေညာချက်တစောင် ထုတ်ပြန်ဖို့ အချိန်ယူနေလို့ အာဏာရ NLD ပါတီဟာ ဝေဖန် ခံနေရ ပါတယ်။

နေပြည်တော်ကို လွှတ်တော်အစည်းအဝေး တက်ဖို့လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ချင်း ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို နိုဝင်ဘာလ ၃ ရက်နေ့က ရက္ခိုင် စစ်တပ် (AA) က လမ်းမှာ ဖမ်းဆီးပြီး ထိန်းသိမ်းထားတာ ယနေ့အထိ ဖြစ်ပါတယ်။

အဲဒီလို ကိုယ့်ပါတီက လွှတ်တော်ကိုယ်စားလှယ်တယောက် အဖမ်းခံရချိန်မှာတောင် သဘောထား တစုံတရာ ထုတ်ပြန်တာမျိုး မရှိဘဲ မီဒီယာတွေ ဆက်သွယ်မေးမြန်းမှ “သင့်တော်တဲ့ ကိစ္စ မဟုတ်ဘူး”ဆိုတဲ့ မှတ်ချက်လောက်ကိုပဲ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောဆိုတာပါ။

ဒေါက်တာ မျိုးညွှန့်က “ဒါတောင် ကျနော်တို့က မေးလာလို့ ဖြေတာပဲ ရှိပါတယ်။ လောလောဆယ်မှာကျနော် တို့ ပါတီက ဘာကြေညာချက်မှ မထုတ်သေးပါဘူး။ ကျနော်တို့က တိုင်းရင်းသားချင်း ဖြစ်တဲ့ အငြင်းပွား မှုတွေ ခိုက်ရန် ဖြစ်ပွားမှုတွေ အချင်းချင်း ယုံကြည်မှု ပျက်ပြားစေမှာကို ရှောင်ရှားချင်တဲ့ အတွက် ဖြစ်နိုင်သရွေ့ ဝေဖန် ပြော ဆိုမှုကို ရှောင်ရှားတာပါ” လို့ ဆိုပါတယ်။

အခု အဖမ်းခံရတဲ့ ဦးဝှေ့တင်းဟာ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တာမို့ ပါတီရဲ့ သဘောထား ထင်မြင်ချက်ကို မေးလာရင် ဖြေဖို့ တာဝန်ရှိလို့ ဖြေကြားတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ သြဇာကြီးမားတဲ့ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကတော့ သူတို့ ပါတီဝင် မဟုတ်တဲ့ ချင်းတိုင်းရင်းသား ဦးဝှေ့တင်းနဲ့ အခြား အဖမ်းခံထားရတဲ့ ချင်းတွေကို ပြန်လွှတ်ပေးဖို့ နိုင်ဝင်ဘာလ ၄ ရက် နေ့က တည်းက စာထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။

၎င်းတို့ပါတီ၏ ထုတ်ပြန်ချက်တွင် “တိုင်းရင်းသား လူမျိုး အချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို အထူးရှောင်ကြည်သင့်ကြောင်း တိုက်တွန်းပါသည်”လို့ ရေးသားခဲ့ပါတယ်။

အာဏာရ NLD ပါတီကတော့ သဘောထား ထုတ်ပြန်ဖို့နဲ့ ပတ်သက်ပြီး လွှတ်တော်က အရင်ဆုံး သဘောထား တခု ထုတ်ပြန်မည်ဟု သိထားကြောင်း၊ အဲဒီလို ထုတ်ပြန်ပြီးမှ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင်အဖွဲ့က သဘော ထား ထုတ်ပြန်သင့်တယ်လို့ ဆုံးဖြတ်ရင် ပါတီအနေနဲ့ ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

“ကျနော်တို့က သဘောထား မထုတ်ပြန်တဲ့အခါမှာလည်း ဝေဖန်ခံရပါတယ်။ သဘောထား ထုတ်ပြန်တဲ့အခါ မှာလည်း ဝေဖန်တာတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ကတော့ အဖွဲ့ ချုပ်ရဲ့ ဆောင်ရွက်ချက်တိုင်းကို သတိနဲ့ပဲ တုန့်ပြန်ပါတယ်”လို့ ဒေါက်တာ မျိုးညွှန့် ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့အထိတော့ NLD ပါတီ ကြီးစိုးထားတဲ့ လွှတ်တော်ကလည်း ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ သ ဘောထား ထုတ်ပြန်ချက် တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်လည်း ဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌလည်း ဖြစ်သူ ဦးထွန်း ထွန်းဟိန်ကတော့ အခု ဖြစ်စဉ်ကို အချိန်နှင့်အမျှ စောင့်ကြည့်နေပြီး အလေးထား ဆောင်ရွက် နေတယ် လို့ နိုဝင်ဘာလ ၈ ရက်နေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုပါတယ်။

“အန်ကယ်တို့ သေချာစောင့်ပြီး စောင့်ကြည့်နေပါတယ်။ သူ့ရဲ့အန္တရာယ်ကိုလည်း ပူပါတယ်။ အလေးထားပြီး ဆောင်ရွက်နေပါတယ်။ အန်ကယ်တို့ဘက်က အမှားအယွင်းကြောင့် တခုခုဖြစ်သွားမှာကို အန်ကယ်တို့ စိုး ရိမ်ပါတယ်”လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

နိုင်ငံရေး လေ့လာသူတဦး ဖြစ်သူ ဦးရဲထွန်းကတော့ အသက်စွန့်သွားတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ ဝင်တွေ ရှိခဲ့သလို ဦးဝှေ့တင်း အဖမ်းမခံရမီ ရွှေနဒီ သဘောင်္ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် NLD ပါတီဟာ ဝမ်း နည်းကြောင်း ထုတ်ပြန်တာမျိုး လုံးဝ မလုပ်ခဲ့ဖူးလို့ ဆိုပါတယ်။

“အခု သူတို့ လွှတ်တော် အမတ် ဖြစ်တဲ့အခါကျတော့မှ ဒါက လုံခြုံရေးကို ထိခိုက်တဲ့ကိစ္စ ဖြစ်တယ် ဆိုပြီး တော့ လွှတ်တော် ကော်မတီဝင် တယောက်က ပြောတာတို့ နည်းနည်း ကိုယ့်လူရင်း ကို ထိလာမှ ပြောတဲ့ သဘောမျိုး ဖြစ်လာတယ်။ မှန်ကန်တဲ့ သဘောထား မရှိဘူး”လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒါပေမယ့် NLD အာဏာမရမီ သမ္မတ ဦးသိန်းစိန် လက်ထက်က ကချင်ပြည်နယ် လိုင်ဇာမှာ ရှိတဲ့ ကေအိုင် အေ ဗိုလ် သင်တန်းကျောင်း လက်နက်ကြီးမှန်တော့ ချက်ချင်းဆိုသလို ကြေညာချက် ထုတ်ပြန်ခဲ့တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဦးရဲထွန်းက “အဲဒီကို ပစ်လိုက်တဲ့အခါကျတော့ သူက ဝမ်းနည်းကြောင်း ကြေညာချက်တွေ ဘာတွေထုတ်ပြီးတော့ အဲဒီဘက်က ရပ်တည်တဲ့ သဘောထားကို ပြခဲ့တယ်။ အမှန်တကယ်ဆိုရင် သူက ဒါဟာ မလုပ်သင့်တဲ့ ကိစ္စလေ”လို့ ဆိုပါတယ်။

အစိုးရကို ပြုတ်ကျအောင် လက်နက်ကိုင် တိုက်နေတဲ့ ဘယ်အဖွဲ့ အစည်းမဆို နိုင်ငံတော် ပုန်ကန်မှုလုပ်နေကြခြင်း ဖြစ်ကြောင်း၊ ဒီလို အချိန်မှာ နုတ်ဆိတ်နေသင့်ပေမယ့် ကြေညာချက် ထုတ်ခဲ့ကြောင်း သူက ထောက်ပြပါတယ်။

အာဏာရ ပါတီအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့တို့ဟာ နိုင်ငံတော်နဲ့ အစိုးရ အာဏာကို အထောက်အကူ ပြု ထားတဲ့ ဒေါက်တိုင်များ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ ဒီအဖွဲ့ တွေမှာ ချို့ယွင်းချက် အားနည်းချက်တွေ ရှိပေမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ပြီး တဖက်က ကြိုးစားရမှာ ဖြစ်တယ်လို့ သီပေါ မြို့နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

“ဒါတွေကို နားလည် သဘောပေါက်နေဖို့ လိုတယ်။ မဟုတ်ရင်တော့ ဒီယန္တရားတွေက ကိုယ့်ရဲ့ အစိုးရကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ သူတို့ကလည်း ခွဲခြား ဆက်ဆံခံရတယ်ဆိုရင် ငါတို့ကို အသိအမှတ် မပြု ဘူး လို့ သူတို့လည်း ခံစားရမှာပဲ”လို့ သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ အာဏာရပါတီအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာရော လတ်တလော ဖြစ်နေတဲ့ ရခိုင် အရေး ဖြစ်စဉ်တွေ အပေါ်မှာရော ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ပြီး သဘောထား မှတ်ချက် ထုတ်ပြန်နိုင်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ နိုင်ငံရေး လေ့လာသူတဦး ဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် လတ်တလော ဖြစ်နေတဲ့ တိုက်ပွဲတွေ ဖမ်းဆီးမှုတွေ နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အာဏာရပါတီရဲ့ သဘောထား ထုတ်ပြန်မှုဟာ မတွေ့ရသလောက်ပဲ ဖြစ်ခဲ့တာကို တွေ့ရတယ်”လို့ သူက ပြောပါတယ်။

AA အဖွဲ့ ရဲ့ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခကတော့ ဦးဝှေ့တင်းကိုတော့ လုံခြုံရေးအရ စစ်ဆေးဖို့ လိုအပ် သေးတဲ့ အတွက် ဆက်ပြီးတော့ ထိန်းသိမ်းထားဦးမှာ ဖြစ်ကြောင်း၊ AA က လိုအပ်လို့ ခေါ်ယူစစ်ဆေးနေတဲ့ကာလအတွင်း မှာ မတရား ညှင်းပန်းနှိပ်စက်တာမျိုးတွေ မလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

“ထိန်းသိမ်းထားတဲ့ နေရာမှာလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတာပါ။ ညှင်းပန်းနှိပ်စက်မှုတွေ မလုပ်ပါဘူး”လို့ ခိုင်သုခက ပြောပါတယ်။

ရခိုင် အမျိုးသား ပါတီ (ANP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ NLD အစိုးရရဲ့ ရခိုင်ပြည် နယ် ဆိုင်ရာ မူဝါဒ အမှားတွေကြောင့် လက်နက်ကိုင် ပုန်ကန်မှု ပိုပြင်းထန်လာတာ ဖြစ်ပြီး ရခိုင် လူငယ်တွေဟာလည်း နိုင်ငံရေးမှာ အားမသန်တော့ဘဲ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ပိုကူးသွားကြပြီလို့ ဆိုပါတယ်။

“နိုင်ငံရေး မှားယွင်းမှုရဲ့ နောက်ကွယ်က ဆိုးကျိုးတွေပေါ့”လို့ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

AA ကိုလည်း ရခိုင်ဒေသမှ အခြေစိုက်ဖို့ ခွင့်ပြုသင့်တယ်လို့လည်း သူက ဆိုပါတယ်။

ရခိုင်ပါတီတခု ဖြစ်တဲ့ ANP ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တပြည်နယ်လုံးနီးပါး အနိုင်ရခဲ့ပေမယ့် ပြည်နယ်ဝန်ကြီး ချုပ် ဖြစ်ခွင့် မရခဲ့တာကြောင့် NLD အစိုးရအပေါ်မှာ အမြင်မကြည်လင်တာမျိုးတွေ ရှိနေတာပါ။

အဲဒါကြောင့်ပဲ ရခိုင်အရေး ကိစ္စရပ်တော်တော်များများမှာ ရခိုင်အမတ်တွေမှာ NLD အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် မှု အားနည်းခဲ့ပါတယ်။ ရက္ခိုင့် တပ်တော် (AA) ကို ထောက်ခံ အားပေးတာမျိုးတွေ လုပ်တာ ကိုလည်းတွေ့ ရပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း ပြဿနာက နောက်ပိုင်းမှာ နိုင်ငံရေး အခြေခံတဲ့ ပြဿနာတခု ဖြစ်တာကြောင့် နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကိုပဲ အရင်ဆုံး ဖြေရှင်းတာ အသင့်တော်ဆုံးလို့ ယူဆကြောင်း NLD ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။

“လက်နက်ကိုင် ဖြေရှင်းခြင်းအားဖြင့် ဒီပြဿနာဟာ တစတစပိုပြီး ကြီးလာပြီးတော့ ဘက် ၂ ဘက် စလုံးမှလည်း အကျိုးမရှိနိုင်ပါဘူး”လို့ သူက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေဟာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင် ခဲ့တာ ဖြစ်ပြီး ရခိုင်မြောက်ပိုင်း မြို့နယ်များဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်း၊ မြောက်ဦးနဲ့ မင်းပြား စတဲ့ မြို့နယ် အားလုံးမှာ ဖြစ်ပွားခဲ့ပြီး အခုဆိုရင် စစ်ဘေးရှောင် ၇ သောင်းအထိ များလာပြီ ဖြစ်ပါတယ်။

AA ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နဲ့ အစိုးရတို့ကြား တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် ရှမ်းပြည် နယ် ကျိုင်းတုံမြို့မှာ တွေ့ ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း၊ AA ကို ရခိုင်ပြည်နယ် အခြေ စိုက်ခွင့်ပြုမှာ မဟုတ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုပြီး အစိုးရကတော့ AA ခေါင်းဆောင် ၄ ယောက်ကို အကြမ်း ဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး “ရခိုင်မှာ မေတ္တာတရား ခေါင်း ပါးနေပြီ”လို့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့် မောင်က ၂၀၁၉ ခုနှစ် မတ်လ အတွင်းက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲစခန်းကို AA က ဝင် ရောက် တိုက်ခိုက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အသတ်ခံရသူ အများစုဟာ ရခိုင် တိုင်းရင်းသားများ ဖြစ်နေတာကို ရည်ရွယ်ပြီးတော့ ဒေါက်တာ ဇော်မြင့်မောင်က အထက် ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ကျရောက် ပေါက်ကွဲမှုကြောင့် အနည်းဆုံး သေဆုံးသူ ၈၀ ဦး၊ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၂၀ ကျော် ရှိလာတဲ့ အပေါ်မှာလည်း ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အမှန်တရား ပေါ် ပေါက် စုံ စမ်းလေ့လာရန် တာဝန် အပြည့်အဝ ရှိတယ်လို့ ပြည်နယ် လွှတ်တော်မှာ ဝေဖန် ထောက်ပြမှုတွလည်း ရှိခဲ့ပါတယ်။

You may also like these stories:
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */