Saturday, November 23, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ICJ မှာရင်ဆိုင်မယ့် ဆုံးဖြတ်ချက် မှန်ကန်မှုပေါ် အမြင်မတူကြ

VOA
ဗွီအိုအေ (မြန်မာဌာန) 
ကိုဉာဏ်ဝင်းအောင်
23 နိုဝင်ဘာ၊ 2019 
 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  
 
ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ရင် ဆိုင်မယ့် ဆုံးဖြတ်ချက်အပေါ် မတူကွဲပြားတဲ့အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါ တယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလ သမဂ္ဂသဘောတူစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ဝင်နိုင်ငံများကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ ကို တရားစွဲထားတာပါ။

မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်မှာ ဖြစ်တယ်လို့ နိုဝင်ဘာ(၂၀)ရက် နေ့စွဲနဲ့ နိုင်ငံတော် အတိုင် ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ မှာ သွားရောက် ရင်ဆိုင်မယ့်ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ မြင်သူကတော့ အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာ တင့် ဆွေဖြစ်ပါတယ်။

“ ဒီ ICJ အမှုက NLD အမှုလည်းမဟုတ်ဘူး၊ တပ်မတော် အမှုလည်းမဟုတ်ဘူး၊ ကျနော်တို့ ပြည်ထောင်စု မြန် မာ နိုင်ငံတော်ရဲ့ အမှုဖြစ်တယ်။ တနည်းအားဖြင့် တရားခံဟာ မြန်မာနိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံ ကို ကိုယ် စားပြုပြီးတော့ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းကိစ္စကို ခုခံကာကွယ်ဖို့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားထဲက အသင့်တော်ဆုံးပုဂ္ဂိုလ်ကလည်း ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်လို့ မြင်တဲ့အတွက် ဒီဆုံးဖြတ် ချက်ဟာ မှန်ကန်တယ်၊ နောက်တခါ ရဲရင့်ပြီးတော့ သတ္တိရှိတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ။”

လာမယ့် ဒီဇင်ဘာ(၁၀)ရက်နေ့ ICJ တရားရုံး ကြားနာမှုဟာ ဥပဒေပညာရှင်တွေ လုပ်ကိုင်ရမယ့်ကိစ္စလောက်သာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖို့ မလိုသေးဘူးလို့ ဂျာမနီနိုင် ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာ အငြိမ်းစားကထိက ဦးခင်မောင်စောက ရှုမြင်ပါတယ်။

“ ကျနော်က အပြင်ကမြင်ရတဲ့ ကြားလူအနေနဲ့ ပြောရရင်တော့ သွားဖို့နည်းနည်းများ စောသေးတယ်လို့ ကျနော်ထင်တယ်။ အခုဟာက တရားစွဲတဲ့ ကိစ္စမဟုတ်သေးဘူး ၊ နှစ်ဦးနှစ်ဖက် ရုံးတင်သင့် မတင်သင့်၊ တ ရား စွဲသင့် မသင့် ဒါကိုပဲ အပြန်အလှန် ချေပကြမှာ။ ဒါက ဥပဒေပညာရှင်တွေက ပြောရမယ့်ကိစ္စ၊ နိုင်ငံခေါင်း ဆောင်ဝင် ပါစရာမလိုသေးဘူးလို့ ကျနော်ထင်တယ်။ သူ့အနေနဲ့ သူက နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတဲ့ အခြေ အနေ ဆိုတော့ သူ့မှာတာဝန်ရှိတယ် ၊ သူကိုယ်တိုင်သွားပြီးဖြေရှင်းမယ် ဆိုတဲ့သဘောမျိုး အဲဒါပြချင်လို့ သူ သွားတယ်လို့ ကျနော်ထင်ပါတယ်။”

ရခိုင်အရေးနဲ့ ပတ်သက်လို့ ICJ တရားရုံးမှာရော၊ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာပါ မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေကြ တာကြောင့် နိုင်ငံတကာအလယ်မှာ ကြီးမားတဲ့ပြဿနာတခုကို ရင်ဆိုင်နေရ တာဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။

“နောင်ဘာဆက်ဖြစ်မလဲ ဆိုတာတွေကို ပေါင်းစပ်ပြီး ကြည့်လိုက်မယ်ဆိုရင် ဒီအမှုအခင်း ကိစ္စကြီးဟာ မြန်မာနိုင်ငံ သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ အလွန့်အလွန်ကြီးမားတဲ့ အခက်အခဲပြဿနာကြီးတခုလို့ ကျနော်မြင် ပါတယ်။ ဒီကိစ္စက ၂၀၁၂ က စတယ်၊ ၂၀၁၂ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ဖြစ်ပါတယ်။ သို့သော်လည်း အခု သိန်းနဲ့ ချီပြီးတော့ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ ကိစ္စတော့ NLD အစိုးရ လက်ထက်မှာ ဖြစ်တယ်။ အဲဒီ တော့ ဖြစ်ခဲ့သမျှတွေဟာအစိုးရ တိုင်းမှာ တာဝန်ရှိတယ်။ အဲဒီ အစိုးရ ၂ ခုနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်တွေ ခံစားနေတဲ့ တပ်မတော်ကတော့ ထပ်ဆုံးက တာဝန်အရှိဆုံးလို့ ကျနော်အဲလိုမြင်ပါတယ်။”

ICJ နဲ့ ICC တရားရုံးတွေရဲ့ အမှုကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ လာမယ့်အနာဂတ်ကာလမှာ မကောင်းတဲ့အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ ဒီအမှုတွေက သူတို့စွပ်စွဲချက်တွေကို ပြပြီး သူတို့ဘက်က နိုင်သွားရင်တော့ မြန်မာပြည်ပေါ်ကို မကောင်းတဲ့အကျိုး သက်ရောက်မှုတွေ ရှိမှာပေါ့ဗျာ။ စီးပွားရေးအရ ပိတ်ဆို့တာတို့၊ နိုင်ငံရေးအရ ပိတ်ဆို့တာတို့၊ အဲဒါ မျိုးတွေ ပေါ် လာ နိုင်တယ်ပေါ့။ ဒါပေမယ့် အဲဒီတရားရုံးတွေမှာ အနည်းဆုံးကတော့ ၃ နှစ် ၊ ၄ နှစ်လောက် ကြာနေမှာပဲ ။ ဒီဇင် ဘာလဆန်းမှာ စောင့်ကြည့်ပါဦး၊ စွဲချက် တင်သင့်၊ မတင်သင့်ဆိုတာက ပထမအဆင့်။ အဲဒီမှာ စွဲချက် မတင်သင့်ဘူးဆိုရင် ပြီးသွားပြီပဲ။”

ဒီဇင်ဘာလကျရင် ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရော၊ မြန်မာနိုင်ငံကပါ နှစ်ဖက်စလုံးက လျှောက်လဲချက်တွေ ပေးရမှာဖြစ် ပါတယ်။ ဂမ်ဘီယာနိုင်ငံဘက်က ငှားရမ်းထားတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Foley Hoag ဥပဒေ အကျိုးဆောင်အဖွဲ့ကတော့ မြန်မာဘက်က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျုး လွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေရှိကြောင်း ပြောဆိုထား ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို လက်မခံပယ်ချထားတဲ့ မြန်မာအစိုးရကတော့ ဒီအမှုကိုရင်ဆိုင်ဖို့ ကျွမ်းကျင် တဲ့ နိုင်ငံတကာဥပဒေ ပညာရှင်တွေကို ငှားရမ်းထားတယ်လို့ ပြောဆိုထားပါတယ်။  

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */